#WorldHealth
Published 09 February 2022
၂၀၁၉ ခုနှစ်မှာ စတင်ကူးစက်ပျံ့နှံခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးကိုပျံ့နှံရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို နည်းလမ်းများစွာဖြင့် ထိန်းချုပ်ခဲ့ကြပေမယ့် သန္ဓေဆင့်ကဲပြောင်းလဲခြင်းကိုတော့ မတားဆီးနိုင်ကြပါဘူး။
အခုအချိန်မှာတော့ အားလုံးသိရှိထားတဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးဗီဇကွဲအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။
အချိုမျိုးဗီဇကွဲတွေက လူသားတွေရဲ့နေ့စဉ်ဘဝကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်သလို အချို့မျိုးဗီဇကွဲတွေကတော့ အလျင်အမြန်သက်သားပျောက်ကင်းတတ်ပါတယ်။
ကမ္ဘာတဝန်းရှိ သုတေသီအနည်းစုက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူသားတွေကိုကူးစက်ခဲ့တဲ့ မျိုးဗီဇကွဲတွေရဲ့ ဖွဲ့စည်းပုံပြောင်းလဲနိုင်စွမ်းတွေနဲ့ ရောဂါပိုမိုကူးစက်စေတဲ့ မျိုးဗီဇကွဲတွေအကြောင်း သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ရာပါပိုတ်ဆေးပညာဌာနမှ ဒေါက်တာ'ယိုတမ်ဘာအွန်'နဲ့ ပါရဂူဘွဲ့ရကျောင်းသား'ဒိုင်နာခါတစ်'တို့ ဦးဆောင်ပြုလုပ်တဲ့ လေ့လာချက်မှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်တွေ ထွက်ပေါ်လာနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းကြောင့် မျိုးဗီဇကွဲအသစ်တွေ ပေါ်ထွက်လာတာဖြစ်ပြီး သန္ဓေပြောင်းလဲခြင်းဖြစ်ရပ်တွေက ဗိုင်းရပ်စ်ရဲ့ကူးစက်နိုင်စွမ်းနဲ့ ရှင်သန်နိုင်စွမ်းတို့ကို သိသိသာသာ ပြောင်းလဲခြင်းမရှိပေမယ့် အချို့ဆင့်ကဲပြောင်းလဲခြင်းတွေမှာတော့ ဗိုင်းရပ်စ်ကို ပိုမိုကူးစက်မြန်လာစေတတ်ပါတယ်။
လက်ရှိကပ်ရောဂါဖြစ်ပွားခြင်းတွေအရ လူသားတွေရဲ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ရဲ့ စပိုက်ခ်ပရိုတိန်းနေရာမှာ သန္ဓေပြောင်းလဲခြင်းတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
စပိုက်ခ်ပရိုတိန်း ဆင့်ကဲပြောင်းလဲလာခြင်းအပါအဝင် မျိုးဗီဇကွဲအမျိုးမျိုးနဲ့ သူတို့ရဲ့သန္ဓေပြောင်းလဲခြင်းဖြစ်ရပ်တွေကို လေ့လာသုံးသပ်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်တွေ ဖြစ်ပေါ်လာပုံကို သုတေသနတွေ ပြုလုပ်နေကြပါတယ်။
အဆိုပါ သုတေသနလေ့လာချက်တွေကြောင့် ထိရောက်တဲ့ mRNA ကိုဗစ်ကာကွယ်ဆေးတွေကို အလျင်အမြန်ထုတ်လုပ်လာနိုင်တာဖြစ်ပြီး ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
ယခုပြုလုပ်ခဲ့တဲ့ လေ့လာချက်အသစ်မှာတော့ သုတေသီတွေက ကိုဗစ်ရောဂါကူးစက်ထားတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဗီဇကွဲအသစ်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဗိုင်းရပ်စ်တစ်ခုချင်းစီရဲ့ မျိုးရိုးဗီဇတွေကို ချိတ်ဆက်လေ့လာပြီး အသက်ရှူလမ်းကြောင်းစနစ်မှာဖြစ်ပေါ်လာတဲ့ မျိုးဗီဇကွဲအမျိုးမျိုးကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။
တစ်ရှူးဆဲလ်တွေထဲမှာ အလွန်နည်းပါးတဲ့ပမာဏသာရှိနေပြီး လူနာကိုစစ်ဆေးရာမှာ မတွေ့ရှိနိုင်တဲ့ ဗိုင်းရပ်စ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
လေ့လာတွေ့ရှိချက်တွေထဲမှာ မပါဝင်ဘဲ တစ်ခါမှမမြင်ဖူးတဲ့ မျိုးဗီဇကွဲအမျိုးမျိုးကိုပါ တွေ့ရှိခဲ့ကြပါတယ်။
မျိုးဗီဇကွဲအမျိုးမျိုးအပေါ် လက်ရှိကိုဗစ်ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းကို လေ့လာကြရာမှာလည်း စပိုက်ခ်ပရိုတိန်းမှ သန္ဓေပြောင်းလဲမှုအမျိုးအစားပေါ်မူတည်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ရောဂါကူးစက်ထားတဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းလဲလာတဲ့ မျိုးဗီဇကွဲတွေဟာ လူတစ်ဦးမှတစ်ဦး မကူးစက်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Published 8 Feb 2022
အကြမ်းဖက်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် ဘုံရန်သူဖြစ်ပြီး ယင်းကိုတိုက်ဖျက်ရာမှာ မလိုတစ်မျိုး လိုတစ်မျိုး စံနှုန်းနှစ်မျိုးမထားသင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဂျောင်လီဂျန်းကပြောဆိုလိုက်ပါတယ်။
အိုင်အက်စ်ခေါင်းဆောင်သေဆုံးစေခဲ့တဲ့ အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေကျေဒဏ်ရာရမှုတွေရှိခဲ့တဲ့အပေါ် သတင်းထောက်တွေရဲ့မေးခွန်းကို သူက ဖြေကြားခဲ့တာပါ။
Source: CCTV Plus
#WorldNews
Published 08 February 2022
ရုရှားနိုင်ငံနဲ့ နိုင်ငံရေးတင်းမာမှုများရှိနေတာကြောင့် စစ်ကူဖြည့်တင်းတဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်အများအပြားဟာ ပိုလန်နိုင်ငံသို့ တနင်္ဂနွေနေ့ကရောက်ရှိလာခဲ့ပြီး စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေတွေကို တားဆီးဟန့်တားဖို့နဲ့ လိုအပ်လာရင် နေတိုးတပ်ဖွဲ့ကို စစ်ကူပေးသွားမှာဖြစ်ကြောင်း တပ်မှူးတစ်ယောက်က ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Published 8 Feb 2022
ကိုဗစ်တိုက်ဖျက်ရေးအစီအမံတွေကိုဆန့်ကျင်တဲ့ ထရပ်ကားမောင်းသမားတွေဟာ ကနေဒါနိုင်ငံ အိုတာဝါမှာ မြို့တော်ဝန်က ဆန့်ကျင်ဆန္ဒပြနေတဲ့အပေါ် အရေးပေါ်အခြေအနေကြေညာပြီး နောက်တစ်ရက်အထိ အိုတာဝါမြို့လယ်လမ်းမတွေကို ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
ရာပေါင်းများစွာသော ထရပ်ကားတွေဟာ ကနေဒါမြို့တော်လမ်းမတွေပေါ်မှာပြည့်ကျပ်နေခဲ့တာဖြစ်ပါတယ်။ အိုတာဝါ မြို့တော်ဝန်က ကိုဗစ်စည်းကမ်းကန့်သတ်ချက်တွေကို ဆန့်ကျင်နေကြတာတွေကို အင်အားပြပြီးအဆုံးသတ်ပေးဖို့ ဖက်ဒရယ်အာဏာပိုင်တွေထံ အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီကိစ္စဟာ ရက်ကြာလာတဲ့အတွက် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ရမလို ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒေါအစိုးရအတွက် နိုင်ငံရေးအကျပ်အတည်းဖြစ်လာနေပါတယ်။
Source AFP
#DailyNews
Published -7 Feb 2022
၁။ ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်း ပိုမိုပြင်းထန်လာ။
၂။ စစ်တွေဆိပ်ကမ်းသို့ သင်္ဘောကြီးများဝင်ထွက်နိုင်ရေး သောင်တူးဖော်သည့်လုပ်ငန်းလုပ်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စစ်ပွဲဖြစ်လာနိုင်ချေများကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်နိုင်ငံသို့ ထပ်မံရောက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 08 February 2022
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းကိုကျူးကျော်လာပါက Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို အဆုံးသတ်ဟန့်တားပစ်မယ်လို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ဘန်ဒန်ဟာ အနောက်နိုင်ငံက ဥရောပအတွင်းစစ်ပွဲဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ထားပြီး ဂျာမနီနိုင်ငံအဓိပတိအကြီးအမှူး 'အိုလက်ဖ်ရှော့လ်ဇ်'နဲ့ စည်းလုံးညီညွတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ရုရှားကနေ ဂျာမနီအထိ ဆက်သွယ်ဆောက်လုပ်နေတဲ့ ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြီးဟာ ဆယ်စုနှစ်တိုင်တဲ့အထိ ကြာမြင့်နေပြီဖြစ်ပြီး ထိုစီမံကိန်းကို 'ဘိုင်ဒန်'က နှစ်ရှည်လများဆန့်ကျင်နေခဲ့ပါတယ်။
အသစ်တက်ရောက်လာတဲ့ ဂျာမနီခေါင်းဆောင်နဲ့ 'ဘိုင်ဒန်'တို့ အိမ်ဖြူတော်ရှိ မီဒီယာရှင်းလင်းပွဲမှာတွေ့ဆုံကြရာ ယူကရိန်းနယ်စပ်ကို ရုရှားစစ်တပ်များဝင်ရောက်လာပါက ဂတ်စ်ပိုက်လိုင်းကို ပိတ်ချပစ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
"ယူကရိန်းနယ်နိမိတ်ကို ရုရှားဘက်က တင့်ကားဖြစ်ဖြစ် စစ်သားပဲဖြစ်ဖြစ် ကျူးကျော်ပြီဆိုတာနဲ့ Nord Stream 2 ဂတ်စ်ပိုက်လိုင်းကို အဆုံးသတ်ပစ်မှာပါ။ ကျွန်တော်ကတိပေးပါတယ်။ မရရအောင် အဆုံးသတ်ပစ်မှာပါ" လို့ 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။
ယူကရိန်း၊ ရုရှား၊ ဒဏ်ခတ်ပိတ်ဆိုခြင်းကိစ္စတွေမှာ အမေရိကန်နဲ့ ဂျာမနီတို့က ဦးတည်ချက်အတူတူပဲဖြစ်ကြောင်း 'ရှော့လ်ဇ်'က ဆိုခဲ့ပေမယ့် Nord Stream 2 နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို တိုက်ရိုက်အတည်ပြုပြောကြားခြင်းမရှိသလို ခရီးလာရောက်လည်ပတ်စဉ်အတွင်းမှာလည်း ပိုက်လိုင်းအကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
ရုရှားတို့က ယူကရိန်းနယ်စပ်အနီးမှာ စစ်အင်အား ၁ သိန်းခန့် ဖြန့်ကျက်ထားပေမယ့် ကျူးကျော်ဖို့ရည်ရွယ်ထားခြင်းမရှိကြောင်း ဆိုလိုက်ပါတယ်။
အမေရိကန်မှအရာရှိတွေကတော့ ရုရှားတို့က ရက်ပိုင်းအတွင်း ဒါမှမဟုတ် လာမယ့်သီတင်းပတ်များအတွင်း တိုက်ခိုက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
လက်ရှိအကျပ်အတည်းကိစ္စမှာ 'ရှော့လ်ဇ်'အနေနဲ့ ထိထိရောက်ရောက် ဦးဆောင်ခြင်းမပြုနိုင်ဘူးလို့ ပြည်တွင်းပြည်ပမှ ဝေဖန်မှုများရှိနေပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကိုကျူးကျော်ပါက ဆုံးရှုံးမှုကြီးမားသွားမှာဖြစ်ကြောင်း ဆိုလိုက်ပြီး ဂျာမနီနဲ့ အမေရိကန်တို့က ရပ်တည်ချက်တူညီကြောင်း 'ရှော့လ်ဇ်းက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
ဂတ်စ်ပိုက်လိုင်း စတင်မထုတ်လွှတ်ခင်ကပင် ဂျာမနီနိုင်ငံရဲ့လိုအပ်ချက်တဝက်လောက်အတွက် ရုရှားဓာတ်ငွေ့ကို အသုံးပြုလျက်ရှိပါတယ်။
အနည်းဆုံး ၂၀၂၂ ခုနှစ် နောက်ပိုင်း ၆ လမတိုင်ခင်အထိ Nord Stream 2 ပိုက်လိုင်းကို ခွင့်ပြုဖို့ နှောင့်နှေးထားဦးမှာဖြစ်ပေမယ့် ပြီးခါနီးဖြစ်နေတဲ့စီမံကိန်းကို ဖျက်ပစ်ဖို့တော့ ငြင်းပယ်ခဲ့ပါတယ်။
'ဘိုင်ဒန်'နဲ့ 'ရှော့လ်ဇ်'တို့ဟာ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေးအရဖြေရှင်းဖို့ကိုသာ အလေးထားဆွေးနွေးခဲ့ကြပါတယ်။
Nord Stream 2 ဂတ်စ်ပိုက်လိုင်းကိစ္စမှာ 'ရှော့လ်ဇ်'အနေနဲ့ ဘယ်ဘက်ကရပ်တည်မလဲဆိုတာကို ရှင်းလင်းပြတ်သားဖို့လိုအပ်ပြီး ယူကရိန်းကိုထောက်ပံ့ကူညီဆဲဆိုတာကို အခြားနည်းလမ်းတွေနဲ့ သက်သေပြဖို့လိုအပ်နေပါပြီ။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 08 February 2022
အသက်အရွယ်ကြီးသူတွေမှာ တုပ်ကွေးကာကွယ်ဆေးပမာဏများများနဲ့ mRNA အားမြှင့်ကိုဗစ်ကာကွယ်ဆေး booster တို့ကို ပြိုင်တူထိုးနှံလို့ရကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ အတည်ပြုဖော်ပြလိုက်ပါတယ်။
အသက် ၆၅ နှစ်အထက်လူကြီး ၃၀၆ ယောက်ကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး စမ်းသပ်ထိုးနှံခဲ့ပါတယ်။
ပထမတစ်ဖွဲ့က ဆာနိုဖီကုမ္ပဏီမှထုတ်တဲ့ Fluzone High-Dose Quadrivalent တုပ်ကွေးကာကွယ်ဆေးနဲ့ မိုဒါနာကုမ္ပဏီမှထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ကို ပြိုင်တူထိုးနှံခဲ့ပါတယ်။
ဒုတိယတစ်ဖွဲ့က တုပ်ကွေးကာကွယ်ဆေးတစ်မျိုးကိုသာ ထိုးနှံပြီး တတိယအဖွဲ့က ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကိုသာ အသီးသီးထိုးနှံခဲ့ကြပါတယ်။
သွေးနမူနာများကို ကာကွယ်ဆေးတွေမထိုးခင်အချိန်နဲ့ ထိုးပြီး ၂၁ ရက်ကြာအချိန်တိုမှာ ရယူခဲ့ကြရာ ကာကွယ်ဆေး ၂ မျိုးကို တပြိုင်တည်းထိုးနှံခြင်းက ရောဂါခုခံအားထွက်ရှိမှုကို အကျိုးသက်ရောက်မှုမရှိစေဘဲ စမ်းသပ်တဲ့အဖွဲ့ ၃ ဖွဲ့စလုံးမှာ ပဋိပစ္စည်း antibody ထွက်ရှိမှုပမာဏ အတူတူဖြစ်နေကြောင်း လန်ဆက်အသက်ရှူလမ်းကြောင်းဆိုင်ရာဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
"ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေးတို့ကို ပြိုင်တူထိုးနှံခြင်းက စိတ်ပူစရာအခြေအနေမရှိပါဘူး။ လေ့လာစောင့်ကြည့်တဲ့အဖွဲ့က စမ်းသပ်ခံတဲ့သူတွေကို ကာကွယ်ဆေးထိုးပြီး ၆ လကြာတဲ့အထိ ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်" လို့ ဆာနိုဖီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
Page 814 of 820