Published 19 Oct 2022
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မှာ စတင်ပြသတဲ့ ၂၀၂၂ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ ပထမဆုံး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီပြပွဲဖွင့်ပွဲကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နစက အဖွဲ့ဝင်တွေ၊ပြည်ထောင်စုဝန်ကြီးတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူတွေနှင့်ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရတာဖြစ်ပါတယ်။
ယခုပြပွဲတွင် ပုလဲအတွဲတွေကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာဖြင့်သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်ငွေ၊ထိုင်းဘတ်ငွေတို့ဖြင့်ပေးချေနိုင်ပါတယ်။ ကျောက်မျက်ကျောက်စိမ်းအတွဲတွေကို ကြမ်းခင်းဈေး ယူရိုငွေဖြင့်သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်ငွေ၊ထိုင်းဘတ်ငွေတွေနှင့် ပေးချေရမှာဖြစ်ပါတယ်။ ပြည်တွင်းက မြန်မာကုန်သည်တွေကတော့ ကျပ်ငွေနှင့်ပေးချေနိုင်ကြမယ်လို့ သိရှိရပါတယ်။
ပုလဲအတွဲတွေရဲ့ အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ဖြစ်ပြီး ကျောက်မျက်အတွဲတွေအတွက် အနိမ့်ဆုံး အခြေခံဈေးကတော့ ယူရို ၅၀၀ဖြစ်ပါတယ်။ ကျောက်စိမ်းအချောထည်အတွက် အနိမ့်ဆုံးအခြေခံဈေး ယူရို ၁၀၀၀နှင့် ကျောက်စိမ်းအရိုင်းအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ဖြစ်တယ်လို့ သိရှိရပါတယ်။
ယခုပြပွဲကို အောက်တိုဘာ ၂၅ရက်အထိခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
-ymg/knl
#Myanmar
#Myanmar_Gem_Emporium
#Myanmar_Business
Published 19 Oct 2022
သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ ကာတာနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အင်္ဂါနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။အဲဒီဆိုလာပြားတွေဟာ သဲကန္တာရ တစ်လျောက်ဖြန့်ကျက်တည်ဆောက်ပေးထားတာ ဖြစ်ပြီး သေးငယ်တဲ့ ပင်လယ်ကွေ့နိုင်ငံကလေးရဲ့ စွမ်းအင်ထုတ်လုပ်မှုရဲ့ ၁၀ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။
မြို့တော်ဒိုဟာရဲ့ အနောက်ဖက် အယ်လ်ခါရှားမှာရှိတဲ့ အဆိုပါ နေရောင်ခြည်စွမ်းအင်ကွင်းကြီးဟာ အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်လို့ ကာတာနိုင်ငံရဲ့စွမ်းအင်ဝန်ကြီး နှင့် ကာတာစွမ်းအင် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဆာအတ်ရှာရီဒါ အယ်လ်ကာဘီကပြောပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံး သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ကာတာဟာ ဆိုလာ စွမ်းအင်အပေါ်မှာ ရင်းနှီးမြှပ်နှံမှုတွေကို ပြုလုပ်ဖို့ ကျယ်ပြန့်စွာ တွန်းအားပေးဆောင်ရွက်တဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ယခုဆိုလာစွမ်းအင်စီမံကိန်းကို ၂၀၁၆ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက တိုတယ်စွမ်းအင်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံက မာရူဘီနီကုမ္ပဏီတို့နှင့် ပူးပေါင်းအကောင်အထည်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။
စီမံကိန်းရဲ့ စုစုပေါင်းကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၆၇သန်းနှင့်ညီမျှတဲ့ ကာတာရီယယ််ငွေ ၁,၇ ဘီလျံ ရှိခဲ့ပါတယ်။ စီမံကိန်းမှာ ဆိုလာပြားပေါင်း ၁.၈သန်းကို ၃.၉ စတုရန်းမိုင်မှာ တပ်ဆင်ထားတာလည်းဖြစ်ပါတယ်။
ဇွန်လကစပြီး စတင်လည်ပတ်နိုင်တဲ့ အဆိုပါစက်ရုံဟာ လျှပ်စစ်ဓာတ်အား ၈၀၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ပြီး လာမယ့်နှစ်တွေမှာ ထပ်မံတိုးချဲ့ဦးမယ်လို့ ကာဘီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒီစီမံကိန်းဟာ ဓာတ်ငွေနှင့် အပူငွေ့ထုတ်လုပ်မှုတွေ လျော့ချရေးကို ကူညီနိုင်တဲ့ စီမံကိန်းတွေကို တည်ဆောက်ဖို့ မဟာဗျူဟာမြောက် ဦးစီးဦးရွက်မှုတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
နေ့ခင်းဘက်မှာ နေရောင်သွားရာလိုက်တဲ့ နည်းပညာတွေက ဆိုလာပြားတွေကို ရွှေ့ပေးပြီး အမြင့်မားဆုံး နေရောင်ခြည် ရရှိအောင်ဆောင်ရွက်ပေးပြီး ညဘက်မှာတော့ စက်ရုပ်လက်ကြီးတွေက ဖုန်တွေကို ဖယ်ရှားပေးပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီဆိုလာစက်ရုံကထုတ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို အသုံးပြုပြီး ကာတာက “ ပထမဆုံး "net zero" ကမ္ဘာ့ဖလား” အဖြစ် ဆင်နွှဲမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီစက်ရုံက နိုဝင်ဘာနှင့် ဒီဇင်ဘာ မှာ ဘောလုံးပွဲတွေကစားကြမယ့် အားကစားရုံတွေအတွက် လျှပ်စစ်ဓာတ်အားပေးမပေးတော့ အတည်မပြုသေးပါဘူး။
၂၀၃၅ခုနှစ်မှာ ဆိုလာကနေ လျှပ်စစ်ဓာတ်အးကို ၅ ဂစ်ဂါဝပ်အထိထုတ်လုပ်နိုင်ဖို့ ကာတာက ရည်မှန်းဆောင်ရွက်နေပါတယ်။
ကာတာစော်ဘွား ရှိတမင်ဘင် ဟာမက်အယ်သာနီဟာ ဒီဆိုလာစက်ရုံဖွင့်ပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။
Source AFP
#Qatar_opens_solar_power_plant
#Solar_Power_Plant_ al-Kharsaah
#Sheikh_Tamim_bin_Hamad_al-Thani
Published 18 Oct 2022
မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန်စီစဉ်နေတယ်လို့ နစကဥက္ကဋ္ဌကပြောကြားပါတယ်။
အောက်တိုဘာ ၁၈ ရက် က မွန်ပြည်နယ်မော်လမြိုင်တွင် ကျင်းပသည့် မွန်ပြည်နယ်ရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး MSMEလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“မော်လမြိုင်မှာ ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိတော့ပါဘူး။ အဲဒါကြောင့် မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ချက်ရှိနေပါတယ်။ အလားတူပဲ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေပါတယ်။ နောင်တစ်ချိန်မှာ မော်လမြိုင်ဒေသသကို ခရီးသွားတွေပိုမိုဝင်ရောက်လာစေဖို့နှင့် လေကြောင်းမှ ကုန်စည်စီးဆင်းမှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ပြည်ပမှ သွင်းကုန်တွေထိန်းချုပ်ပေးတဲ့အတွက် ပြည်တွင်းစက်မှုလုပ်ငန်းတွေ အားကောင်းလာပြီး အလုပ်အကိုင်တွေ ပိုများလာကြောင်း၊နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစပြီး စီးပွားရေးကျဆင်းခဲ့ပေမယ့် ယခုအခါ နိုင်ငံရဲ့ စီးပွားရေးဟာ ပြနလည် တည်ငြိမ်ကောင်းမွန်လာပြီဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲမှာ မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တွေက လိုအပ်ချက်တွေနှင့် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးစေလိုတဲ့ အခြေအနေတွေကိုလည်းဆွေးနွေးတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
သူတို့ရဲ့တင်ပြချက်တွေထဲမှာ ရော်ဘာလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ပံ့ပိုးကူညီပေး စေလိုရေး၊ဆားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ဆားကို ပြည်တွင်းပြည်ပရောင်းချရာမှာ အဆင့်မြင့်ဆားတွေထုတ်လုပ်နိုင်ဖို့ နိုင်ငံတော်ကကူညီပေးရေး၊ ငါးမွေးမြူရေး၊ စက်မှုဇုန်လုပ်ငန်းများနှင့် ယက်ကန်းလုပ်ငန်းများတွင် အရင်းမပျောက်မတည်ချေးငွေများနှင့် အတိုးနှုန်းသက်သာသည့်ချေးငွေတွေထုတ်ချေပေးရေး၊ သံရည်ကျိုလုပ်ငန်းနှင့် သတ္ထုထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာရရှိစေရေးတွေပါဝင်တယ်လို့သိရပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်မှု၊စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း အလားအလာများနှင့် ဆောင်ရွက်သင့်တာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနှင့် ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းခန့် ကွာဟနေတာတွေ့ရပြီး ယင်းသည် တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းကြောင့်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုပြီး အချို့သော EAO ဟာ တရားမဝင်ကုန်သွယ်ရေးတွေမှာ ပါဝင်လျက်ရှိနေတယ်လို့လည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဟာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသေးစား၊အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းMSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်တိုက်တွေ့ဆုံမှုတွေပြုလုပ်နေတာဖြစ်ပြီး ယမန်နေ့ကလည်း ကရင်ပြည်နယ်က လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံခဲ့ပါတယ်။
-ymg/knl
#Mon_State_Myanmar
#Myanmar_MSME
#SG_Min_Aung_Hlaing
Published 18 Oct 2022
ကမ္ဘာပေါ်မှာ အကြီးဆုံးစိန်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ရွှေကနေရီလို့အမည်ပေးထားတဲ့ ညိုဝါရောင် စိန်တစ်ပွင့်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ဆာသူဘီကုမ္ပဏီမှာ ပြသထားပါတယ်။ အဲဒီ ရွှေကနေရီစိန်ပွင့်ကြီးဟာ အလေးချိန်အားဖြင့် ၃၀၃.၁ ကာရက်ရှိပါတယ်။
အဆိုပါစိန်ကြီးဟာ အပြစ်အနာအဆာကင်းပြီး အမေရိက ကျောက်မျက်သိပ္ပံက အတွင်းမှာ အပြစ်အနာအဆာကင်းတဲ့ စိန် အဖြစ် အဆင့်အတန်းသတ်မှတ်ပေးထားပါတယ်။
ဒီလို ရင်သပ်ရှုမောစရာ စိန်ကြီးရဲ့အရွယ်အစားအတိုင်းက ကမ္ဘာပေါ်မှာ ရှာတွေ့ထားတာ စုစုပေါင်း စိန်ပွင့်ကြီးငါးပွင့်ပဲ ရှိပါသေးတယ်။ နောက်ပြီးထူးခြားချက်က ရွှေကနေရီစိန်ကြီးဟာ အဲဒီကြီးမားတဲ့ စိန်ပွင့်ကြီးထွေတဲက တစ်ပွင့်ကနေ ပြန်လည်ဖြတ်တောက်သွေးယူထားတာဖြစ်ပါတယ်။
Source AFP
#Golden_Canary
#Brownish-yellow_Diamond
#Sotheby_Dubai
Published 17 Oct 2022
ကရင်ပြည်နယ်ဟာ သဘာဝအလှအပများစွာရှိတဲ့အတွက် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်က အားပေးဆောင်ရွက်ပေးနေတယ်လို့ နစက ဥက္ကဋ္ဌ ကပြောကြားပါတယ်။
အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့က ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်တွေနှင့် ကရင်ပြည်နယ်ဘားအံမြို့မှာ တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ အိမ်သာလျှင် ဧည့်လာမှာမို့ ဒေသတွင်း ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်ကောင်းတွေရှိဖို့နှင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခုဖြစ်ဖို့ ဒေသခံတွေနှင့် ဒေသမှာ လာရောက်အမှုထမ်းနေကြတဲ့ နိုင်ငံဝန်ထမ်းတွေအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲမှာ ကရင်ပြည်နယ်ရှိ လုပ်ငန်းရှင်တွေက ယင်းတို့ရဲ့လိုအပ်ချက်တွေကိုလည်း တင်ပြခဲ့ကြတယ်လို့သိရပါတယ်။ လုပ်ငန်းရှင်တွေ တင်ပြတာတွေထဲမှာ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိလိုမှု၊ မျိုးကောင်းမျိုးသန့်လိုအပ်မှု၊ လုပ်ငန်းတွေတိုးချဲ့ဖို့ မြေလိုအပ်မှု၊ဓာတ်မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိလိုမှု၊စိုက်ပျိုးရေးချေးငွေတွေ ရရှိလိုမှု၊ရာဘာလုပ်ငန်းအတွက် အဆင့်မြင့်နည်းပညာသုံးစက်ရုံတွေ လိုအပ်နေမှု၊ ဒေသပြောင်းတွေကို ပြည်ပသို့ လွယ်ကူစွာတင်ပို့နိုင်ဖို့ သတ်မှတ်ချက်တွေဖြေလျော့ပေးစေလိုမှု၊ ဘားအံတွင် ကုန်စည်ဒိုင်၊ပွဲရုံ၊ကားကြီးကွင်းတွေကို ဆောင်ရွက်ပေးစေလိုမှု၊ရေကြီးရေလျှံမှုမဖြစ်စေရေး သံလွင်မြစ်ကမ်းနံဘေးရှိ ပိတ်ဆို့နေတဲ့ တူးမြောင်းတွေ ပြန်လည် တူးဖော်ပေးဖို့ စတာတွေဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းတွေကို အသုံးပြုပြီး ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အခြေအနေတွေ၊စိုက်ပျိုးရေးလုပ်ငန်း ခေတ်မီတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊မွေးမြူရေးလုပ်ငန်းတွေကို မြေလွတ်မြေရိုင်းများမှာ စနစ်တကျဆောင်ရွက်နိုင်တဲ့အလားအလာတွေနှင့် ရင်းနှီးမြှပ်နှံရေးချေးငွေကိစ္စ စတာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက အသေးစိတ်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တွေ့ဆုံပွဲအပြီးမှာ ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ ဘားအံစက်မှုဇုန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Precision Auto Engineering ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ Bajaj အမှတ်တံဆိပ် သုံးဘီးကားတွေ ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ Bajaj ဟာ အိန္ဒိယနိုင်ငံ မော်တော်ယာဉ်တစ်ခုရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ အဆိုပါသုံးဘီးကားတွေကို မြန်မာနိုင်ငံဒေသအားလုံးကို ရောင်းချပေးနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ဘားအံမြို့ကိုရောက်ရှိနေစဉ်အတွ်း ဇွဲကပင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှုနှင့် ဘားအံမြို့နှင့် မော်လမြိုင်မြို့တွေမှာရှိတဲ့ တပ်မတော် ဆေးရုံတွေကိုသွားရောက်ခဲ့ပါတယ်။ တပ်မတော်ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးတိုးတက်မှုအခြေအနေတွေကို တစ်ဦးချင်းတွေ့ဆုံ အားပေးခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။
-ymg/knl
#Kayin_State
#SG_Min_Aung_Hlaing
#MSME_Myanmar
Published 14 Oct 2022
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ကွာဇီကွာတင်းဟာ တာဝန်ထမ်းဆောင်မှု ရက်သတ္တပတ်ခြောက်ပတ်ပင် မပြည့်သေးတဲ့ အချိန်မှာ ရာထူးမှထုတ်ပယ်ခြင်းခံရတယ်လို့ ဘီဘီစီက ယနေ့ အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကွာတင်းဟာ ဘဏ္ဍာရေးဝန်ကြီး မဟုတ်တော့ဘူးလို့ ဘီဘီစီကပြောပါတယ်။
ကွာတင်းဟာ လန်ဒန်ကို ခပ်စောစောပြန်လာလို့ရအောင် သူ့ရဲ့ ဝါရှင်တန်ခရီးကို ဖြတ်တောက်ခဲ့ပါတယ်။ ဝါရှင်တန်မှာ သူဟာ ဘဏ္ဍာရေးဈေးကွက်ကို ကသောင်းကန်းဖြစ်စေခဲ့တဲ့ စီးပွားရေးအစီအစဉ်အချို့ကို ပယ်ဖျက်ပစ်ဖို့ ရှိပါတယ်။
ဝန်ကြီးချုပ် လစ်ဇ်ထရပ်ဟာ သောကြာနေ့နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပေးဖို့ရှိပါတယ်။
ကွာတင်းကို ရာထူးမှထုတ်ပယ်လိုက်တာဟာ ဗြိတိန်နိုင်ငံအတွက် ၁၉၇၀ခုနှစ်ကတည်းကဆိုရင် သက်တမ်းအတိုဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်စေခဲ့ပါတယ်။ သူ့ကို ဆက်ခံမည့်သူဟာ ဗြိတိန်ရဲ့ လပေါင်းများစွာ လူနေမှု စရိတ် အကျပ် အတည်းနှင့် ရင်ဆိုင်နေရချိန်မှာ စတုတ္ထမြောက် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမှာပါ။
အောက်တိုဘာ ၃ ရက်က ထရပ်ဟာ ကွာတင်းကြေညာခဲ့တဲ့ မီနီဘတ်ဂျက်ရဲ့ အစိတ်အပိုင်းတွေကို မြင့်မားတဲ့ဝင်ငွေခွန်ကို လျှော့ချဖြတ်တောက်ပေးခဲ့ရခြင်းဖြင့် အတင်းအကျပ် ပြောင်းပြန် ပြန်လှန်ပေးခဲ့ရတယ်။
အဲဒီမီနီဘတ်ဂျက်ကြောင့် ပေါင်စတာလင်ဟာ ဒေါ်လာနှင့်ယှဉ်ရင် စံချိန်တင် နိမ့်ကျသွားခဲ့ရပါတယ်။
Source Channel News Asia
#Liz_Truss
#UK
#Kwasi_Kwarteng
Published 12 Oct 2022
ရုရှားထံမှ လောင်စာဆီများဝယ်ယူရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ၊မော်စကိုမြို့တော်ကိုရောက်ရှိနေတယ်လို့ RIA သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့မှာ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားထံမှ နှစ်စဉ် ဓာတ်ဆီ တန်ချိန် (၂)သန်းနှင့် ဒီဇယ် တန်ချိန်(၄)သန်းဝယ်ယူလိုတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဦးမျိုးမြင့်ဦးနှင့် ဦးသောင်းဟန်တို့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ အောက်တိုဘာ ၁၂ ရက်မှ ၁၄ရက်အထိ ကျင်းပမယ့် ရုရှား စွမ်းအင်ရက်သတ္တပတ် Russian Energy Week ပွဲကို တက်ရောက်ရင်း လောင်စာဆီဝယ်ယူဖို့ကိစ္စ အသေးစိတ်ညှိနှိုင်းကြမှာဖြစ်ပါတယ်လို့ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက RIA ကိုပြောပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလက်ဒီမာပူတင်တို့ အဆိုပါကိစ္စပြောဆိုခဲ့ကြပြီးဖြစ်ကာ သမ္မတပူတင်က လောင်စာဆီတွေပေးပို့ဖို့ကိစ္စသဘောတူပြီးသားဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အခုကိစ္စက ငွေပေးချေဖို့ကိစ္စဖြစ်ပြီး ရုရှားငွေ ရူဘယ်နှင့်ပေးချေမလား တရုတ်ယွမ်ငွေနှင့်ပေးချေမလားဆိုတာ ဆွေးနွေးသဘောတူကြဖို့ရှိတယ်လို့လည်း သံအမတ်ကြီးဦးလွင်ဦးကပြောတယ်လို့ သတင်းမှာရေးသားထားပါတယ်။
Source RNI
#Myanmar_Russia
#Myanmar_Energy
#Myanmar
Page 29 of 57