Published_ 04 November 2023
မြန်မာအပါအဝင်မဲခေါင်မြစ်နိုင်ငံများနှင့်အတူ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို အစီအစဉ်ရေးဆွဲသွားပြီး စီးပွားရေးပြန်လည်ဦးမော့လာမှုနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုကို အတူမြှင့်တင်သွားမည်ဟုတရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong ပြောကြားခဲ့သည်။
(၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အရာရှိအစည်းအဝေးကို တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong တက်ရောက်ရင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong က ‘‘တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက် မှုဖြင့် တရုတ်ပုံစံခေတ်မီမှုကို ဖော်ဆောင်လျက်ရှိကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အနီးတဝိုက် နိုင်ငံခြားရေးသဘောတရားကို ဆက်လက် အကောင်အထည်ဖော်ဆောင်ကာ မဲခေါင်မြစ်နိုင်ငံများနှင့်အတူ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို အစီအစဉ် ရေးဆွဲသွားပြီး စီးပွားရေးပြန်လည်ဦးမော့လာမှုနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုကို အတူမြှင့်တင်သွား မည်ဖြစ်ကြောင်း၊ ဒေသခွဲဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုကိုစီမံကာ လန်ချန်း-မဲခေါင်မြစ်ဝှမ်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုခါးပတ်လမ်း တည်ဆောက်ရေးနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုအားကောင်းသည့်တွန်းအား ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း’’ ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံအသီးသီးက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်သည့် ၇ နှစ်အတွင်း ရရှိသည့်ကောင်းမွန်များပြားသောရလဒ်များကို ချီးကျူးခဲ့ပြီး တရုတ်၊မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်မှ ခြောက်နိုင်ငံမှ အဆင့်မြင့် အရာရှိများက တစ်နှစ်တာအတွင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေကို ပြန်လည်သုံး သပ်ကာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများကို ခြုံငုံသုံးသပ်၍ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုအတွက် နက်ရှိင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
နေပြည်တော်သို့ရောက်ရှိနေစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ဖော်ဆောင်သည့်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကိုလည်း သွားရောက်လေ့လာခဲ့ကြောင်းနှင့် အဆိုပါလှုပ်ရှားမှုအခမ်းအနားများကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai လည်းပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_04 November 2023
သွားဘက်ဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတော်ဘက် မှ တန်ဖိုးအလွန်ကြီးမြင့်သည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့်စက် များကို တိုးမြှင့်တပ်ဆင်ပေးလျက်ရှိကြောင်း(နိုဝင်ဘာ ၃) ရက်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားတွင် ဒေါက်တာဘရွှေက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ဆေးရုံကြီးများတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေးနေပြီး ခံတွင်းကင်ဆာရောဂါများကိုလည်း အထူးကျွမ်းကျင်ပိုင်နိုင်စွာ ကုသပေးနေကြောင်း ဂုဏ်ယူဖွယ်သိရှိရ၍ လူနာများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ဘက် မှလည်း တန်ဖိုးအလွန်ကြီးမြင့်သည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့်စက် များကို တိုးမြှင့်တပ်ဆင်ပေးလျက်ရှိကြောင်းလည်းဆိုသည်။
သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို တိုင်းရင်းသားများရှိရာဒေသများသို့ သွားရောက်ဆောင်ရွက်ခဲ့ခြင်းများနှင့်ပတ်သက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ယင်းကပြောကြားခဲ့သည်။
သွားနှင့်ခံတွင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ခန့်အပ် တာဝန်ပေးနိုင်ခဲ့သည့်အခြေအနေ၊ ကိုယ်ဝန်ဆောင်မိခင်မှစတင်၍ ကလေးသူငယ်အရွယ်၊ ကျောင်းနေအရွယ်၊ ပျိုရွယ်သူအရွယ်စသည့် အရွယ်ရောက်ပြီးချိန်မှစတင်၍ သက်ကြီးရွယ်အိုအရွယ်အထိ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက် မှုများ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 4 November 2023
MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပိုကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများကို Digital Platform ပုံစံဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်စနစ်ကဲ့သို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို ပူးပေါင်းကျင်းပသည့် Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲအခမ်းအနား(Go-Live Ceremony)နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်တဲ့ ရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာ (၃)ရက်တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ် အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည်ထက် ပိုမို ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးဝင်းရှိန်က တိုက်တွန်းပြောဆိုပါတယ်။
ဆက်လက်၍ဝန်ကြီးက MyRO Website မိတ်ဆက်ပွဲနှင့် MyRO ၌ ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်းဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့တဲ့ ဆန်စပါးကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်လာစေရေးနှင့် တောင်သူများ အတွက် သီးနှံအာမခံစနစ် တည်ထောင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံ့စီးပွားရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
MyRO ကို Pilot Project အနေဖြင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လျာထားဆောင်ရွက်သွားမယ် လို့ သိရပါတယ်။
MyRO တွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပြည်ပ တင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများအပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့်လုပ်ငန်းများကို လွယ်ကူ ရိုးရှင်းစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ymg_mnn
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_04 November 2023
ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်ရန် အတွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၂ဦးအဖမ်းခံကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။
နိုဝင်ဘာ ၃ရက် ပထုံဌာနီခရိုင် နောင်စူယာမြို့နယ်၊ ဘှုန်ကာစမ်ကျေးရွာ အနီး တွင် မောင်းနှင်လာသော ပစ်ကပ်ကား နောက်ခန်းတွင် မြန်မာနိုင်ငံသားများ စီးနင်းလိုက်ပါသည်ကိုတွေ့ရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးခဲ့ရာမှ နေထိုင် ခွင့် အထောက်အထားများ ပြသခိုင်းရာတွင် မပြနိုင်သောကြောင့် အဖမ်းခံရကြောင်း သိရသည်။
'' ထိုင်းကို အောက်လမ်းကနေ လာလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ မနည်းတော့ဘူး၊မကြာမကြာ ကြားနေရတယ်၊ပြည်တွင်း မှာက စားဝတ်နေရေးကြပ်တည်းတော့ ပြည်ပ ကို ထွက်တာများလာတယ်၊တကယ်လို့ ပြည်ပ ကို လာရင်လဲ တရားဝင်ပဲ လာစေချင်တယ်၊အခုလိုတရားမဝင်လာလို့ အဖမ်းခံရရင် ဒုက္ခပေါ် ဒုက္ခ ဆင့်သလို ဖြစ်နေမယ်''ဟု ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောသည်။
ယခု အဖမ်းခံရသည့် မြန်မာနိုင်ငံသား များ ကိုထိုင်းနိုင်ငံသားယာဉ်မောင်းဖြစ်သူက တစ်ဦးလျှင်
ကားခ ဘတ်ငွေ (၁၅၀၀၀) ရရှိသဖြင့် တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်မှ ကားဖြင့်တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၁၂ ဦးနှင့် ၎င်းတို့အား ကားဖြင့်တင်ဆောင်လာသူ ထိုင်းနိုင်ငံသား ယာဉ်မောင်းတို့အား ထိုင်းနိုင်ငံ၊ ဥပဒေအရအရေးယူဆောင်နိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းကိုပို့ဆောင်ထားကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
ထိုဒေသမှာ အိန္ဒိယက ကြက်သွန်နီတင်ပို့ရာ အများဆုံးနိုင်ငံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ကြက်သွန်နီတင်ပို့ဈေးနှုန်းကို မြှင့်တင်လိုက်တာကြောင့် တောင်အာရှတလျှောက် ဈေးကွက်တွေမှာ ကြက်သွန်နီဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်နေပါတယ်။
#Yangon_Times
#Asia_Business
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကိုယ်ပိုင်ဝင်ငွေ မရှိသည့် အမျိုးသမီးကြီးငယ်များ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများနေ
‘ အမျိုးသားတွေအနေနဲ့ မိမိတို့ရဲ့ အမျိုးသမီးတွေကို အကြမ်းဖက်တာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်ဆောင်ရွက်ပါက တည်ဆဲဥပဒေတွေအရ အရေးယူနိုင်တဲ့အတွက် မပြုလုပ်မိအောင် ရှောင်ကြဉ်ဖို့လိုတယ်။ အမျိုးသမီးတွေလည်း ကိုယ့်ကိုကိုယ်ရပ်တည်နိုင်အောင် ကြိုးစားသင့်တယ် ’ တရားလွှတ်တော်ရှေ့နေ ဒေါ်ပွင့်တင်မ
#Yangon_Times/tthl
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ့ရိုးရာသိုင်း အားကစားရုံများ မြို့နယ်တိုင်း၌ တည်ဆောက်နိုင်ပါက သိုင်းပညာ ပိုမိုပြန့်ပွားနိုင်မည်
' သိုင်းပညာကို ဝါသနာပါဝင်တဲ့သူ အထိုက်အလျောက်တော့ လာနေပါတယ်၊မြို့နယ်တိုင်းမှာသိုင်းဆရာတွေ အများကြီးရှိကြတယ်၊ ကစားဖို့ ကွင်းရုံရှိရင်တော့ ပိုပြန့်ပွားအောင်လုပ်လို့ရတယ်
' မြန်မာနိုင်ငံသိုင်းအဖွဲချုပ် ၊ ရန်ကုန်တိုင်း သိုင်းဆပ်ကော်မတီအတွင်းရေးမှူး(သိုင်းပညာရှင်)ဦးကြည်ဝင်း
#Yangon_Times/NN
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
တန်ဆောင်မုန်းလပြည့်နေ့တွင် ဗိုလ်တထောင်စေတီ၌ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ဆက်ကပ်ပွဲ ကျင်းပမည်
‘ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နိုဝင်ဘာလ၂၆ရက်မှာ မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်ပွဲကို ဦးစွာကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ (၂၇)ရက် မနက်ပိုင်းမှာတော့ မသိုးရွှေကြာသင်္ကန်းကို ဆက်ကပ်ပူဇော်သွားမှာဖြစ်တယ်’ ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ
#Yangon_Times/tthl
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 04 November 2023
ဆန်တန်ချိန်၅၀ သို့မဟုတ် စပါးတင်း၅၀၀၀ နှင့်အထက် သိုလှောင်ရုံအားလုံး နိုဝင်ဘာ၃ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းများအနေဖြင့် အွန်လိုင်းမှတ်ပုံတင် ပြုလုပ်နိုင်ခြင်းဖြစ်သည်။
ထိုသို့ မှတ်ပုံတင်ရာတွင် MyanmarRice Online(MyRo)-www. MyRo. com. mmတွင်မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ပြီး အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းအတွက် သိုလှောင်ပါက ဆန်တန်ချိန်၅၀ သို့မဟုတ် စပါးတင်း၅၀၀၀ နှင့်အထက် သိုလှောင်သည့်သိုလှောင်ရုံများအားလုံး အကျုံးဝင်ကြောင်းသိရသည်။
အဆိုပါ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ပန်းပဲတန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
၄ နိုဝင်ဘာ ၂၀၂၃
နီပေါနိုင်ငံအနောက်ပိုင်းတွင် သောကြနေ့သန်းခေါင်ယံက ပြင်းထန်သည့် ငလျင်လှုပ်ရှားရာ အနည်းဆုံး ၁၂၈ ဦး သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
နီပေါအနောက်ပိုင်း ဂျဂျာကော့ခရိုင်တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြီး ည၁၁နာရီ ၄၇မိနစ်တွင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေဆဲမို့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသအဆင့်အရာရှိတွေက ပြောပါတယ်။
နီပေါဝန်ကြီးချုပ် ပုရှ်ပါ ကာမာ ဒါဟာက အသက်ဆုံးရှုံးပြီး အိုးအိမ်ပျက်စီးရသူတွေအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးတွေချက်ခြင်းဆောင်ရွက်ဖို့ အမိန့်ပေးခဲ့ပါတယ်။
စနေမနက်မှာ သူဟာအရာရှိတွေနှင့်အတူ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသကို သွားရောက်ခဲ့ပါတယ်။
Published_04 November 2023
ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဆေယက်ဟာဆန်နက်စ်ရယ်လာက အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ မိန့်ခွန်းပြောကြားခဲ့ရာ အစ္စရေးလ်အနေဖြင့် ဂါဇာကိုဆက်ပြီး တိုက်ခိုက်နေမယ်ဆိုပါက လက်ဘနွန်နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရာကနေ ပိုမိုကြီးမားတဲ့ စစ်ပွဲဖြစ်လာလိမ့်မယ်လို့ နိုဝင်ဘာ ၃ ရက်နေ့က သတိပေးလိုက်ပါတယ်။
အီရန်မှ ထောက်ပံ့မှုဖြင့် အင်အားကြီးမားနေတဲ့ ဟက်ဇ်ဘိုလာစစ်တပ်ဟာ အစ္စရေးလ်နဲ့ ၂၀၀၆ ခုနှစ်မှာ စစ်ပွဲဆင်နွှဲပြီးနောက်ပိုင်း လက်ဘနွန်-အစ္စရေးလ်နယ်စပ် တလျှောက် အတင်းမာဆုံး အခြေအနေ ဖြစ်နေပါတယ်။
ဖြစ်နိုင်ခြေအားလုံးအတွက် အဆင်သင့်ရှိနေတယ်လို့ နက်စ်ရယ်လာက ရုပ်သံမိန့်ခွန်းကနေ ပြောကြားခဲ့ပါတယ်။
ဂါဇာမှာ စစ်ပွဲဖြစ်ပွားခြင်းနဲ့ အရပ်သားသေဆုံးမှု မြင့်မားလာခြင်းတို့အတွက် အမေရိကန်ကို အပြစ်တင်လိုက်ကာ ဒေသတွင်းစစ်ပွဲ မဖြစ်ပွားစေရန် ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်မှာ တင်းမာမှုတွေ လျော့ကျဖို့ လိုအပ်ကြောင်း ဆိုပါတယ်။
ပဋိပက္ခစဖြစ်ကတည်းက ထိုဒေသအနီးမှာ အမေရိကန်တို့ ပြင်ဆင်ထားတဲ့ ရေတပ်အင်အားကိုလည်း ဟက်ဇ်ဘိုလာအဖွဲ့က ကြောက်ရွံ့ခြင်းမရှိကြောင်း ဆိုလိုက်ပါတယ်။
အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာတို့ လက်ဘနွန်နယ်စပ်တလျှောက် တင်းမာမှုမြင့်မားနေတာဟာ ဂါဇာကမ်းမြောင်မှာ ဖြစ်နေတာတွေကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ဟားမတ်စ်တို့ စစ်ဆင်ရေးဆောင်ရွက်ခဲ့တာဟာ ပါလက်စ်တိုင်း ၁၀၀ ရာခိုင်နှုန်းစစ်စစ် ဖြစ်ပြီး အစ္စရေးလ်ရဲ့ အားနည်းချက်ကို ပေါ်လွင်သွားစေကြောင်း ပြောကြားခဲ့ပါတယ်။
ယီမင်နဲ့ အီရတ်တို့မှ အဖွဲ့တွေကို နက်စ်ရယ်လာက ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားနဲ့ အီရတ်တို့ရှိ အမေရိကန်တပ်များကို ပစ်ခတ်နေတဲ့ ရှီအိတ်မွတ်ဆလင် အီရတ်စစ်သွေးကြွများနဲ့ အစ္စရေးလ်ကို ဒရုန်းများဖြင့် ပါဝင်တိုက်ခိုက်ပေးနေတဲ့ ယီမင်မှ ဟူသီစ်တို့ ပါဝင်ပါတယ်။
နက်စ်ရယ်လာ ပြောကြားတဲ့အချိန်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အစ္စရေးလ်သို့ လာရောက်လည်ပတ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ကို ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သား သေဆုံးသူအရေအတွက် မြင့်တက်လျက်ရှိရာ အရပ်သားများကို ကာကွယ်ရန် နည်းလမ်းများ ဆောင်ရွက်ဖို့ ဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။
ဂါဇာကို အုပ်စိုးထားတဲ့ ဟားမတ်စ်စစ်သွေးကြွေများကို ချေမှုန်းရန် အစ္စရေးလ်တပ်များက ဂါဇာမြို့ကို ဝိုင်းရံထားပြီး အနီးကပ်တိုက်ခိုက်နေကြကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
Source: Reuters
#Yangon_Times
#World_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_04 November 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် တွင် ရပ်ထားသည့် တွဲကား ကို အနောက် မှ ဝင်တိုက်မိသဖြင့် တိုက်သည့် ယာဉ်မှ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံ က သိရသည်။
နိုဝင်ဘာ ၃ ရက် ည ၈နာရီ ခန့် က သာကေတမြို့နယ် ရတနာလမ်းမကြီး၊လယ်ယာ( ၃)လမ်းထိပ် တွင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်သည့် ယာဉ် မှ ယာဉ်မောင်း မှာ ကားထဲ တွင် ညှပ်နေသောကြောင့် ရပ်ကွက်နေပြည်သူများ ၊ပရဟိတ အသင်းများနှင့်သက်ဆိုင်ရာတာဝန်ရှိသူ များပူးပေါင်းကာ ကားထဲ မှ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းမှာ အသက် ၄၀နှစ် ဝန်းကျင်ရှိပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းနှင့်လက်မောင်း တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယင်းလူနာ ကို မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီး မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 932 of 1934