#WorldBusiness
Published - 9 February 2022
Meta ကုမ္ပဏီနဲ့ ဥရောပသမဂ္ဂတို့ နောက်ထပ်တစ်ခါ ထိပ်တိုက်တွေ့ဆုံရဖွယ် ရှိနေပါတယ်။
ဥရောပသမဂ္ဂမှ လူမှုကွန်ရက်အချက်အလက်တွေကို အမေရိကန်သို့ ပြန်မပို့ပေးဖို့ စည်းမျဉ်းဥပဒေထုတ်ပြန်လိုက်ပါက ဥရောပရှိလူမှုကွန်ရက်ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Meta က နှစ်ပတ်လည်အစီရင်ခံစာမှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂမှ သုံးစွဲသူအချက်အလက်များကို အမေရိကန်ဆာဗာတွေကနေ မျှယူသုံးစွဲနိုင်တဲ့ အပြန်အလှန်သဘောတူညီချက် SCC ဟာ တရားမဝင်ဘူးလို့ အိုင်ယာလန်မှ အချက်အလက်စောင့်ကြည့်ကာကွယ်ရေးအဖွဲ့က Meta ကုမ္ပဏီကို ၂၀၂၀ စက်တင်ဘာလက သတိပေးခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ် ပထမ ၆ လအတွင်း SCC သဘောတူညီချက်ကို ဆက်လက်အသုံးပြုနိုင်ခြင်းရှိမရှိအပေါ် အပြီးသတ်ဆုံးဖြတ်ချက်ပေးသွားဖို့ Meta ကမျှော့်လင့်နေပါတယ်။
အတ္တလန်တစ်ဒေသတလျှောက် အချက်အလက်ပို့ဆောင်လွှဲပြောင်းရေးပုံစံက မကိုက်ညီဘဲ SCC သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်ခွင့်မရဘူးဆိုရင် ဖေ့စ်ဘွတ်ခ်နဲ့အင်စတာဂရမ်အပါအဝင် ကျွန်တော်တို့ရဲ့ နာမည်ကြီးဝန်ဆောင်မှုလုပ်ငန်းတွေကို ဥရောပမှာ ဆက်လက်လုပ်ဆောင်သွားမှာမဟုတ်ပါဘူးလို့ Meta က ဖော်ပြခဲ့ပါတယ်။
ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ကြား အချက်အလက်မျှယူသုံးစွဲရေးဆောင်ရွက်ချက်ဖြစ်တဲ့ Privacy Shield ကို ဥရောပတရားရုံးက တရားမဝင်ကြောင်း သတ်မှတ်ခဲ့ပြီးနောက် အိုင်ယာလန်စောင့်ကြည့်ကာကွယ်ရေးအဖွဲ့က အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။
အမေရိကန်ရဲ့ အချက်အလက်စောင့်ကြည့်ရေးစနစ်က ဥရောပသမဂ္ဂအချက်အလက် ကာကွယ်ရေးစံနှုန်းများနဲ့ မကိုက်ညီဘူးဆိုကာ Privacy Shield ကို ပယ်ချလိုက်တာဖြစ်ပါတယ်။
Privacy Shield သဘောတရားအရ SCC ကို အခြားနိုင်ငံများနဲ့ အချက်အလက်လွှဲပြောင်းပေးဖို့ ထောက်ခံထားတာဖြစ်ပေမယ့် ထိုနိုင်ငံများရဲ့ အချက်အလက်ကာကွယ်ရေးဥပဒေများက ဥရောပသမဂ္ဂစည်းမျဉ်းများနဲ့ ကိုက်ညီရမယ်လို့ ဆိုခဲ့ပါတယ်။
"Meta က သူတို့ရဲ့ အချက်အလက်ကာကွယ်ရေးစံနှုန်းများကို လက်လျှော့ပြီး ဥရောသမဂ္ဂကို ခြိမ်းခြောက်လာလို့မရပါဘူး။ သူတို့ပဲဆုံးရှုးမှုတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်" လို့ ဥရောပပါလီမန်မှ 'အိက်ဇဲဗော့စ်'က အင်္ဂါနေ့က တွစ်တာကနေ သတိပေးလိုက်ပါတယ်။
၂၀၂၁ ခုနှစ်အတွက် Meta ကုမ္ပဏီရဲ့အမြတ်ငွေ ၂၄ ရာခိုင်နှုန်းခန့်က ဥရောပကနေရရှိထားတာဖြစ်ပါတယ်။Meta မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Insider ကိုပြောကြားရာမှာ "ဥရောပကနေ ဆုတ်ခွာဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ Meta နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုတွေက ကမ္ဘာအနှံ့မှာ ဝန်ဆောင်မှုပေးနိုင်ဖို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်ကြား အချက်အလက်မျှယူသုံးစွဲခြင်းကို မှီခိုနေရပါတယ်" လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေက ရေရှည်မှာ အချက်အလက်သုံးစွဲရေးကို ကာကွယ်ဖို့ တိကျရှင်းလင်းတဲ့စည်းမျဉ်းဥပဒေတွေ လိုအပ်ပါတယ်။ဥရောပရှိ လုပ်ငန်းခွင်တွေက ဆက်လက်တိုးတက်နေတာဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းခွင်တွေအပေါ် သက်ရောက်မှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်လို့ ပြောသွားပါတယ်။
Source: Business Insider
#WorldHealth
Published 09 February 2022
အမေရိကန်လေဖြတ်ရောဂါအဖွ့်အစည်းရဲ့ လေ့လာတွေ့ရှိချက်အရ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်းလူကြီးတွေမှာ လေဖြတ်ခြင်းဖြစ်ပေါ်နိုင်တဲ့အန္တရာယ်က ရောဂါလက္ခဏာပေါ်ပြီး ပထမဆုံး ၃ ရက်အတွင်းမှာ အမြင့်ဆုံးဖြစ်နေကြောင်း ဖော်ပြခဲ့ပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားခြင်းကြောင့် ဦးနှောက်သွေးကြောပိတ်ဆို့ကာ လေဖြတ်ခြင်းဖြစ်ပေါ်နိုင်တဲ့အန္တရာယ်ကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရပြီး လေဖြတ်ခြင်းဝေဒနာခံစားရတဲ့ အသက် ၆၅ နှစ်အထက် ဆေးရုံတက်ကုသခံနေရတဲ့လူနာ ၃၇,၃၇၉ ဦးကို လေ့လာခဲ့ရာမှာ ကိုဗစ်ရောဂါတွေ့ရှိပြီးနောက် ၇ ရက်အတွင်း လေဖြတ်ခြင်းဖြစ်ပေါ်လေ့ရှိပါတယ်။
လေ့လာသုံးသပ်ချက်တွေအရ ရောဂါစောင့်ကြည့်ကာလတလျှောက်လုံးထက် ရောဂါစစ်ဆေးတွေ့ရှိပြီး ပထမဆုံး ၃ ရက်အတွင်းမှာ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေက ၁၀ ဆပိုများကြောင်း တွေ့ရှိခဲ့ပေမယ့် စောင့်ကြည့်ကာလတလျှောက်လုံး ဖြစ်ပေါ်နိုင်ချေရှိနေပါသေးတယ်။
၄ ရက်မှ ၇ ရက်အတွင်းမှာ လေဖြတ်ခြင်းအန္တရာယ် ၆၀ ရာခိုင်နှုန်းဖြစ်နိုင်ချေရှိပြီး ၁၅ ရက်မှ ၂၈ ရက်အတွင်းမှာတော့ ၉ ရာခိုင်နှုန်းရှိပါတယ်။ကိုဗစ်ရောဂါတွေ့ရှိချိန် စမ်းသပ်လေ့လာခဲ့တဲ့ လူနာတွေရဲ့ပျမ်းမျှအသက်က ၈၀ နှစ်ရှိခဲ့ပြီး လေဖြတ်ခြင်းအန္တရာယ်က ကျား/မ မရွေး လူမျိုးမရွေးဖြစ်နိုင်ချေရှိနေပါတယ်။
ပါရဂူဘွဲ့ရ ဦးဆောင်လေ့လာသူ 'ကွမ်ဟီယန်း'က "ကိုဗစ်ရောဂါဖြစ်ရင် လေဖြတ်ခြင်းအန္တရာယ်ရှိလာနိုင်တာကို ဆရာဝန်တွေနဲ့လူနာတွေ သတိပြုသင့်ပါတယ်။ ရောဂါကူးစက်ခြင်းနဲ့ လေဖြတ်ခြင်းကို ကာကွယ်ဖို့ကတော့ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနဲ့ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်" လို့ အကြံပြုသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldHealth
Published 09 February 2022
၂၀၁၉ ခုနှစ်မှာ စတင်ကူးစက်ပျံ့နှံခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးကိုပျံ့နှံရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို နည်းလမ်းများစွာဖြင့် ထိန်းချုပ်ခဲ့ကြပေမယ့် သန္ဓေဆင့်ကဲပြောင်းလဲခြင်းကိုတော့ မတားဆီးနိုင်ကြပါဘူး။
အခုအချိန်မှာတော့ အားလုံးသိရှိထားတဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးဗီဇကွဲအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။
အချိုမျိုးဗီဇကွဲတွေက လူသားတွေရဲ့နေ့စဉ်ဘဝကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်သလို အချို့မျိုးဗီဇကွဲတွေကတော့ အလျင်အမြန်သက်သားပျောက်ကင်းတတ်ပါတယ်။
ကမ္ဘာတဝန်းရှိ သုတေသီအနည်းစုက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူသားတွေကိုကူးစက်ခဲ့တဲ့ မျိုးဗီဇကွဲတွေရဲ့ ဖွဲ့စည်းပုံပြောင်းလဲနိုင်စွမ်းတွေနဲ့ ရောဂါပိုမိုကူးစက်စေတဲ့ မျိုးဗီဇကွဲတွေအကြောင်း သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ရာပါပိုတ်ဆေးပညာဌာနမှ ဒေါက်တာ'ယိုတမ်ဘာအွန်'နဲ့ ပါရဂူဘွဲ့ရကျောင်းသား'ဒိုင်နာခါတစ်'တို့ ဦးဆောင်ပြုလုပ်တဲ့ လေ့လာချက်မှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်တွေ ထွက်ပေါ်လာနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းကြောင့် မျိုးဗီဇကွဲအသစ်တွေ ပေါ်ထွက်လာတာဖြစ်ပြီး သန္ဓေပြောင်းလဲခြင်းဖြစ်ရပ်တွေက ဗိုင်းရပ်စ်ရဲ့ကူးစက်နိုင်စွမ်းနဲ့ ရှင်သန်နိုင်စွမ်းတို့ကို သိသိသာသာ ပြောင်းလဲခြင်းမရှိပေမယ့် အချို့ဆင့်ကဲပြောင်းလဲခြင်းတွေမှာတော့ ဗိုင်းရပ်စ်ကို ပိုမိုကူးစက်မြန်လာစေတတ်ပါတယ်။
လက်ရှိကပ်ရောဂါဖြစ်ပွားခြင်းတွေအရ လူသားတွေရဲ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ရဲ့ စပိုက်ခ်ပရိုတိန်းနေရာမှာ သန္ဓေပြောင်းလဲခြင်းတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
စပိုက်ခ်ပရိုတိန်း ဆင့်ကဲပြောင်းလဲလာခြင်းအပါအဝင် မျိုးဗီဇကွဲအမျိုးမျိုးနဲ့ သူတို့ရဲ့သန္ဓေပြောင်းလဲခြင်းဖြစ်ရပ်တွေကို လေ့လာသုံးသပ်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်တွေ ဖြစ်ပေါ်လာပုံကို သုတေသနတွေ ပြုလုပ်နေကြပါတယ်။
အဆိုပါ သုတေသနလေ့လာချက်တွေကြောင့် ထိရောက်တဲ့ mRNA ကိုဗစ်ကာကွယ်ဆေးတွေကို အလျင်အမြန်ထုတ်လုပ်လာနိုင်တာဖြစ်ပြီး ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
ယခုပြုလုပ်ခဲ့တဲ့ လေ့လာချက်အသစ်မှာတော့ သုတေသီတွေက ကိုဗစ်ရောဂါကူးစက်ထားတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဗီဇကွဲအသစ်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဗိုင်းရပ်စ်တစ်ခုချင်းစီရဲ့ မျိုးရိုးဗီဇတွေကို ချိတ်ဆက်လေ့လာပြီး အသက်ရှူလမ်းကြောင်းစနစ်မှာဖြစ်ပေါ်လာတဲ့ မျိုးဗီဇကွဲအမျိုးမျိုးကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။
တစ်ရှူးဆဲလ်တွေထဲမှာ အလွန်နည်းပါးတဲ့ပမာဏသာရှိနေပြီး လူနာကိုစစ်ဆေးရာမှာ မတွေ့ရှိနိုင်တဲ့ ဗိုင်းရပ်စ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
လေ့လာတွေ့ရှိချက်တွေထဲမှာ မပါဝင်ဘဲ တစ်ခါမှမမြင်ဖူးတဲ့ မျိုးဗီဇကွဲအမျိုးမျိုးကိုပါ တွေ့ရှိခဲ့ကြပါတယ်။
မျိုးဗီဇကွဲအမျိုးမျိုးအပေါ် လက်ရှိကိုဗစ်ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းကို လေ့လာကြရာမှာလည်း စပိုက်ခ်ပရိုတိန်းမှ သန္ဓေပြောင်းလဲမှုအမျိုးအစားပေါ်မူတည်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ရောဂါကူးစက်ထားတဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းလဲလာတဲ့ မျိုးဗီဇကွဲတွေဟာ လူတစ်ဦးမှတစ်ဦး မကူးစက်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Published 8 Feb 2022
အကြမ်းဖက်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် ဘုံရန်သူဖြစ်ပြီး ယင်းကိုတိုက်ဖျက်ရာမှာ မလိုတစ်မျိုး လိုတစ်မျိုး စံနှုန်းနှစ်မျိုးမထားသင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဂျောင်လီဂျန်းကပြောဆိုလိုက်ပါတယ်။
အိုင်အက်စ်ခေါင်းဆောင်သေဆုံးစေခဲ့တဲ့ အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေကျေဒဏ်ရာရမှုတွေရှိခဲ့တဲ့အပေါ် သတင်းထောက်တွေရဲ့မေးခွန်းကို သူက ဖြေကြားခဲ့တာပါ။
Source: CCTV Plus
#WorldNews
Published 08 February 2022
ရုရှားနိုင်ငံနဲ့ နိုင်ငံရေးတင်းမာမှုများရှိနေတာကြောင့် စစ်ကူဖြည့်တင်းတဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်အများအပြားဟာ ပိုလန်နိုင်ငံသို့ တနင်္ဂနွေနေ့ကရောက်ရှိလာခဲ့ပြီး စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေတွေကို တားဆီးဟန့်တားဖို့နဲ့ လိုအပ်လာရင် နေတိုးတပ်ဖွဲ့ကို စစ်ကူပေးသွားမှာဖြစ်ကြောင်း တပ်မှူးတစ်ယောက်က ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Published 8 Feb 2022
ကိုဗစ်တိုက်ဖျက်ရေးအစီအမံတွေကိုဆန့်ကျင်တဲ့ ထရပ်ကားမောင်းသမားတွေဟာ ကနေဒါနိုင်ငံ အိုတာဝါမှာ မြို့တော်ဝန်က ဆန့်ကျင်ဆန္ဒပြနေတဲ့အပေါ် အရေးပေါ်အခြေအနေကြေညာပြီး နောက်တစ်ရက်အထိ အိုတာဝါမြို့လယ်လမ်းမတွေကို ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
ရာပေါင်းများစွာသော ထရပ်ကားတွေဟာ ကနေဒါမြို့တော်လမ်းမတွေပေါ်မှာပြည့်ကျပ်နေခဲ့တာဖြစ်ပါတယ်။ အိုတာဝါ မြို့တော်ဝန်က ကိုဗစ်စည်းကမ်းကန့်သတ်ချက်တွေကို ဆန့်ကျင်နေကြတာတွေကို အင်အားပြပြီးအဆုံးသတ်ပေးဖို့ ဖက်ဒရယ်အာဏာပိုင်တွေထံ အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီကိစ္စဟာ ရက်ကြာလာတဲ့အတွက် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ရမလို ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒေါအစိုးရအတွက် နိုင်ငံရေးအကျပ်အတည်းဖြစ်လာနေပါတယ်။
Source AFP
#DailyNews
Published -7 Feb 2022
၁။ ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်း ပိုမိုပြင်းထန်လာ။
၂။ စစ်တွေဆိပ်ကမ်းသို့ သင်္ဘောကြီးများဝင်ထွက်နိုင်ရေး သောင်တူးဖော်သည့်လုပ်ငန်းလုပ်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စစ်ပွဲဖြစ်လာနိုင်ချေများကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်နိုင်ငံသို့ ထပ်မံရောက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 815 of 822