#Local_News
Published_ 10 November 2023
ဂျပန်St. Luke’s Internationalတက္ကသိုလ်နှင့် မန္တလေးသူနာပြုတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် MOUရေးထိုးခဲ့ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်နှစ်ခုကြားတွင် ပညာရေးဆိုင်ရာနယ်ပယ်၌ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် ငါးနှစ်သက်တမ်းရှိသော နားလည်မှုသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်ဟုဆိုသည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ ဂျပန်-မြန်မာတက္ကသိုလ်နှစ်ခုကြား သင်ကြားရေးဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပြန်အလှန်စေလွှတ်ခြင်း၊ပညာရေးဆွေးနွေးပွဲများနှင့်သုတေသနဆိုင်ရာများ၊ အခြားပညာရပ်ဆိုင်ရာနယ်ပယ်များ၌(၅)နှစ်တာပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်ဟုဆိုသည်။
ယင်းသဘောတူစာချုပ်ချုပ်ပွဲကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်ထွန်းတက်ရောက်အမှာစကားပြောကြားခဲ့ပြီး မန္တလေးသူနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာခင်ဝင်းစိန်နှင့် ဂျပန်St. Luke’s Internationalတက္ကသိုလ်မှ Secretary Generalတို့မှ နားလည်မှုစာချွန်လွှာတွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#Local_News #ဂျပန်St. Luke’s တက္ကသိုလ် #မန္တလေးသူနာပြုတက္ကသိုလ် #MOUရေးထိုး #tthl #Yangon_Times
#Local_News
Published-10 November 2023
တစ်နိုင်ငံလုံး၌စပါးခွံလောင်စာသုံး Gasifier ၄၀၀ကျော်ရှိပြီး ဧရာဝတီတိုင်း၌ ၃၀၀ ကျော်ဖြင့်အများဆုံးအသုံးပြုနေကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှသိရသည်။
အဆိုပါ စပါးခွံလောင်စာသုံး Gasifierများမှာ ဧရာဝတီတိုင်း၌ ၃၀၃ လုံး၊ စစ်ကိုင်းတိုင်း၌ ၇၈ လုံး၊ပဲခူးတိုင်း၌ ၁၆ လုံး၊ ရန်ကုန်တိုင်း၌ ၁၃ လုံးနှင့် ၊မန္တလေးတိုင်း၌နှစ်လုံး စုစုပေါင်း၄၁၂လုံးမှတ်ပုံတင်ထားကြောင်း သိရသည်။
'ဧရာဝတီတိုင်းကအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးပါ၊ ဒါပေမယ့် မှတ်ပုံမတင်ဘဲအပြင်မှာ ဒီတိုင်းလုပ်နေတဲ့ စက်ရုံတွေလည်းရှိပါတယ် 'ဟု စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ စပါးခွံလောင်စာသုံး Gasifierများအား ဆန်စက်၊ ဆီစက်အပါအဝင် MSME လုပ်ငန်းများ၌ အသုံးပြုလေ့ရှိကြကြောင်း၊ စပါးခွံအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းလာခြင်းတို့အပြင် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ခြင်းစသည့် အားသာချက်များရှိကြောင်း သိရသည်။
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် စပါးခွံလောင်စာသုံး Gasifier များသည် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်းလုပ်သားများ ကျန်းမာရေးမထိခိုက်စေရန်နှင့် ပတ်ဝန်းကျင်(ရေထု၊ လေထု၊ မြေထု) ပျက်စီးမှုမရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ စပါးခွံလောင်စာသုံး Gasifier များထုတ်လုပ်မှုနှင့် သုံးစွဲမှုအတွက် လိုအပ်သော လိုက်နာဆောင်ရွက်ရမည့် လမ်း ညွှန်ချက်(SOP)များကို ဝန်ကြီးဌာနများ စုပေါင်း၍ သတ်မှတ်ပြုစုရေးဆွဲရန်ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #စပါးခွံလောင်စာသုံး #Gasifier #YMG/NN #Yangon_Times
#Local_News
Published 10 November 2023
နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် CMP ကုန်ကြမ်းများကို စက်ရုံများသို့ အဆင်ပြေစွာ ရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်ပေးရန် CMPလုပ်ငန်းရှင်များက တင်ပြထားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေးအတွက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ CMP လုပ်ငန်းရှင်များနှင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ဦးဆောင်သော CMP လုပ်ငန်းရှင်များမှ နယ်စပ်ဂိတ်များမှတစ်ဆင့် တင်သွင်းလာသည့်ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး၊ နယ်စပ်တွင် ကြန့်ကြာနေသော ကုန်စည်များ၏အခြေအနေများ၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ်များ၊ သွင်းကုန်လိုင်စင်ကိစ္စရပ်များကို တင်ပြခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် CMP လုပ်ငန်းရှင်များ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လတ်တလောတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည် ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
#Local_News #နယ်စပ်ဂိတ် #CMP #YMG/LW #Yangon_Times
#World_News
Published 10 November 2023
အီရတ်မှာ ချို့ယွင်းသွားခဲ့တဲ့ ဒရုန်းတစ်ခုကြောင့် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်းသို့ အမေရိကန် ပိုမိုဝင်ရောက်ပတ်သက်ခြင်း မပြုလာနိုင်အောင် တားဆီးသွားနိုင်ဖွယ် ရှိနေပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ နံနက်အရုဏ်ချိန်မှာ အီရန်ထောက်ပံ့နေတဲ့ စစ်သွေးကြွတွေက အာဘီလ်လေတပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အမေရိကန်လေတပ် ကာကွယ်ရေးစနစ်များကို ထိုးဖောက်ဝင်ရောက်ကာ နံနက် ၅ နာရီအချိန်မှာ အမေရိကန်တပ်များ နေထိုင်နေတဲ့ စစ်တန်းလျားဒုတိယထပ်ကို ဝင်တိုက်ခဲ့ကြောင်း အမေရိကန် အရာရှိ ၂ ဦးက ပြောပြသွားပါတယ်။
ဒါပေမဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တပ်ဆင်ထားတဲ့ ဒရုန်းဟာ မဖောက်ခွဲနိုင်ခဲ့ဘဲ စစ်မှုထမ်းတစ်ဦးသာ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်တွေ ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ပေါက်ကွဲမှုသာ ဖြစ်ခဲ့ပါက အစုလိုက်အပြုံလိုက် သေဆုံးနိုင်ဖွယ်ရှိပါတယ်။
ဂါဇာစစ်ပွဲမှာ အစ္စရေးလ်ကို ထောက်ခံနေတဲ့ အမေရိကန်ကို တုန့်ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၃ ပတ်အတွင်း အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ကျောထောက် နောက်ခံပြု စစ်သွေးကြွများက အမေရိကန်တပ်များကို ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုပေါင်း ၄၀ ခန့် ပြုလုပ်ထားပြီးဖြစ်တယ်လို့ ပင်တဂွန်မှ အချက်အလက်များနဲ့ အရာရှိ ၂ ဦးရဲ့ အဆိုအရ သိရပါတယ်။
အမေရိကန် တပ်သားပေါင်း ၃,၄၀၀ ခန့်အခြေချနေတဲ့ အီရတ်နဲ့ ဆီးရီးယားတို့မှာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုများကို အမေရိကန် လေကြောင်း ကာကွယ်ရေးစနစ်များက ဝင်ရောက်ဖျက်ဆီးနေတာကြောင့် လူဒါဇင်ခန့်အချို့သာ ဒဏ်ရာအသေးစား ရရှိခဲ့ပါတယ်။
အီရန်နဲ့ မဟာမိတ်တွေရော အမေရိကန်ကပါ ထိပ်တိုက်တွေ့ဆုံမှုကို မလိုလားပေမယ့် တကယ်ဖြစ်လာနိုင်ခြေ မြင့်မားနေပြီး ပဋိပက္ခအတွင်းသို့ အမေရိကန် ပါဝင်လာနိုင်လောက်တဲ့ တိုက်ခိုက်မှုကြီး တကယ်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေးဗစ်ရှန်ကာက ပြောပြသွားပါတယ်။
အီရတ်နဲ့ ဆီးရီးယား စစ်သွေးကြွတွေက အမေရိကန်တပ်တွေကို သတ်ပစ်ဖို့ထက် အနှောင့်အယှက်ဖြစ်ရုံသာ တိုင်းတာတွက်ချက်ပြီး တိုက်ခိုက်နေတယ်လို့ ထင်မြင်ကြောင်း၊ ယင်းတို့ဒီထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သုံးသပ်သွားပါတယ်။
သမ္မတဂျိုးဘိုင်ဒင်က အဆိုပါ အဖြစ်အပျက်အပေါ် ဘယ်လိုတုန့်ပြန်မလဲဆိုတာကို သေချာမသိရသေးဘဲ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲအတွက် အလုပ်များနေပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်တောင်ပိုင်းသို့ ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဝင်ရောက်သောင်းကျန်းကာ အစ္စရေးလ်တွေကို သတ်ဖြတ်ဖမ်းဆီးသွားပြီးနောက် ဂါဇာမှာ စစ်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တနင်္ဂနွေနေ့မှာ အမေရိကန်တပ်များ အများစုတိုက်ခိုက်ခံနေရတဲ့ အီရတ်သို့ သွားရောက်ကာ ထိုနေရာမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းရန်နဲ့ တင်းမာမှုမြင့်တက်လာခြင်းကို တားဆီးရန် အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်ဆူဒါနီကို တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ယင်းတို့ရဲ့ ဘာသာရေးတာဝန်ကို ဆန့်ကျင်ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ အင်အားကြီး စစ်သွေးကြွအဖွဲ့မှ ဗိုလ်မှူးအယ်လီတာကီက ပြောကြားခဲ့ပါတယ်။
#World_News #ဂါဇာစစ်ပွဲ #ဒရုန်းဖြင့်တိုက်ခိုက်ခံရ #Source: Reuters
#Local_News
Published_ 10 November 2023
ရန်ကုန်-တာချီလိတ် Expressယာဉ် နှင့် TOYOTA Alphard ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၄)နှင့် (၄၅/၅)ကြားတွင် တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် Alphard ယာဉ်ပေါ်ပါ မ(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် Express ယာဉ်ပေါ်ပါ ခရီးသည် ကျား(၁၄)ဦး ၊ မ(၁၅)ဦး၊ စုစုပေါင်း (၂၉)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၀ ရက် မနက် ၀၇ ၃၀ အချိန်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၄)နှင့် (၄၅/၅)ကြားတွင် နေပြည်တော်ဘက်မှ မောင်းနှင်လာသော YUTONG အမျိုးအစား(ရန်ကုန်-တာချီလိတ် Express) ယာဉ်သည် ရန်ကုန်ဘက်မှ မောင်းနှင်လာသော TOYOTA Alphard အမျိုးအစား(အဖြူရောင်)ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး တံတားဘောင်အားတိုက်မိရပ်တန့်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-တာချီလိတ် #တစ်ဦးထိခိုက်ဒဏ်ရာရ #ယာဉ်တိုက်မှုဖြစ် #tthl #Yangon _Times
#World_Science
Published 10 November 2023
ရှေးဟောင်း အီဂျစ်တော်ဝင် ကျမ်းပညာရှင်တစ်ဦးရဲ့ ခမ်းနားထည်ဝါလှတဲ့ အုတ်ဂူကြီးကို ရှေးဟောင်းသုတေသန ပညာရှင်များ မကြာသေးမီက တူးဖော်တွေ့ရှိခဲ့ပါတယ်။
အဆိုပါတွေ့ရှိချက်ဟာ မြှုပ်နှံရာနေရာတစ်ခုအပြင် အဆိပ်ပြင်းမြွေများကို ကြောက်ရွံ့နေရတဲ့ အချိန်ကာလကိုလည်း လေ့လာခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံ အဘူဆီယာ ရှေးဟောင်းသုတေသနနေရာမှာ ဧပြီလနဲ့ မေလအတွင်း တူးဖော်မှုပြုလုပ်စဥ် တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါအုတ်ဂူဟာ ဘီစီ ၅၀၀ ခန့်က ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
ဂီဇာနဲ့ ဆာကာရာ သမိုင်းဝင်နေရာကြားမှာ တည်ရှိပြီး အဘူဆီယာ ရှေးဟောင်းပိရမစ်ဟာ အံ့အားသင့်ဖွယ် ကောင်းနေပါတယ်။
အီဂျစ်မှ ၂၆ မင်းဆက်နဲ့ ၂၇ မင်းဆက်တို့မှ အထက်ပိုင်းအရာရှိများနဲ့ စစ်ဗိုလ်များ နောက်ဆုံးမြှုပ်နှံရာနေရာ ဖြစ်ခဲ့ပါတယ်။
ခမ်းနားကြွယ်ဝါစွာ စီခြယ်ထားတဲ့ အုတ်ဂူထဲမှာ မြှုပ်နှံထားတဲ့သူက ပါရှန်းတပ်များ ကျူးကျော်စဥ် အီဂျစ်သမိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ကာလမှ အမည်မသိ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
မျိုးရိုးစဥ်ဆက်သမိုင်းကို လေ့လာဖော်ထုတ်ပြီးနောက် ဒါဟာ တော်ဝင်ကျမ်းဂန်ပညာရှင် ဘွဲ့ရခဲ့တဲ့ ဂျီဟက်ယဲမက် ဖြစ်နေပါတယ်။
အုတ်ဂူဟာ သာမန်အရွယ်အစားရှိပြီး ကမ္ပည်းစာများ၊ အနုပညာလက်ရာများ၊ စာသားများဖြင့် စီခြယ်ထားပါတယ်။
သိသားထင်ရှားတာကတော့ နံရံမြောက်ဘက်မှာ မြွေအန္တရာယ်မှ ကာကွယ်ရန် ဂါထာမန္တရားများ ထွင်းထားတာပဲ ဖြစ်ပါတယ်။
ထိုခေတ်တုန်းက အဆိပ်ပြင်းမြွေများဟာ နေ့စဥ်မပြတ် ခြိမ်းခြောက်နေပြီး ထိုဂါထာတွေက မြွေရန်မှ ကာကွယ်ဖို့ အရေးကြီးလှပါတယ်။
ဒါပေမဲ့ ဒါတွေကပဲ မြွေတွေကို မြှုပ်နှံရာအလောင်းတွေရဲ့ ကာကွယ်သူအဖြစ် ရှိနေစေခဲ့ပါတယ်။
အုတ်ဂူဟာ မြေမျက်နှာပြင်အောက် ပေ ၅၀ မှာ ဖုံးကွယ်တည်ရှိနေခဲ့ပါတယ်။
အုတ်ဂူအလယ်တည့်တည့်မှာ ကျောက်တလားကြီးတစ်ခုလည်း ပါဝင်ပြီး အချို့သော ကမ္ပည်းစာတွေက မရဏစာအုပ်ထဲက ရွေးနုတ်ဖော်ပြချက်တွေ ဖြစ်ပါတယ်။
ထိုစာအုပ်ဟာ ရှေးဟောင်းအီဂျစ် အသုဘကျမ်းစာတွေ စုစည်းပါဝင်ပြီး သူတို့ရဲ့ ဂါထာမန္တရားတွေနဲ့ မှော်ဝင်နည်းလမ်းများ ဖော်ပြထားပါတယ်။
ဒီစာတွေက သေဆုံးပြီးသူကို နောက်ဘဝမှာ ကာကွယ်လမ်းညွှန်ပေးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
#World_Science #အီဂျစ် #မြွေအန္တရာယ် #မရဏကျမ်းမှရွေးနုတ်ဖော်ပြ #Source: WION
#Local_News
Published 10 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းက ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် နိုဝင်ဘာ (၁၀)ရက် နံနက်(၅) နာရီ (၂၄)မိနစ် အချိန်ခန့်က ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ကားမီးလောင်မှုကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း တာဝန်ရှိသူများမှ (၁၀) မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၅)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်မှုကြောင့် ကားတစ်စီးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-ပြည်လမ်းမပေါ် #ကား(၁)စီးမီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#World_Health
Published 10 November 2023
လူတွေဟာ မွေးဖွားချိန်ကစတဲ့ လူ့လောကသက်တမ်းကို သိရှိကြပေမယ့် ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဥ်သက်တမ်းကိုတော့ သိပ်ပြီး သတိမထားမိကြပါဘူး။
ဒါတွေဟာ ဇီဝကမ္မဖြစ်စဥ်များ၊ ရောင်ရမ်းခြင်းနဲ့ အင်္ဂါများရဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာလေ့လာခြင်း ဖြစ်ပါတယ်။
နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်ပါက ဇီဝဖြစ်စဥ်သက်တမ်း အိုမင်းခြင်းနှုန်းကို လျော့ကျစေပြီး အသက်ကို ၆ နှစ်စာလောက် ပိုမိုငယ်ရွယ်သွားစေပါတယ်။
ကျန်းမာသန်စွမ်းနေစေမယ့် နေထိုင်စားသောက်မှုပုံစံများနဲ့ နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် အဓိကအချက် ၈ ချက်ကို အမေရိကန်နှလုံး ကျန်းမာရေးအဖွဲ့အစည်းက ဖော်ပြလိုက်ပါတယ်။
(၁) လုံလောက်စွာအိပ်စက်ခြင်း
(၂) ဆေးလိပ်မသောက်ခြင်း
(၃) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
(၄) ကျန်းမာရေးနဲ့ညီညွတ်သော စားစရာများ
(၅) ကျန်းမာရေးနဲ့ညီညွတ်သော ကိုယ်အလေးချိန်
(၆) သွေးတွင်းဂလူးကို့စ်ပမာဏ
(၇) ကိုလက်စ်ထရောလ်ပမာဏ
(၈) သွေးပေါင်ချိန်
အထက်ပါ ၈ ချက်စလုံးကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးရမှတ်ကို တွက်ချက်နိုင်ကာ နှလုံးသွေးကြောကျန်းမာရေးမှာ ကောင်းမွန်ခြင်း၊ အလယ်အလတ်၊ နိမ့်ပါးခြင်းဆိုပြီး ၃ မျိုး ခွဲခြားနိုင်ပါတယ်။
သုတေသီများက အမေရိကန်မှ လူပေါင်း ၆,၅၀၀ ကျော်ကို လေ့လာခဲ့ပါတယ်။
နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်သူတွဟာ ဇီဝဖြစ်စဥ်သက်တမ်း ရင့်ရော်မှုနှုန်း နှေးကွေးကာ တကယ့်အသက်ထက် ရုပ်ပိုင်းဆိုင်ရာက ပိုပြီးနုပျိုနေပါတယ်။
ဥပမာအားဖြင့် နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်သူတွေရဲ့ တကယ့်ပျမ်းမျှသက်တမ်းက ၄၁ နှစ်ဖြစ်ပြီး ဇီဝဖြစ်စဥ်သက်တမ်းကတော့ ၃၆ နှစ်ဖြစ်နေပါတယ်။
နှလုံးကျန်းမာရေး ကောင်းလာတာနဲ့အမျှ ဇီဝဖြစ်စဥ်အိုမင်းခြင်းနှုန်းလည်း လျော့ကျလာပြီး အနာဂတ်မှာ ရောဂါဖြစ်နိုင်ခြေ လျှော့ချပေးကာ ကျန်းမာသန်စွမ်းစေတယ်လို့ မေးလ်မန်း ပြည်သူ့ကျန်းမာရေးကျောင်းမှ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာနောမက်ခရမ်က ပြောပြသွားပါတယ်။
အချက် ၈ ချက်ဖြင့် တိုင်းတာရာမှာ အမှတ်အများဆုံး ရတဲ့သူတွေဟာ အနည်းဆုံးရတဲ့သူတွေနဲ့ ယှဥ်ရင် တကယ့်အသက်ထက် ပျမ်းမျှအားဖြင့် ၆ နှစ်ပိုမိုငယ်ရွယ်နေတယ်လို့ လေ့လာဖော်ပြခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေက ပြင်ပသက်တမ်းနဲ့ ဇီဝဖြစ်စဥ်သက်တမ်းတို့ကြား ဆက်စပ်မှုကို နားလည်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံက သက်ရှည်ကျန်းမာအောင် ဘယ်လိုထောက်ပံ့လဲဆိုတာကိုလည်း သိရှိစေတယ်လို့ ဒေါက်တာ ဒေါ်နယ်လွိုက်ဂျုန်းစ်က ပြောပြသွားပါတယ်။
#World_Health #သက်တမ်းအိုမင်းခြင်းနှုန်း #ပိုမိုနုပျိုစေမည့်နည်းလမ်း #Source: New York Post
အမေရိကန်နှင့်တရုတ်ကြားကုန်သွယ်ရေးသည် နှစ်နိုင်ငံစီးပွားရေးနှင့် ဆက်ဆံရေးကိုအကျိုးဖြစ်ထွန်းစေမည်ဟု အမေရိကန်အရာရှိပြော
အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးဟာနှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးနဲ့ဆက်ဆံရေးတို့ကို အကျိုးဖြစ်ထွန်းစေကြောင်း အမေရိကန် စိုက်ပျိုးမွေးမြူရေး အရာရှိတစ်ဦးက ရှန်ဟိုင်းမှာကျင်းပတဲ့ ဆဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တရုတ်တင်သွင်းကုန်စည်ပြပွဲ (CIIE)မှာ သတင်းမီဒီယာများကို ပြောပြခဲ့ပါတယ်။
#World_Trade
Published_ 09 November 2023
#အမေရိကန်နှင့်တရုတ် #တရုတ်တင်သွင်းကုန်စည်ပြပွဲ
#Daily_News
Published_ 09 November 2023
၁။ မူဆယ်မှတစ်ဆင့် တရုတ်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)ဖြင့် ဝင်ရောက်သူရဲ့တစ်ဝက်ခန့်သာ မြန်မာဘက်ကို ပြန်လည်ဝင်ရောက်လာဟုဆို
၂။ ရာသီဥတုအေးသည့်ဒေသများတွင် နေထိုင်သူများ၊ စစ်ဘေးရှောင်များ ငှက်ဖျားနှင့်တုပ်ကွေးမဖြစ်အောင်နေထိုင်ရန်လိုဟုဆို
၃။ ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ့ဖရဲများမိုင်းလားနှင့်လွယ်ဂျယ်လမ်းကြောင်းများမှ တဆင့်တရုတ်သို့ လမ်းကြောင်းပြောင်းလဲတင်ပို့နေ
၄။ အမေရိကန်နှင့်တရုတ်ကြားကုန်သွယ်ရေးသည် နှစ်နိုင်ငံစီးပွားရေးနှင့် ဆက်ဆံရေးကိုအကျိုးဖြစ်ထွန်းစေမည်ဟု အမေရိကန်အရာရှိပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
'ဆန်လိုတယ်၊ သူတို့တောင်းနေကြတာကတော့ ဆန်တောင်းနေကြတယ်၊ ဆန်ဆီအဲ့ဒီနှစ်ခုပဲ၊ ကျန်တာကအဆင်ပြေသေးတယ်၊ အသီးအနှံက နည်းနည်းရှိသေးတယ်၊ အဓိကကဆန်ပဲ' ကမ္ဘောဇပရဟိတအသင်း ဦးစန်းဦးက
#Local_News
Published_ 09 November 2023
#လားရှိုး #တိုက်ပွဲရှောင် #ကမ္ဘောဇပရဟိတအသင်း
#YMG/NN #Yangon_Times
#Local_News
Published_ 09 November 2023
မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့်နှင့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အား ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ “ငဘ” ရုပ်ရှင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ပြီး မြန်မာနိုင်ငံထံသို့ လက်ဆောင်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာရုပ်ရှင် “ငဘ” ၏ အဓိကသရုပ်ဆောင်ဖြစ်သူ ဦးမြင့်မောင်၏ မိသားစုဝင်သည် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ လာရောက်ခဲ့ရာ သံမှူးကြီး Dr. Zheng Zhihong သည် ၎င်းနှင့်အတူ ရင်းနှီးစွာဆွေးနွေး၍ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသော ရုပ်ရှင် soft copy အားလက်ဆောင်ပေးအပ်ခဲ့သည်။
သံမှူးကြီး Dr. Zheng Zhihong က ၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့်နှင့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အား ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏တောင်းဆို ချက်အရ “ငဘ” ရုပ်ရှင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ပြီး မြန်မာနိုင်ငံထံသို့ လက်ဆောင်ပေးအပ်ခဲ့ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံကလည်း တရုတ်ရုပ်သံဇာတ်လမ်းတွဲနှင့် မှတ်တမ်းရုပ်ရှင်များစွာကို မြန်မာနိုင်ငံ၌ထုတ်လွှင့်ပြသရန်ဆောင်ရွက်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲများလည်း တရုတ်နိုင်ငံတွင်ပြသနိုင်ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်နှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်မှု အဆက်မပြတ်တိုးမြှင့်လာခြင်းကိုလည်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။
“ငဘ” ရုပ်ရှင် အဓိကသရုပ်ဆောင်၏မြေးဖြစ်သူ ဦးသီဟအောင်ကလည်း အဖိုးဖြစ်သူပါဝင်သရုပ်ဆောင်သည့် ရုပ်ရှင်ကိုမကြည့်ရှုသည်မှာ ကြာပြီဖြစ်ကြောင်း၊ တရုတ်ဘက်က “ငဘ” ရုပ်ရှင်ကို ပြုပြင်ပေး၍ မိသားစုဝင် များအား လက်ဆောင်ပေးခြင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းတွင် လုပ်ကိုင်သူအနေဖြင့် မြန်မာ-တရုတ်ရုပ်ရှင်ကူးလူးဖလှယ်ရေးအတွက်လည်း တက်တက်ကြွကြွ အကျိုးထမ်း ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
#Local_News #“ငဘ”ရုပ်ရှင် #ဒစ်ဂျစ်တယ်နည်းပညာ #လက်ဆောင်ပြန်ပေးအပ်
#tthl #Yangon_Times
Page 924 of 1934