#Local_News
Published_ 4 April 2023
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပသွား မည့် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် အားကစားနည်း(၃၆)နည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၁၉) နည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ပါဝင်ယှဉ်ပြိုင်မည့် အားကစား နည်းများမှာ ဗိုဗီနမ်(အားနစ်၊ Kun Bokator အပါအဝင်)၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ ဘိလိယက်/စနူကာ၊ ဝူရှူး၊ ရိုးရာလှေ၊ ပီတန်း၊ ဂျူဒို၊ Kun Khmer (ရိုးရာလက်ဝှေ့)၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကြက်တောင်၊ E-Sports, ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ အလေးမ၊ ခရစ်ကတ်၊ တင်းနစ် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း(၁၉)နည်းအနက် ဖနွမ်းပင် မြို့၌ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ စစ်တုရင်၊ ခရစ်ကတ်၊ E-Sports ၊ ဘောလုံး၊ ဂျူဒို၊ ဗိုဗီနမ် (အားနစ်နှင့် Kun Bokator အပါအဝင်)၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံးအပါအဝင်)၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ Kun Khmer (ရိုးရာလက်ဝှေ့) စသည့် အားကစားနည်း (၁၇) နည်း ကျင်းပသွားမည်ဖြစ်ပြီး ကမ်ပိုမြို့တွင် ရိုးရာလှေနှင့် ဆီရမ်ရိမြို့တွင် ပြေးခုန်ပစ်အားကစားနည်းမှ (မာရသွန်နှင့် ၂၀ ကီလိုမီတာ လမ်းလျှောက်) တို့ကို ကျင်းပသွားမှာပါ။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) တွင် ပြေးခုန်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်း (ခြင်းလုံး အပါအဝင်)၊ တိုက်ကွမ်ဒို။ ဘော်လီဘော၊ ဗီုဗီနမ် (အားနစ် နှင့် Kun Bokator အပါအဝင်) အလေးမ၊ ဝူရှူး အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၇၃)ဦး၊ အားကစားသမား(ကျား) (၁၇၇)ဦး၊ (မ) (၁၂၆)ဦး၊ ပေါင်း (၃၀၃) ဦး၊ ပူးတွဲလေ့ကျင့်သည့် အားကစားသမား (၁၇)ဦး အပါအဝင် စုစုပေါင်း (၃၉၃) ဦး ဖြင့် ကြိုတင်ပြင်ဆင် စခန်းသွင်း လေ့ကျင့်လျက်ရှိကြပါတယ်။
ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်အသီးသီးတွင်လည်း ၂၀၂၂ ခုနှစ် မတ်လနှင့် ဇူလိုင်လများမှ စတင်၍ ဘိလိယက်၊ ဘောလုံး (အမျိုးသမီး)၊ ရိုးရာလက်ဝှေ့ (Kun Khmer) ၊ တင်းနစ်၊ ရိုးရာလှေ၊ ခရစ်ကတ်၊ အားကစားနည်းများကိုလည်း အုပ်ချုပ်/နည်းပြ(၂၃)ဦး၊ ကစားသမား(ကျား) (၄၆)ဦး၊ (မ) (၆၉)ဦး၊ ပေါင်း (၁၃၈)ဦး၊ ပူးတွဲလေ့ကျင့်သည့် အုပ်ချုပ်/နည်းပြ(၂)ဦး၊ ကစားသမား (၁)ဦး အပါအဝင်စုစုပေါင်း (၁၄၁)ဦးဖြင့်ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှ ထည့်သွင်းကျင်းပမည့် အားကစားနည်း(၃၆)နည်းအတွက် ရွှေတံဆိပ် (၅၈၀)ကျော် ပေးအပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉)နည်းအတွက် ရွှေတံဆိပ် (၃၃၀)ခန့် ပေးအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (၁၉) နည်းမှ ရွှေတံဆိပ် (၁၇) ခု၊ ငွေတံဆိပ် (၂၉)ခု၊ ကြေးတံဆိပ် (၃၆)ခု၊ စုစုပေါင်း ဆုတံဆိပ် (၈၂)ခု မျှော်မှန်းထားရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲ #အားကစားနည်း(၃၆)နည်း #မြန်မာနိုင်ငံက(၁၉)နည်းဝင်ရောက်ယှဉ်ပြိုင်မည် #YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
ကုမ္ပဏီအသစ်အဖြစ် စတင်မှတ်ပုံတင်မည့်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ကုမ္ပဏီများနှင့်ဒါရိုက်တာများ၊ ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများအား လိုက်နာမှုရှိ မရှိ စိစစ်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ ကုမ္ပဏီတစ်ခု စတင်မှတ်ပုံတင်ပြီးနောက် နှစ်လအတွင်းတင်ပြရမည့် နှစ်စဉ်အစီရင်ခံ တင်ပြသည့်အချိန်တွင် ပူးတွဲတင်ပြရမည့်အချက်များကိုဖော်ပြထားသည်၊၊
ပူးတွဲတင်ပြရမည့်အချက်များအနေဖြင့်
(က) ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး MyCO စနစ်တွင် တင်ပြထားသော အစုရှယ်ယာများ၏ ပေးချေရန်တန်ဖိုး- (Paid up capital) အတိုင်း ဘဏ်စာရင်းတွင် ထည့်သွင်းပြီးကြောင်း အထောက်အထား၊
(ခ) ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထားသော တစ်ဦးချင်းစီအတွက် အောက်ဖော်ပြပါ အချက်အလက်များ-
(၁) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် ပုံစံ “က” တွင်ဖော်ပြထားသည့် ဒါရိုက်တာ၏ နေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊
(၂) နိုင်ငံခြားသားများအတွက် “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေး စည်းကမ်း ဥပဒေများ”နှင့်အညီဆောင်ရွက်ထားရှိသောအထောက်အထား(ဥပမာ- immigration Form-C)၊
(ဂ) MyCO စနစ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ်တည်ရှိကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊
(ဃ) ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ ပါဝင်သူ (အစုရှယ်ယာရှင်) သည် လူပုဂ္ဂိုလ် (natural person) ဖြစ်ပါက အထက်အပိုဒ်ခွဲ (ခ) ပါ အထောက်အထားများ၊
(င) ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင်ဖော်ပြထားသည့် ကုမ္ပဏီ၏ပါဝင်သူ (အစုရှယ်ယာရှင်) သည် ဥပဒေရေးရာပုဂ္ဂိုလ် (legal person)/တရားဝင်အဖွဲ့အစည်း(Legal entity) ဖြစ်ပါက အဖွဲ့အစည်းနှင့် သက်ဆိုင်သော အထောက်အထားများ တင်ပြရမည် ဖြစ်သည်ဟုဆိုသည်၊၊
ကုမ္ပဏီအသစ်တစ်ခု စတင်မှတ်ပုံတင်သူများအနေဖြင့် အထက်ဖော်ပြပါ အချက်များကို ဤအသိပေး ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ အပြည့်အဝ လိုက်နာဆောင်ရွက်၍
ymg/tthl
#Local_News #ကုမ္ပဏီအသစ် # စတင်မှတ်ပုံတင်မည့်သူများ #လိုက်နာဆောင်ရွက်ရမည့်အချက်များ #YMG #Yangon_Media_Group
#Local_News
Published-4 April 2023
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေ ဦးစီးဌာန၏ ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရသည့်ပမာဏ ယခင်၇၅၀၀၀၀ကျပ်ကို ယခု ၂၅၀၀၀၀ကျပ် လျှော့ချသတ်မှတ်လိုက်ကြောင်းအသိပေးထားသည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သာ ကျသင့်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းစဉ်အတွက် ယခင်ကျသင့်ငွေမှာ ၇၅၀၀၀၀ ကျပ်ဖြစ်ပြီး ဧပြီလ (၁)ရက်မှစတင်ကာ ပြောင်းလဲလျှော့ပေါ့လိုက်ခြင်းဖြစ်ပြီး ထောက်ခံချက်အတွက် ခွင့်ပြုကာလမှာ ဧပြီလ (၁) ရက် မှ စက်တင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သည် ဓာတ်ခွဲစစ်ဆေးခ မပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ ခွင့်ပြုကာလ (၆) လအတွင်း လျှောက်ထားလာသည့် လုပ်ငန်းများအား စစ်ဆေးမှုပြီးပြည့်စုံပါက ထောက်ခံချက်သက်တမ်းအနေဖြင့် (၁) နှစ်ထုတ်ပေးသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနသိရသည်။
ထို့အပြင် ဘေးဖြစ်နိုင်ခြေနည်းသည့် အစားအသောက်များနှင့် ဘေးဖြစ်နိုင်ခြေအလယ်အလတ်အဆင့်ရှိ အစားအသောက်များအနေဖြင့် Myanmar Food Laboratory Network ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် (၃) လအတွင်း စစ်ဆေးထားသော စစ်ဆေးချက်အဖြေများနှင့်တကွ တင်ပြလာပါက FDA ၏ ဓာတ်ခွဲခန်းများတွင် ထပ် မံစစ်ဆေးရန် မလိုအပ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
ယခုအစီအစဉ်တွင် အထူးထိန်းချုပ်အစားအသောက်များဖြစ်သည့် အမှတ်တံဆပ်ပါ ဘူးသွင်းသောက်ရေသန့်၊ အမှတ်တံဆပ်ပါ စားသုံးဆီများနှင့်ဘေးဖြစ်နိုင်ခြေများသည့် အစားအသောက် High Risk Foodများ အကျုံးမဝင်ကြောင်းသိရသည်။
#ymg/mt
#Local_News #အစားအသောက် #ထောက်ခံချက် #Online E-Submission
လျှောက်ထားကျသင့်ငွေ #YMG #Yangon-Media-Group
#Local_News
Published_ 4 April 2023
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar သည် ဒုတိယဝန်ကြီးချုပ်နှင့် ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဦးခင်မောင်ရီ၊ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမျိုးမြင့်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသန့်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးကိုကို တို့ကိုဧပြီ (၃) ရက်က နေပြည်တော်၌သီးခြားစီသွားရောက်တွေ့ဆုံ၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပိုဆောင်ရေး စီမံကိန်း၊ ကုလားတန် မြစ်ကြောင်းတစ်လျှောက် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ရေကြောင်းတိုင်းတာရေးနှင့် သောင်တူးဖော်ရေးကိစ္စ၊ လေကြောင်းလိုင်း တိုးချဲ့ပျံသန်းရေး နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် နှစ်နိုင်ငံအစိုးရတို့အကြား ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောများထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်း အစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေးလည်း ပါဝင်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မှု အလားအလာတို့ကိုလည်း ဆွေးနွေးကြပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း အလားအလာများ၊ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အသိပညာများ မျှဝေပေးရေးကိစ္စရပ်များလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နယ်စပ်ကုန်သွယ်မှု ဖွံဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆွေးနွေးကြပါတယ်။
အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်သော ပလက်ဝ-ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ ယာကြီး-ကလေးဝလမ်းအပိုင်းအား အဆင့်မြှင့် တင်ခြင်း၊ တမူး- ကျီကုန်း - ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီ ဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာတော်သင်များစေလွှတ်မှုများနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #မြန်မာ #အိန္ဒိယ #ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု
#YMG #Yangon_Media_Group
#Local_News
Published - 4 April-2023
မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချရန် သိုလှောင်ထားရှိသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်နှင့် မရမ်းကုန်းတို့တွင် ငွေကျပ်၃ဒသမ၂ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဗဟိုက သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ သိုလှောင် ထားရှိကာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဆောင်ရွက်ရာ မတ်လ ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် တင်မောင်သန်း နှင့် အောင်သူတို့ ၂ ဦးအား SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့နောက် စစ်ဆေးမှုများအရ ညနေ ၄ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ အောင်သူ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန်(၃၂၀)ကီလိုခန့် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းလည်းသိရသည်။
#ymg/mt
#Local_News #သင်္ကြန်ကာလ #စိတ်ကြွရူးသွပ်ဆေး #ရန်ကုန်တွင်ဖမ်းမိ
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာဘုရားဖူးသူများနှင့် အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်မည့်သူများအနေဖြင့် လေဆိပ်တွင် မိမိတို့ယူဆောင်လာသည့် အမေရိကန်ဒေါ်လာ ငွေကြေးပမာဏာကို တရားဝင်ကြေညာရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။
ယခုအခါအိန္ဒိယနိုင်ငံသို့ဗုဒ္ဓဂယာဘုရားဖူးသူများဟာ ယူဆောင်လာသည့်နိုင်ငံခြားငွေများကို တရားဝင်ကြေညာခြင်းမရှိသည့်အတွက် အမေရိကန်ဒေါ်လာ လက်ဝယ်တွေ့ရှိသူများအား စစ်ဆေးခြင်း၊နိုင်ငံခြားငွေများသိမ်းဆည်းခြင်း၊ဖမ်းဆီးထိမ်းသိန်းသည့်ဖြစ်စဉ်များဖြစ်ပွားနေကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၏ဥပဒေအရ ခရီးသည်များအနေဖြင့် တားမြစ်ပစ္စည်းများ၊အကောက်ခွန်ပစ္စည်းများနှင့် သတ်မှတ်အခွန်ကင်းလွတ်ခွင့်ထက်ကျော်လွန်သည့်ပစ္စည်းများပါရှိသည့်ခရီးများဟာ တရားဝင်ကြေညာပုံစံ ကိုမဖြစ်မနေဖြည့်သွင်းရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသို့ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် အသေးစိတ်အချက်အလတ်များသိရှိလိုပါက
https:/www.cbic.gov.in/resources/htdocs-cbeb/baggage-rule.pdf
တွင်ဝင်ရောက်ကြည့်ရူနိုင်ကြောင်းထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #ဗုဒ္ဓဂယာဘုရားဖူး #အိန္ဒိယနိုင်ငံ #မေရိကန်ဒေါ်လာ #မြန်မာနိုင်ငံသား #YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုတွင် ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူ တာဝန်ချထားပြီး ပြန်လည်လက်ခံရေး စီမံချက်နှင့်အညီ ပြန်လည်လက်ခံရန် အသင့်ရှိနေပြီ ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ အိမ်ထောင်စု လူဦးရေစာရင်းများ အနက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စိစစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထား တွေ့ရှိသူ ၅၆၀၀၀ ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ ၉၀၀ ခန့်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား မတွေ့ရှိသူ ၃၀၀၀၀ ကျော် စုစုပေါင်းလူဦးရေ ၈၇၀၀၀ ကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့အကြောင်း ပြန်ကြားခဲ့ပြီး ယင်းအထဲမှ နှစ်နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေး လုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်နိုင်ရန် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံရန် သဘောတူထားကြောင်း သိရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံရန် လျာထားသူ ၇၀၀ ကျော်အပြင် ၎င်းတို့၏ ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်၏ စာရင်းပါ ထပ်တိုး၍ သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့လာပြန်သည့်အတွက် စိစစ်အတည်ပြုရန်ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကို မျက်မြင်တွေ့ဆုံမေးမြန်း စိစစ်နိုင်ရန် မျက်မြင်စစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်း၍ ပြီးခဲ့သည့် မတ် ၁၅ ရက်မှ ၂၁ ရက်အထိ မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ သို့ သွားရောက် တွေ့ဆုံ မေးမြန်းစိစစ်ခဲ့သေးကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်အရ နှစ်နိုင်ငံ သဘောတူညီချက် (၅)ရပ်နှင့် ကိုက်ညီသဖြင့် လက်ခံနိုင်သူများ ရှိသကဲ့သို့ ပြန်လည်သုံးသပ်ရာ အတည်ပြုရမည့်သူများလည်း ရှိနေသည်ကို တွေ့ရှိရသောကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ၊ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ဆက်လက်တင်ပြ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ၊
ယင်းအပြင် ယခင်ကပင် စိစစ်အတည်ပြုပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကိုလည်း ဒုတိယအကြိမ် Pilot Project တွင် ပြန်လည်လက်ခံရန် လျာထားကြောင်း အဆိုပါ ဝန်ကြီးဌာနက သိရသည်။
ymg/mt
#ရခိုင်ပြည်နယ် #နေရပ်စွန့်ခွာသူများ #တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းနှစ်ခု
#YMG #Yangon_Media_Group
#World_News
Published 4 April 2023
အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'အနေနဲ့ အပြာကားမင်းသမီး'စတော်မီဒန်နီယယ်စ်'ထံ နှုတ်ပိတ်ခဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့ခြင်းအပေါ် သက်ဆိုင်ရာမှ စုံစမ်းမှုများပြုလုပ်ပြီးနောက် တရားစွဲဆိုချက်များကိုရင်ဆိုင်ရန် ကိုယ်ပိုင်လေယာဉ်ဖြင့် ဧပြီ ၃ ရက်နေ့က နယူးယော့ခ်မြို့သို့ရောက်ရှိလာပါတယ်။
သူတို့နှစ်ယောက် ၂၀၀၆ ခုနှစ်တုန်းက လိက်ခ်တာဟိုးဟိုတယ်မှာ အတူနေခဲ့တဲ့အကြောင်း နှုတ်ပိတ်နေဖို့ အခကြေးငွေလက်ခံရရှိခဲ့တယ်လို့ ဒန်နီယယ်စ်က ပြောကြားခဲ့ပေမယ့် ထရမ့်ကတော့ သူနဲ့ဘာမှမပတ်သက်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
ရာဇဝတ်မှုဖြင့်စွဲချက်တင်ခံရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်းဖြစ်လာပြီး အဆိုပါအမှုကို အင်္ဂါနေ့မှာ တရားဝင်တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
ရှေ့နေရုံးချုပ်မှာ အမှုရင်ဆိုင်သွားရမှာဖြစ်ပြီး အပြစ်မရှိကြောင်းဝန်ခံဖို့အတွက် တရားသူကြီးရှေ့မှောက်မှာ လက်ဗွေနှိပ်ရဖွယ်ရှိနေပါတယ်။
ထရမ့်က ဖလော်ရီဒါကနေရောက်လာပြီး ညနေ ၄ နာရီ ၁၅ မိနစ်မတိုင်မီမှာ လုံခြုံရေးတင်းကျပ်စွာဖြင့် ထရမ့်တာဝါထဲသို့ဝင်သွားကာ ထောက်ခံသူများကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။
တရားခုခံပိုင်ခွင့်အတွက် ထရမ့်က ကော်လာဖြူရာဇဝတ်မှုဆိုင်ရာရှေ့နေဖြစ်သူနဲ့ ပြည်ထောင်စုအစိုးရရှေ့နေဟောင်းဖြစ်သူ 'တော့ဒ်ဘလန့်ချ်'ကို ငှားရမ်းထားကြောင်း ရိုက်တာသတင်းဌာနတင်ပြချက်အရ သိရပါတယ်။
တရားစီရင်မှုအတွင်း ဗီဒီယိုရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ရေဒီယိုဖမ်းယူထုတ်လွှင့်ခြင်းတို့ ခွင့်မပြုပေးဖို့ ဘလန့်ချ်နဲ့ ထရမ့်ရှေ့နေများက တရားသူကြီးကိုတိုက်တွန်းလိုက်ပါတယ်။
ထရမ့်တာဝါနဲ့ မန်ဟက်တန်အောက်ပိုင်းရှိတရားရုံးတို့မှာ ရဲတပ်ဖွဲ့က လုံခြုံရေးအကာအရံများ လျှို့ဝှက်အေးဂျင့်များထားရှိကာ အဆင်သင့်စောင့်ကြပ်ထားပါတယ်။
နယူးယော့ခ်မြို့တော်ဝန် 'အဲရစ်အဒမ်စ်'က အကြမ်းဖက်ဆန္ဒပြတဲ့မည်သူမဆို အဖမ်းခံရမှာဖြစ်ပြီး ဘယ်သူပဲဖြစ်နေဖြစ်နေ ဖမ်းဆီးထိန်းသိမ်းခံရမယ်လို့ သတိပေးထားပါတယ်။
ဒီမြို့ကိုလာမယ့်လူတွေထဲမှာ အကြမ်းဖက်ချင်တဲ့သူတွေရှိနေနိုင်ပြီး ထိုသူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနေရန် ပြတ်သားစွာအသိပေးထားတယ်လို့ အဒမ်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
၂၀၂၄ မှာ ရွေးကောက်ပွဲပြန်ပါဝင်လာဖို့ရည်ရွယ်နေတဲ့ ထရမ့်ကတော့ ပြည်နယ်နဲ့ဖက်ဒရယ်အဆင့် ရာဇဝတ်စုံစမ်းစစ်ဆေးမှုများစွာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ပြောင်းလဲရန်ကြိုးပမ်းခြင်း၊ အဆင့်မြင့်စာရွက်စာတမ်းများ လက်ဝယ်ထားရှိခြင်း၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်ကပ်ပီတိုလ် လွှတ်တော်အဆောက်အအုံဝင်ရောက်စီးနင်းမှုမှာ ပါဝင်ပတ်သက်နေနိုင်ခြင်းတို့ ပါဝင်နေပါတယ်။
Source: WION
#World_News #ရာဇဝတ်မှု #ဒေါ်နယ်ထရမ့် #အမှုရင်ဆိုင်ရန်နယူးယော့ခ်သို့ရောက်ရှိလာ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
သုဝဏ္ဏဘောလုံးကွင်းရှေ့ ယာဉ်တိမ်းမှောက်မှုတွင် နောင်ဝေလွင်(ခေါ်) MC Naung Naungကွယ်လွန်သွားကြောင်းMedical လူငယ်များလူမှုကူညီရေးအသင်းမှသိရသည်၊၊
"ယာဉ်တိမ်းမှောက်ရာမှာ ကျားနှစ်ဦးကွယ်လွန်ပါတယ်၊၊ကွယ်လွန်သူတွေက အမည်ရင်းနောင်ဝေလွင် အသက်(၂၈)နှစ်ကွယ်လွန်သွားပါတယ်၊၊
MC Naung Naungလို့တော့သိရတယ်၊၊သူ့မိသားစုဝင်တွေကိုဆက်သွယ်လို့ မရသေးဘူး၊၊ကျန်တစ်ယောက်က မိုးယံမင်းပြည့် (ယာဉ်မောင်း)လည်းဆုံးတယ်၊၊
ကျန်(မ)တစ်ယောက်ကတော့ဆေးရုံမှာကုသမှုခံယူနေပါတယ်"ဟုMedical လူငယ်များလူမှုကူညီရေးအသင်းဥက္ကဌကပြောသည်၊၊
ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ)သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ဧပြီလ ၃ ရက် ည ၁၁ ခွဲခန့်က ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ရာနှစ်ဦးသေပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသေဆုံးသူနှင့်ဒဏ်ရာရသူတို့ကို Medical လူငယ်များလူမှုကူညီရေးအသင်း၊ ရန်ကင်းပရဟိတ လူငယ်အသင်းနှင့် ရွှေရောင်တွဲလက် လူမူကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/tthl
#Local_News #သုဝဏ္ဏဘောလုံးကွင်းရှေ့ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group
#World_Health
Published 4 April 2023
မနက်စာမစားခင် သွားတိုက်ခြင်းက အကောင်းဆုံးဖြစ်တယ်လို့ သွားဆရာဝန်များက ပြောကြားထားပါတယ်။
ဒါဟာ သွားမှာကပ်တွယ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးရုံမက တံတွေးထုတ်လုပ်ခြင်းကိုလည်း အားပေးကြောင်း၊ တံတွေးက ပါးစပ်ထဲက ဘက်တီးရီးယားတွေကို သေစေနိုင်ကြောင်း ဗြိတိန်သွားအလှအကယ်ဒမီမှ ဒုဥက္ကဌဒေါက်တာ'ဆမ်ဂျက်သ်ဝါ'က Daily Mail ကို ပြောကြားခဲ့ပါတယ်။
ဘက်တီးရီးယားတွေက ညဘက်မှာ ပွားများလာပြီး မနက်ခင်းမှာ အနံ့အသက်ဆိုးရွားစေတတ်ပါတယ်။
၂၀၁၈ ခုနှစ်လေ့လာချက်အရ သွားတိုက်ပြီး ၅ မိနစ်ကြာတဲ့အခါ တံတွေးထုတ်လုပ်မှုများလာကြောင်း တွေ့ရှိခဲ့ပါတယ်။
မနက်စာစားပြီး သွားတိုက်ခြင်းက သွားကျန်းမာရေးကို ထိခိုက်စေကြောင်းလည်း ပြောကြားလိုက်ပါတယ်။
မနက်စာစားပြီးခဏအတွင်းမှာပဲ သွားတိုက်ခြင်းဟာ သွားကြွေလွှာကို ပိုပြီးထိခိုက်စေပါတယ်လို့ ဆိုပါတယ်။
ဖလိုရိုက်သွားတိုက်ဆေးတွေက အစားအစာတွေထဲက အက်ဆစ်များကင်းစင်အောင် ကူညီပေးပါတယ်လို့ မြောက်အိုင်ယာလန် ဘယ်လ်ဖက်စ်ဆေးခန်းမှ သွားဆရာဝန်ဒေါက်တာ'အလန်ကလာ့ခ်'က ဆိုပါတယ်။
မနက်စာမစားခင်သွားတိုက်ခြင်းက ဘက်တီးရီးယားနဲ့ သွားကြွေလွှာကိုပျက်စီးစေတဲ့ အက်ဆစ်အနေအထားကို ကူညီဖယ်ရှားပေးပါတယ်။
လိမ္မော်ရည်သောက်ပြီးမှ သွားတိုက်ခြင်းက အက်ဆစ်နဲ့ဘက်တီးရီးယားတွေကို သွားတွေထဲရောက်အောင် တိုက်ပစ်လိုက်တာနဲ့တူတယ်လို့ ကလာ့ခ်ကဆိုပါတယ်။
မနက်စာစားပြီးမှ သွားတိုက်မယ်ဆိုရင်လည်း အနည်းဆုံးနာရီဝက်ခြားသင့်ကြောင်း အကြံပေးထားပါတယ်။
သွားတိုက်ရာမှာ သွားတွေကိုကာကွယ်ဖို့နဲ့ ကြွေလွှာတွေကို မထိခိုက်စေအောင်လုပ်ဖို့လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
Source: NY Post
#World_Health
#မနက်စာစားပြီးမှသွားတိုက်ခြင်း #မပြုလုပ်သင့်ကြောင်း #သွားဆရာဝန်
#YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin အား နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ဧပြီ(၃)ရက်က လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတစ်ဦးတည်း၏ စွမ်းဆောင်မှုကြောင့် ယခု ကဲ့သို့ ဆုချီးမြှင့်ခံရခြင်းမဟုတ်ဘဲ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ ခြင်းဖြစ်သည်ဟု ခံယူထားပါကြောင်း၊ မိမိအနေဖြင့် ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ယခုချီးမြှင့်ခံရသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ် ထူးဆောင်ဘွဲ့တံဆိပ်နှင့် ထိုက်တန်သည့် ကြိုးစားဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာနိုင်ငံ၏ နှစ်သစ်ကူး အခါသမယမှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် အဆွေ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှု အောက်တွင် အောင်မြင်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများစွာကို ဆက်လက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ကလည်း မိမိအနေဖြင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်ပေးအပ်နိုင်သည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ သီရိပျံချီဘွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကောင်းရာကောင်းကျိုး ဖြစ်ထွန်းစေရေး ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်သူများကို ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်ပါ ကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား၊ မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့သည့်အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ အဆွေတော်၏ ကြိုးစားအားထုတ်မှုများကြောင့် မိမိတို့နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားသည်။
#Local_News #ရုရှားကာကွယ်ရေးဝန်ကြီးဌာန #ဒုတိယဝန်ကြီးColonel General Alexander Vasilievich Fomin #သီရိပျံချီ ဘွဲ့တံဆိပ်နှင့်အဆောင်အယောင်ချီးမြှင့် #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူက ငွေလာလွှဲသူကို သတ်၍ ငွေသိန်း ၂၀၀ နှင့် ဆိုင်ကယ်တို့ကို ယူဆောင်ထွက်ပြေးမှု မန္တလေးတွင် ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈ နှင့် ၁၉ လမ်းကြားနှင့် ၈၀ နှင့် ၈၁ လမ်းကြားရှိ နေအိမ်တစ်လုံး၌ အိမ်ငှားနေထိုင်ကာ အွန်လိုင်းငွေလွှဲလုပ်ကိုင်သူ အမျိုးသားထံသို့ ငွေလွှဲရန် အမျိုးသမီးတစ်ဦး လာရောက်ခဲ့ပြီးငွေလဲလှယ်နေစဉ် အဆိုပါ အမျိုးသားက ယင်း အမျိုးသမီး ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်မှုကို ကျူးလွန်သူ က အမျိုးသမီး၏ လည်ပင်းကို ကြိုးဖြင့်ပတ်ကာ သတ်ဖြတ်ပြီးနောက် ငွေကျပ်သိန်း ၂၀၀ နှင့် စနူပီအမျိုးအစား မော်တော်ဆိုင်ကယ်တို့ကို ယူဆောင်ကာ ထွက်ပြေးသွားကြောင်း ၊လက်ရှိတွင် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံရသည့် အမျိုးသမီးမှာ အသက် ၃၇ နှစ်ခန့်အရွယ် ရှိသူဖြစ်ပြီး အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက် ၌ နေထိုင်သူဖြစ်ကြောင်း၊လည်ပင်းပြတ်ရှဒဏ်ရာ၊လက်ဝဲဘက်ပါးပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းလည်း သိရသည်။
ymg/mt
#Local_News #ငွေလာလွှဲသူကိုသတ်မှု #မန္တလေး #ငွေသိန်း၂၀၀နှင့်ဆိုင်ကယ် တို့ကိုယူဆောင်ထွက်ပြေး #YMG #Yangon_Media_Group
Page 937 of 1639