#World_News
Published 5 August 2022
အမေရိကန်ပြည်ထောင်စုက မျောက်ကျောက်ရောဂါကို အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ကြေညာလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးချုပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ရောဂါတိုက်ဖျက်ရန် ရန်ပုံငွေများနဲ့ ပစ္စည်းကိရိယာများ အသုံးပြုရတော့မယ့်အနေအထား မြင်တွေ့လာရပါတယ်။
အမေရိကန်မှာ ဗုဒ္ဓဟူးနေ့အထိ မျောက်ကျောက်ရောဂါကူးစက်သူ ၆,၆၀၀ အထိရှိလာပြီး ကူးစက်သူအားလုံးနီးပါးက ယောက်ျားချင်း လိင်တူဆက်ဆံသူများဖြစ်ပါတယ်။
"ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နောက်ထပ်အဆင့်မြင့် တုံ့ပြန်မှုများပြုလုပ်သွားဖို့ ပြင်ဆင်ထားပြီး အမေရိကန်ပြည်သူအားလုံး ဒီရောဂါကို အထူးဂရုစိုက်ဖို့ တိုက်တွန်းလိုပါတယ်" လို့ ကျန်းမာရေးနှင့်လူ့အဖွဲ့အစည်းဝန်ဆောင်မှုဝန်ကြီးချုပ် 'ဇာဗီယာဘက်ဆဲရာ'က ပြောကြားခဲ့ပါတယ်။
ယခုလိုကြေညာလိုက်ခြင်းဖြင့် မျောက်ကျောက်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်တဲ့အချက်အလက်တွေကို ပိုမိုအသုံးချပြင်ဆင်သွားမှာဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ညွှန်ကြားရေးမှူး'ရိုရှဲလ်ဝယ်လန်စကီ'ကလည်း ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရအဖွဲ့အနေနဲ့ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ရာမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အာဖရိကကနေ စတင်ပျံ့ပွားလာတဲ့ မျောက်ကျောက်ရောဂါဟာ ဥရောပကိုရောက်ရှိပြီးနောက် အမေရိကန်အထိရောက်ရှိလာခဲ့ကာ အခုဆိုရင် အမေရိကန်မှာ ကူးစက်မှုအများဆုံးဖြစ်နေပါပြီ။
ကာကွယ်ဆေးနဲ့ ကုသဆေးတွေရှားပါးလာပြီး လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို ထိန်းချုပ်တဲ့အထဲမှာ ဒီရောဂါအတွက် ထောက်ပံ့မှုအနည်းငယ်သာ ရရှိထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း မျောက်ကျောက်ရောဂါကို နိုင်ငံတကာအဆင့် အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် အထူးသတိရှိဖို့ ကြေညာထားပါတယ်။
နိုင်ငံတကာမှ ပူးပေါင်းတုံ့ပြန်ဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေးကုသဆေးများအတွက် ရန်ပုံငွေသုံးစွဲခွင့်ရဖို့ကိုလည်း WHO က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
အစိုးရအဖွဲ့များက ကျောက်ရောဂါအတွက် အရင်ဆုံးအသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး ကုသဆေးများတွေဟာ မျောက်ကျောက်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အမေရိကန်အစိုးရက Bavarian Nordic ရဲ့ Jynneos ကာကွယ်ဆေးပေါင်း ၆ သိန်းကို ဖြန့်ဝေထားပြီး Siga Technologies ရဲ့ TPOXX ဆေး ၁၄,၀၀၀ ကိုလည်း ဖြန့်ဝေထားကာ ဘယ်နှယောက်ထိုးနှံထားပြီးလဲဆိုတာကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။
အစိုးရကတော့ ရောဂါကူးစက်နိုင်ချေများတဲ့သူ ၁.၆ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားကြောင်း 'ဝယ်လန်စကီ'က ဆိုပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်ရန် အစီအစဉ်အစိတ်အပိုင်းတစ်ခုအနေနဲ့ လိင်တူအသိုင်းအဝိုင်းမှ ခေါင်းဆောင်များနဲ့ ဆွေးနွေးဖို့ကလည်း အရေးကြီးကြောင်း၊ သူတို့ရဲ့လူနေမှုပုံစံကိုလည်း မရှုတ်ချမိစေရန် သတိထားဖို့လိုအပ်ကြောင်း အမေရိကန်အစိုးရအဖွဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ်'အန်သိုနီဖော်ချီ'က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 5 August 2022
အိုမီခရွန်မျိုးဗီဇကွဲက အရင်ကိုရိုနာဗိုင်းရပ်စ်တွေထက်စာရင် ကလေးတွေရဲ့နှာခေါင်းကနေ ပိုမိုကူးစက်ဝင်ရောက်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ကပ်ရောဂါအစပိုင်းမှာတော့ ဗိုင်းရပ်စ်ဟာ လူကြီးတွေရဲ့နှာခေါင်းထက်စာရင် ကလေးတွေရဲ့နှာခေါင်းကနေ ဝင်ရောက်နိုင်ချေပိုနည်းခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းက ကလေးတွေရဲ့နှာခေါင်းတလျှောက်ကဆဲလ်တွေမှာ ရောဂါခုခံအားက ပိုမိုအားကောင်းနေပြီး ဗိုင်းရပ်စ်မျိုးပွားဖို့ အလွန်ခက်ခဲပါတယ်။
ဒါပေမဲ့ ကျန်းမာတဲ့ကလေး ၂၃ ဦးနဲ့ ကျန်းမာတဲ့လူကြီး ၁၅ ဦးတို့ထံမှ နှာခေါင်းဆဲလ်တွေကိုရယူပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပေါင်းစပ်စမ်းသပ်တဲ့အခါမှာတော့ ကလေးတွေရဲ့နှာခေါင်းဆဲလ်တွေထဲက ရောဂါပိုးခုခံနိုင်စွမ်းဟာ အိုမီခရွန်ကိုကာကွယ်ရာမှာ သိသိသာသာအားနည်းနေခဲ့ပါတယ်။
ဒီတွေ့ရှိချက်ကို PLOS Biology မှာ တနင်္လာနေ့က ဖော်ပြခဲ့ကြပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲက အရင်ဗိုင်းရပ်စ်တွေနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတိုထက်စာရင် ကလေးတွေရဲ့နှာခေါင်းဆဲလ်တွေထဲမှာ ပိုပြီးပွားများနိုင်ကြောင်း ဖော်ပြထားပါတယ်။
အိုမီခရွန်ကူးစက်မှုလှိုင်းကာလအတွင်း ကလေးသူငယ်တွေမှာ ကူးစက်မှုမြင့်မားလာခြင်းကလည်း အဆိုပါတွေ့ရှိချက်နဲ့ ကိုက်ညီနေကြောင်း သုတေသီများဖော်ပြခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 5 August 2022
CD8+ TRLs ဆဲလ်အစုပိုင်းဟာ လျင်မြန်တဲ့သက်ရောက်မှုရှိပြီး ကြွက်တွေမှာ လေဖြတ်နိုင်ချေကို ကောင်းစွာကာကွယ်ပေးနိုင်တာကြောင့် လူတွေမှာလည်း လေဖြတ်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းဖြစ်လာနိုင်ဖွယ်ရှိကြောင်း ပစ်ဘာ့ဂ်တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
ထိုလေ့လာချက်ဟာ ကြွက်တွေမှာ CD8+ TRLs ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ယုံကြည်ချက်ရှိနေတဲ့ နောက်ထပ်ဆဲလ်အစုအသစ်ကတော့ CD8+CD122+ T ဆဲလ်များဖြစ်ပါတယ်။
CD8+ TRLs ဆဲလ်တွေက အခြားပုံမှန်ခုခံအားဆဲလ်တွေထက် ဦးနှောက်ထဲသို့ အလျင်အမြန်ဝင်ရောက်နိုင်ပြီး ဦးနှောက်ပိုင်းဆိုင်ရာကာကွယ်မှုပေးတဲ့အပြင် ဒုတိယအဆင့်ဦးနှောက်ထိခိုက်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်မယ့် မော်လီကျူးတွေကို အရင်ဆုံးထုတ်ပေးကြပါတယ်။
အခြားခုခံအားဆဲလ်တွေနဲ့ပူးပေါင်းပြီး ဦးနှောက်ကိုရေရှည်ကာကွယ်ပေးပါတယ်။
CD8+ TRLs ကို လေဖြတ်နေတဲ့ကြွက်တွေရဲ့သွေးထဲကနေ ဖယ်ရှားပြီး ၂၄ နာရီအတွင်းမှာပဲ သွေးမလျှောက်တော့တဲ့ ဦးနှောက်အစိတ်အပိုင်းနေရာဟာ CD8+ TRLs ပုံမှန်ဆက်ရှိနေတဲ့ကြွက်တွေရဲ့ ဦးနှောက်နဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းပိုကြီးလာပါတယ်။
ဒါ့အပြင် ဓာတ်ခွဲခန်းကပြင်ဆင်ထားတဲ့ CD8+ TRLs ထိုးသွင်းထားတဲ့ကြွက်တွေဟာ ကုသခြင်းမခံရတဲ့ကြွက်တွေထက် ပိုပြီးမြန်မြန်သက်သာလာပါတယ်။
ဦးနှောက်ကိုသွားဖို့ သွေးစီးဆင်းမှုက ရပ်ဆိုင်းသွားပြီဆိုရင် လေဖြတ်ခြင်းဖြစ်ပေါ်ပြီး ကမ္ဘာတဝန်းမှာ ဒုတိယအသေအများဆုံးအကြောင်းအရင်းဖြစ်ပါတယ်။
မကုသဘဲပစ်ထားမယ်ဆိုရင် လေဖြတ်ခြင်းကနေ လှုပ်ရှားနိုင်စွမ်းမရှိခြင်း၊ စကားပြောဆိုနိုင်စွမ်းမရှိခြင်း၊ အသိဉာဏ်စွမ်းရည်ထိခိုက်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
လေ့လာချက်အသစ်ကြောင့် လူသားတွေနဲ့စမ်းသပ်တဲ့အခါ လေဖြတ်ဝေဒနာသည်တွေအတွက် ကုသနိုင်ဖွယ်ရှိနေကြောင်း လေ့လာချက်စာတမ်းပြုစုသူ'ရှောင်မင်းဟူ'က မျှော်လင့်နေပါတယ်။
"CD8+ TRLs က လျင်လျင်မြန်မြန်တုံပြန်နိုင်ပါတယ်၊ ဦးနှောက်ကို ရေရှည်ကာကွယ်ပေးနိုင်ပါတယ်၊ ဒါ့အပြင် ဒီဆဲလ်တွေကို လည်ပတ်နေတဲ့သွေးထဲကနေ အလွယ်တကူရယူနိုင်ပါတယ်၊ သုတေသီပေါင်းထောင်ပေါင်းများစွာက လေဖြတ်ဝေဒနာသည်တွေအတွက် ကုသနည်းရှာဖွေနေကြပေမယ့် တကယ်ရတဲ့နည်းလမ်းတွေကတော့ အတော်နည်းပါးနေပါတယ်၊ အခုအချိန်မှာတော့ မျှော်လင့်ချက်လမ်းစလေး မြင်လာရပါပြီ" လို့ ဆိုခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 5 August 2022
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့တောင်ပိုင်း ချွန်ဘူရီပြည်နယ်က နိုက်ကလပ်တစ်ခုမှာ ယနေ့ ဩဂုတ် ၅ ရက် သောကြာနေ့ မနက်စောစော တစ်နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ယခုအချိန်ထိ လူပေါင်း ၄၀ခန့်အထိသေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ ဆင်ဟွာနှင့်ရိုက်တာသတင်းများအရသိရပါတယ်။
ဆက်တာဟစ် ခရိုက်က Mountain B နိုက်ကလပ်မှာ မနက်၁နာရီကစတင် မီးလောင်တာကို ဖုန်းသတင်းအရသိရှိရတယ်လို့ ရဲမှူးကြီး ဝစ်တီပေါင် ဆွမ်ဂျိုင်က ပြောပါတယ်။ လောလောဆယ်သတင်းများအရ သေဆုံးသူတွေဟာ ထိုင်းနိုင်ငံသားတွေလို့ သိရပါတယ်။ ရိုက်တာက သေဆုံးသူ ၁၃ ဦးနှင့်ဒဏ်ရာရသူ ၃၅ ဦးလို့ သတင်းရေးသားပေမယ့် နောက်ဆုံးရ ဆင်ဟွာသတင်းမှာတော့ ထိုင်းဒေသခံမီဒီယာတွေကို ကိုးကားပြီး သေဆုံးသူ ၄၀ဦးအထိရှိလာပြီလို့ ဖော်ပြထားတာဖြစ်ပါတယ်။
Source: Reuters/Xinhua.. Video_Tiktok @asc.Thailand
#World_Wildlife
Published 4 August 2022
ကမ္ဘောဒီးယားနိုင်ငံ အန်ကာဝတ်ဘုရားကျောင်းအနီးက သစ်တောထဲကနေ မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ မျောက်မျိုးစိတ်တွေရဲ့အသံတွေကို ကြားနေရပါတယ်။
#Yangon_Media_Group
Published 4 August 2022
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အရှေ့ပိုင်းကမ်းခြေမှာ စပမ်းဝေလငါးကြီးတစ်ကောင် သောင်တင်ပြီး သေဆုံးနေတာ တွေ့ကြရပါတယ်။ အဲဒီဝေလငါးကြီးဟာ ၅၆ ပေ ရှည်လျားပြီး အစပထမမှာ ဆိပ်ကမ်းတစ်ခုအနီး အသက်ရှင်လျက် သောင်တင်နေတာတွေ့ခဲ့ကြရပြီး နောက်တစ်ရက် ဒေသခံတွေက ကယ်တင်ဖို့ ရောက်မလာခင် မှာ သေဆုံးသွားတာဖြစ်ပါတယ်။
Source AFP
#Sperm_Whale
#Java_Indonesia
#Nature
Published 4 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်တိုင်းလက်အောက်က ဒုံးပျံတပ်ဖွဲ့ဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးလှုပ်ရှားမှုအဖြစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းခြေက ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒုံးကျည်တွေကို လက်တွေ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲသလိုပစ်ခတ်မှုမှာ ပစ်မှတ်တွေအားလုံးကို တိတိကျကျထိမှန်ခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ရှီယီကပြောပါတယ်။
နေရာပေါင်းစုံကနေ သမားရိုးကျ ဒုံးကျည်မျိုးစုံကို တိကျစွာထိမှန်မှုနှင့် area denial တို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးရှီကပြောပါတယ်။
ဒုံးပျံတပ်ဖွဲ့ဟာ လေ့ကျင့်ပစ်ခတ်မှုတွေအားလုံး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးရှီကဆက်ပြောပါတယ်။
Source: CCTV +
#China_Live_Fire_Missile
#China_Taiwan_Tension
#Military_drill_China
Page 677 of 862