#Local_News
Published 16 March 2024

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ဝင်ရောက်သည်အသားတိုးကြက်ခြံဖမ်းဈေးများ ယခုလအတွင်းဈေးနှုန်းများ ပြန်ကျလာကြောင်း မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးမှ သိရသည်။

 

ထိုသို့ကျဆင်းရာတွင် ယခင်လက အသားတိုးကြက်ခြံ ဖမ်းဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိရှိလာခဲ့ရာယနေ့တွင် ကျပ် ၆၈၀၀ သို့ ကျဆင်းလာကြောင်း သိရသည်။

 

"အသားတိုးကြက်ခြံဖမ်းဈေးကလက်ရှိတစ်ပိဿာကို ၆၈၀၀ ကျပ်အထိ ကျ‌နေတယ်။ အရင်လကတော့ ကြက်တပိဿာကို ၈၀၀၀ အထိ တက်လာတယ်၊ တခြားဆီမီး ကြက်နီမလည်းနဲ့ ဗမာကြက်ကတော့ပုံမှန်ပါပဲ"ဟု မင်္ဂလာတောင်ညွှန်ကြက်ဘဲဈေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 


ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ယနေ့တွင်  အသားတိုးကြက်ပိဿာချိန်ငါး​သောင်းခန့်ဝင်​ရောက်​နေပြီး မြန်မာနိုင်ငံတွင် လူအများဆုံးမွေးမြူသည်မှာ ကြက်မွေးမြူရေးဖြစ်ပြီး စီပီကြက်ဟု အလွယ်ခေါ်ကြသည့် အသားတိုးကြက်၊ ဆီမီးဟုခေါ်သည့် ဒံပေါက်ကြက်နှင့် ဥစားကြက်များ အသက်ကြီးပြီး ဥနှုန်းကျလာ၍ ရောင်းထုတ်ကြသည့် ဥတုံးကြက် ခေါ် ကြက်နီမတို့ဖြစ်ကြသည်။

 

အဆိုပါကြက်များသည် မွေးမြူပုံနှင့် ဈေးကွက်အနေအထား မတူသည့်တိုင်းရင်းကြက်ခေါ် မြန်မာကြက်လည်းရှိသေးကြောင်း သိရသည်။

 

မင်္ဂလာတောင်ညွှန့်ကြက်ဘဲဈေးသို့ ရန်ကုန်တိုင်း ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့မှ ကြက်များဝင်ရောက်ပြီး ရန်ကုန်တိုင်းရှိမြို့နယ်အချို့သို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။ 

#Local_News #အသားတိုးကြက်ခြံဖမ်းဈေး #ယခုလအတွင်းဈေးပြန်ကျလာ #YMG/ NN #Yangon_Times