Published 14 August 2022
ယွန်းယွန်းလို့အမည်ပေးထားတဲ့ မိခင်ပန်ဒါကြီးက ပန်ဒါအထီးအမြွှာကလေးနှစ်ကောင်ကို ကြာသပတေးနေ့ က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဆီပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။
ပန်ဒါအထီးကလေးတွေဟာ ချင်လင်း ပန်ဒါကြီးသုတေသနဌာနမှာမွေးဖွားခဲ့စဉ်မှာ ၁၅၀.၅ ဂရမ်နှင့် ၁၃၄.၅ ဂရမ်ဆီ အသီးသီးကိုယ်အလေးချိန်ရှိကြပါတယ်။ သူတို့ကို မွေးပြီးပြီးချင်း သိပ်မကြာခင်မှာပဲ နို့တိုက်ကျွေးခဲ့ပြီး သူတို့လေးတွေ ကျန်းမာရေးကောင်းမွန်ကြပါတယ်။
ဒီတစ်ခါ အမြွှာကလေးတွေမွေးတာဟာ မိခင်ယွန်းယွန်းအတွက် ဒုတိယမြောက် သားမွေးတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဩဂုတ်(၁၀)ရက်နေ့မှာ ပထမအကြီမ်သားမွေးခဲ့တာပါ။ အဲဒီတုန်းက သုတေသနဌာနမှာ သားမွေးတဲ့ အငယ်ဆုံးပန်ဒါမိခင် ဖြစ်ခဲ့ပါတယ်။
ချင်လင်း ပန်ဒါကြီးမျိုးဟာ ပန်ဒါကြီးမျိုးရဲ့ မျိုးခွဲအဖြစ် ၂၀၀၅ခုနှစ်မှာ ပထမဆုံးအသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲဒီမျိုးခွဲဟာ ပိုပြီးသေးပြီးလုံးဝန်းတဲ့ ဦးခွံရှိကြပါတယ်။ မြင်တွေ့နေကျ ဆီချွမ်း ပန်ဒါမျိုးခွဲတွေထက် အမွှေးကပါး ပါတယ်။
ရှန်ဆီဟာ ချင်လင်း ပန်ဒါကြီးတွေကို သားစပ်မွေးထုတ်မှု ၁၉၈၀လွန်နှစ်များကတည်းက စတင်ခဲ့ပြီး ပြည့်စုံတဲ့ လူဖန်တီးတဲ့ မွေးမြူရေးနည်းပညာစနစ်ကို အသုံးပြုပါတယ်။ ယခုအထိ ပြည်နယ်မှာ ပန်ဒါကြီးတွေ ၃၄ ကောင် သားဖောက်ပေးပြီး ဖြစ်ပါတယ်။
Source: CCTV+
#A_giant_panda_Yongyong
#Twin_cubs_Panda
#China_Shaanxi
Published: 14 August 2022
ဂျာမနီနိုင်ငံက ရိုင်းမြစ်ရေဟာ သင်္ဘောတွေ သွားလာနိုင်ဖို့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးရည်ညွှန်းရေအမှတ်အောက်ကို ရောက်ရှိနေပါတယ်။ မြစ်ရေဟာ ကော့မြို့မှာ ရည်ညွှန်းရေအမှတ်၁၅.၇ လက်မအောက်ရောက်ရှိသွားတဲ့အတွက် ရိုင်းမြစ်ရဲ့ မြစ်ကျဉ်းနှင့်ရေတိမ်နေရာတွေမှာ သင်္ဘောတွေသွားလာဖို့ အခက်အခဲတွေရှိလာနေပါတယ်။
ဖက်ဒရယ်ရေကြောင်းသွားလာရေးအဖွဲ့ကတော့ မြစ်ရေဟာ တနင်္လာနေ့အထိ ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကွန်တာဂိုက သူတို့ရဲ့ သင်္ဘောတွေ အန္တရာယ်ကင်းကင်း ခုတ်မောင်းဖို့ ခက်လိမ့်မယ်လို့ ပြောပါတယ်။
“ဘေးကင်းရေးအတွက် ရိုင်းမြစ်အထက်ပိုင်းနှင့်အလယ်ပိုင်းမှာ ရေကြောင်းသွားလာမှုတွေကို ရပ်ရပါလိမ့်မယ်” လို့ ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဂျာမနီရဲ့ ကုန်စည်ပို့ဆောင်ရေးအားလုံးရဲ့ လေးရာခိုင်နှုန်းဟာ ရိုင်းမြစ်အပါအဝင်ရေကြောင်းကနေပို့ဆောင်နေတာပါ။ ရိုင်းမြစ်ဟာ ဆွစ်ဇာလန်က မြစ်ဖျားခံပြီးပြင်သစ်နှင့်ဂျာမနီအပါအဝင် နိုင်ငံတွေတော်တော်များများကို ဖြတ်သန်းစီးဆင်းပြီး နယ်သာလန်အရောက်မှာ ပင်လယ်ထဲစီးဝင်တာဖြစ်ပါတယ်။
Source: AFP
#Rhine_river
#Rhine_river_Germany
#Germany_waterways
Published 14 August 2022
ကာလီဖိုနီးယားက အရေပြားရောဂါ အထူးကုတစ်ဦးဟာ သူ့ခင်ပွန်းကို အဆိပ်ခတ်ဖို့ကြံစည်မှုနှင့် ဖမ်းဆီးခံရပါတယ်။ သူ့ခင်ပွန်းဟာ ဇနီးရဲ့အပြုအမူကိုမသင်္ကာလို့ လျှို့ဝှက်ကင်မရာတပ်ဆင်ခဲ့တာဖြစ်ပါတယ်၊
ကင်မရာကရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ အသက် ၄၅နှစ်အရွယ်ရှိ ယူအင်မလီယုဟာ ကာလီဖိုနီးယား၊အိုင်ဗင်းက သူတို့ရဲ့အိမ်မှာ ခင်ပွန်းဖြစ်သူ ဂျက်ချန်းသောက်မယ့် သံပရာ ရည်ထဲကို သန့်စင်ဆေးရည်တွေ အကြိမ်တော်တော်များများမှာ လောင်းထည့်ခဲ့တာတွေ မှတ်တမ်းတင်ထားပါတယ်။
ချန်းဟာ သူနေမကောင်းဖြစ်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာတွေရခဲ့တယ်ဆိုပြီး သူ့ဇနီးဟာ သူ့ကိုအဆိပ်ခတ်ခဲ့တယ်လို့ ရဲကို ပြောပါတယ်။ အဲဒီနောက် ဗွီဒီယိုကို သက်သေအဖြစ် တင်ပြခဲ့ပါတယ်။
(၁၀)နစ်ကြာ အိမ်ထောင်သက်ရှိခဲ့ပြီးနောက် ချန်းက သူ့ဇနီးယုဟာ သူနှင့် သူ့ကလေးနှစ်ယောက်အပေါ် ညှင်းပန်းနှိပ်စက်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီဆိုကာ ကွာရှင်းခွင့်လျှောက်ထားခဲ့ပါတယ်။
အင်မလီ ဟာ ဒေါသထွက်ပြီး ကလေးတွေကို ဆူငေါက်တဲ့အခါ “သေကြစမ်း” လို့ အဓိပ္ပါယ်ရတဲ့ တရုတ်စကားကို သုံးလေ့ရှိတယ်လို့ နယူးယောက်ပို့စ်က ရရှိတဲ့ စာရွက်စာတမ်းတစ်ခုအရသိရပါတယ်။
ချန်းနှင့်ယုတို့ဟာ ၂၀၁၂ခုနှစ် ဇူလိုင်မှာ လက်ထပ်ခဲ့ကြပြီးနောက် ၂၀၁၃နှင့် ၂၀၁၄ခုနှစ်တွေမှာ ကလေးတွေရလာပြီးတဲ့နောက်ပိုင်း သူမရဲ့ အပြုအမူတွေပြောင်းလဲခဲ့ပါတယ်။
ယုဟာ အဲဒီတုန်းက သူတို့ရဲ့ သုံးနှစ်သမီးကလေး အိပ်ရာထဲ သေးပါတဲ့အခါ ရိုက်နှက်ခဲ့ပြီး နှစ်နှစ်သားကလေးကိုလဲ ရိုက်ခဲ့တယ်လို့ ချန်းက စွပ်စွဲပါတယ်။ အဲဒီအပြင် ကလေးတွေက သူအိပ်စေချင်တဲ့အချိန်ထက်စောအိပ်ရာဝင်ရင်လည်း သူမက အိပ်ခွင့်မပေးဘဲထားပါတယ်။ အဖေကို ချစ်ပြရင်လဲ ကလေးတွေကို ဒဏ်ပေးတယ်လို့ ချန်းက ပြောပါတယ်။
ခင်ပွန်းကိုအဆိပ်ခတ်တယ်ဆိုတာနှင့် သူနှင့်ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲတာတွေအားလုံးကို ယုက ငြင်းဆိုပါတယ်။
ယုကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူ့ကိုဘယ်ပုဒ်မနှင့်အရေးယူမလဲဆိုတာကိုတော့ မလုပ်ရသေးပါဘူး။ ချန်းကို ယာယီအကာအကွယ်ပေးတဲ့ အမိန့်ကိုတော့ ထုတ်ပြန်ပေးထားပါတယ်။
Source: Toronto SUN
#California_dermatologist
#Poisioning
#Crime_US
#World_News
Published 14 August 2022
အိန္ဒိယရဲ့ ဝါရန်ဘူဖေးလို့ သိထားကြပြီး ဒေါ်လာ ၆ ဘီလျံခန့် ကြွယ်ဝချမ်းသာတဲ့ စတော့ရင်းနှီးမြှပ်နှံတဲ့ သူဋ္ဌေးကြီး ရာကက်စ် ဂျွန်ဂျွန်ဝါလားဟာ ယနေ့ဩဂုတ် ၁၄ ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပြီလို့ မိသားစုကပြောပါတယ်။ သူဋ္ဌေးကြီးရာကက် ဟာကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီဖြစ်ပါတယ်။
သူဟာ အိန္ဒိယရဲ့ ကန္တာရပြည်နယ် ရာဂျတ်စသန်မှဖြစ်ပြီး လက်မှတ်ရ စာရင်းကိုင်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ကောလိပ်တက်ကတည်းက စတော့ရှယ်ယာတွေ စတင်ကစားခဲ့ပြီး ကျောင်းပြီးတဲ့နောက် စတော့ရောင်းဝယ်ဖောက်ကားရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ RARE Enterprises ကို စီမံခန့်ခွဲခဲ့ပါတယ်။
“ ရာကက်စ်-ဂျီးဟာ သူ့မိသားစု၊သူ့အနီးကပ်လူယုံတွေအနားမှာပဲ ကွယ်လွန်ခဲ့ပါတယ်Ó လို့ မိသားစုဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဂျီး-ဆိုတာ လေးစားတဲ့လူတွေကို ခေါ်ဆိုတဲ့အခါ အထူးပြုသုံးနှုံးတာပါ။
သူဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။သူဟာ အိန္ဒိယရဲ့ နောက်ဆုံးပေါ် ဘတ်ဂျက်လေကြောင်းလိုင်းအသစ် အက်ကာဆာလေကြောင်းကို ပုံရိပ်မြှင့်တင်ပေးနေသူဖြစ်ပြီး သိပ်မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အများပြည်သူတွေကို ကြေညာတဲ့အခမ်းအနားမှာ သူတက်ရောက်ခဲ့ပါသေးတယ်။သူကွယ်လွန်ချိန်မှာ ဇနီးနှင့် သားသမီး(၃)ဦးကျန်ရစ်ခဲ့ပါတယ်။
ဂျွန်ဂျွန်ဝါလားရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ဆက်သွယ်ပြောဆိုမှု အရည်အချင်းတွေကြောင့် ရင်းနှီးမြှပ်နှံတဲ့ လုပ်ငန်းအသေးကလးတွေကတောင် စတော့ဈေးကွက်အကြောင်း နားလည်သွားကြရပါတယ်လို့ သူနှင့် နှစ်ပေါင်း(၃၀)ကျော် ထိတွေ့ရင်းနှီးခဲ့ကြတဲ့ မွမ်ဘိုင်းအခြေစိုက် စီးပွားရေးနှင့် ဘဏ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
ဂျွန်ဂျွန်ဝါလာ စတော့ဝင်ကစားတဲ့ ကုမ္ပဏီတွေထဲမှာ အိန္ဒိယရဲ့အကြီးဆုံးကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ တာတာအုပ်စုလည်း ပါဝင်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် နိုင်ငံရေးနင့် စီးပွာရေးခေါင်းဆောင်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းကြေကွဲကြောင်း ရေးသားခဲ့ကြပါတယ်။
Source Reuters
#Rakesh_Jhunjhunwala
#India’s_Warren_Buffett
#India_sttock_trader
#Yangon_Media_Group
Published 14 August 2022
ယခုတော့ ဂျို့စ်ဆွာ ဒေါ့ဆွန်တစ်ယောက် သံတိုင်တွေနောက် အသွင်းခံထားနေရတာကို ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က သတိပြုမိလိုက်ပြီး သူ့အနေနှင့် ကိုးလ ထောင်ဒဏ်ကို ခံနိုင်ရည်ရှိတော့မှာပါလို့ ယုံကြည်ထားကြပါတယ်။
အင်္ဂလန်နိုင်ငံ မန်ချက်စတာက ကားသူခိုးတစ်ဦးဖြစ်သူဟာ အဖမ်းခံရမှာကို ခံနိုင်ရည်ရှိပုံံမရလို့ ငါးပေအမြင့်ရှိတဲ့ တက်ဒီဝက်ဝံ အရုပ်ကြီးထဲ ဝင်ပုန်းဖို့ကြိုးစားခဲ့တာပါ။
ဂျို့စ်ဆွာ ဒေါ့ဆွန်ဟာ ရုပ်ဖျက်နိုင်တဲ့ဆရာကြီးတစ်ဦးဖြစ်ဖို့ သူကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ သူဟာ အခုဆိုရင် သံတိုင်တွေနောက်မှာ အချိန်တွေကုန်ဆုံးရမှာကို အောင့်အီးသည်းခံရတော့မှာဖြစ်ပါတယ်။
အသက်၁၈နှစ်အရွယ်သူ့ဟာ ကားတစ်စီးကို ခိုးယူပြီး ဓာတ်ဆီထည့်ထားတွေအတွက်လည်း ပိုက်ဆံမပေးခဲ့တဲ့အတွက် မေလကတည်းက သူ့ကို ဂရိတ်တာမန်ချက်စတာရဲက အလိုရှိနေခဲ့ပါတယ်။
ဒေါ့ဆွန်ဟာ ဇူလိုင်မတိုင်ခင်အထိ အရှောင်အတိမ်းကောင်းလို့ လွတ်မြောက်နေခဲ့ပါတယ်။ ဇူလိုင်မှာတော့ ရိုချ်ဒါလေးမှာ ရှိတဲ့ အိမ်တစ်အိမ်ကို ရှာဖွေတဲ့အခါ ဝက်ဝံရုပ်ကြီး အသက်ရှုနေတာကို ရဲတွေက သတိပြုမိလိုက်တယ်လို့ ရဲဌာနပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
သူဟာ အဲဒီအရုပ်ထဲ ဝင်ပုန်းနေခဲ့တာဖြစ်ပြီး ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ရာဇဝတ်မှုနှင့် တရားစွဲဆိုခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့အပတ်မှာ ထောင်ဒဏ်(၉)လချမှတ်လိုက်တယ်လို့ မက်ထရိုသတင်းဌာနက ရေးသားပါတယ်။
ဂရိတ်တားမန်ချက်စတာရဲဌာနက သူထောင်ကျသွားတဲ့အကြောင်း ဖေ့စ်ဘုတ်ခ်မှာ ကြေညာခဲ့ပါတယ်။
“ သူဟာ ကားတစ်စီးကိုခိုးယူတယ်။ ပြီးတော့ တရားမဝင်မောင်းနှင်တယ်။ဓာတ်ဆီဆိုင်မှာ ပိုက်ဆံမပေးဘဲ ဆီဖြည့်တယ် ။အခုတော့ ပြီးခဲ့တဲ့အပတ်မှာ သံတိုင်တွေကြားထဲ ရောက်သွားပါပြီ။ သူဟာ အထဲမှာ သည်းခံနေနိုင်မယ်လို့ ယုံရတာပဲ” လို့ ရဲက ပြောပါတယ်။
Soure: Huffpost
#Car_Thief
#Giant_Teddy_Bear
#World_Health
Published 14 August 2022
Johnson & Johnson ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကလေးပေါင်ဒါများကို ၂၀၂၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရောင်းချမှုရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့က အသိပေးလိုက်ပါတယ်။
အမေရိကန်မှာတော့ သုံးစွဲသူထောင်ပေါင်းများစွာက အဆိုပါကလေးပေါင်ဒါသုံးစွဲခြင်းရဲ့ ဘေးကင်းစိတ်ချရမှုပြဿနာနဲ့ပတ်သက်ပြီး တရားစွဲဆိုခြင်းများရှိခဲ့ကာ ရောင်းချခြင်းကို ပိတ်ပင်ထားတာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ။
တာလ်ကမ်အမှုန့်ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ကမ္ဘာကျော်ကလေးပေါင်ဒါဟာ နိုင်ငံအနှံအပြားမှာ ရောင်းချခဲ့တာကြာပါပြီ။
ပေါင်ဒါမှုန့်ရဲ့ ဘေးကင်းစိတ်ချရမှုပြဿနာနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် တရားစွဲဆိုခြင်းများခံခဲ့ရကာ ဝယ်လိုအားကျဆင်းသွားခဲ့ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ၂၀၂၀ ကစပြီး တာလ်ကမ်ကလေးပေါင်ဒါများကို ရောင်းချမှုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း J&J က ကြေညာခဲ့ပါတယ်။
ထိုပေါင်ဒါမှုန့်တွေမှာ ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ အက်စ်ဘတ်စ်တိုစ်သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုပြီး သုံးစွဲသူတွေထံမှ တရားစွဲဆိုချက်ပေါင်း ၃၈,၀၀၀ လောက် ရှိခဲ့ပါတယ်။
J&J က ထိုကဲ့သို့စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ကာ ဆယ်စုနှစ်များတိုင်အောင် သိပ္ပံနည်းကျစမ်းသပ်မှုများနဲ့ တရားဝင်ခွင့်ပြုချက်များအရ တာလ်ကမ်က ဘေးကင်းစိတ်ချရပြီး အက်စ်ဘတ်စ်တိုစ် မပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့ကလည်း ထိုကဲ့သို့ထပ်မံထုတ်ပြန်ခဲ့ကာ ပေါင်ဒါမှုန့်တွေကို ဆက်လက်မရောင်းချတော့ဘူးလို့ ကြေညာခဲ့ပါတယ်။
J&J က ယင်းတို့ရဲ့လုပ်ငန်းခွဲ LTL Management ကို ဖြုတ်ချကာ တာလ်ကမ်စွပ်စွဲချက်များနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို တာဝန်ပေးအပ်ခဲ့ပြီး ချက်ချင်းဒေဝါလီခံခဲ့ပါတယ်။
J&J အနေနဲ့ တရားစွဲဆိုချက်များကို ပြန်လည်ခုခံချေပသင့်ပြီး ဒါဟာ လျော်ကြေးအနေနဲ့ သင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။
ဒေဝါလီမခံခင်က ကုမ္ပဏီဟာ စီရင်ချက်များနဲ့ တရားဖြေရှင်းချက်များနဲ့ပတ်သက်ပြီး ဒေါ်လာ ၃.၅ ဘီလီယံကုန်ကျကာ အမျိုးသမီး ၂၂ ဦးကို ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ခဲ့တာလည်းပါဝင်ပါတယ်။
ဧပြီလက ရှယ်ယာရှင်တစ်ဦးက တစ်ကမ္ဘာလုံးမှာ ကလေးပေါင်ဒါရောင်းချခြင်းကို ရပ်ဆိုင်ဖို့တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်က ရိုက်တာစုံစမ်းစစ်ဆေးချက်များအရ J&J ဟာ သူတို့ရဲ့ပေါင်ဒါထဲမှာ အက်စ်ဘတ်စ်တိုစ် ပါဝင်နေတာကို သိခဲ့ကြောင်း ဆိုပါတယ်။
ကုမ္ပဏီအတွင်းရေးမှတ်တမ်းများ၊ တရားရုံးထွက်ဆိုချက်များ၊ အခြားအထောက်အထားများအရ အနည်းဆုံး ၁၉၇၁ ခုနှစ်ကစတင်ကာ ၂၀၀၀ ခုနှစ်တွေအထိ J&J ရဲ့ တာလ်ကမ်ကုန်ကြမ်းနဲ့ ထုတ်လုပ်ပြီးတဲ့ပေါင်ဒါတို့မှာ တစ်ခါတရံ အက်စ်ဘတ်စ်တိုစ်အနည်းငယ်တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ထိုအကြောင်းအရာတွေကို မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးနောက် J&J က သူတို့ရဲ့ပေါင်ဒါမှုန့်ဟာ ဘေးကင်းပြီး ကင်ဆာမဖြစ်စေဘူးလို့ အကြိမ်ကြိမ်ထွက်ဆိုခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Climate
Published 14 August 2022
အန္တာတိကရေခဲပြင်များမှ ရေခဲပျော်ဆင်းလာခြင်းက သဘာဝအတိုင်းရေခဲဖွဲစည်းဖြစ်ပေါ်ခြင်းထက် ပိုမိုလျင်မြန်စွာ အရည်ပျော်ကျလာပြီး ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ကမ္ဘာ့အကြီးဆုံးရေခဲပြင်ကြီးမှ ရေခဲဆုံးရှုံးမှုခန့်မှန်းခြေထက် ၂ ဆမျှ ပိုများနေကြောင်း ဂြိုဟ်တုမှဖမ်းယူရရှိတဲ့ပုံတွေကို ဗုဒ္ဓဟူးနေ့က မြင်တွေ့ခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ်ရှိ နာဆာဓာတ်ခွဲခန်းတစ်ခုမှ သုတေသီများလေ့လာခဲ့ကြပြီး Nature ဂျာနယ်မှာဖော်ပြခဲ့ကြရာ ရာသီဥတုဖောက်ပြန်ခြင်းက အန္တာတိကရှိ ပေါလောပေါ်နေတဲ့ ရေခဲပြင်တွေကို အရည်ပျော်လာစေပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် လျင်မြန်စွာမြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
လေ့လာချက်ရဲ့ အဓိကအပိုင်းက အန္တာတိကရေခဲများ သမုဒ္ဒရာထဲသို့ အရည်ပျော်ကျလာတဲ့ပမာဏက ပူနွေးလာတဲ့ပင်လယ်ရေကြောင့် ရေမျက်နှာပြင်အောက်မှ ရေခဲအပိုင်းများပါးလွှာလာခြင်းကြောင့် ဆုံးရှုံးရတဲ့ပမာဏလောက်နီးပါးအထိ ရှိနေတာပဲဖြစ်ပါတယ်။
ရေခဲထုပါးလွှာလာခြင်းနဲ့ အရည်ပျော်လာခြင်းနှစ်ချက်စလုံးကို ထည့်တွက်ကြည့်လိုက်ရင် ၁၉၉၇ နောက်ပိုင်း အန္တာတိကရေခဲပြင်ဟာ တန်ချိန် ၁၂ ထရီလီယံခန့်ဆုံးရှုံးထားရပြီး ဒါဟာ ခန့်မှန်းခြေထက် ၂ ဆမျှဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အန္တာတိကရေခဲပြင်အရည်ပျော်ခြင်းတစ်မျိုးတည်းမှ အကျယ်အဝန်း ၃၇,၀၀၀ စတုရန်းကီလိုမီတာနီးပါးဆုံးရှုံးခဲ့ပြီး ဒါဟာ ဆွစ်ဇာလန်နိုင်ငံရဲ့အကျယ်အဝန်းနီးပါးမျှရှိကြောင်း နာဆာဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်'ချက်ဂရင်း'က ပြောပြခဲ့ပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်တွေက အလွန်ကြီးမားပြီး ကမ္ဘာ့ရေခဲထုအရည်ပျော်ခြင်းကြောင့် မြင့်တက်လာနိုင်တဲ့ပင်လယ်ရေမျက်နှာပြင်မှာ အန္တာတိကတိုက်နဲ့ ၈၈ ရာခိုင်နှုန်းသက်ဆိုင်နေပါတယ်။
ကုန်းမြေနဲ့ချိတ်ဆက်တည်ရှိနေတဲ့ ရေခဲပြင်တွေဟာ ရေခဲတောင်တန်းတွေကို ထောက်ပံ့ဖို့ နှစ်ပေါင်းထောင်နဲ့ချီပြီး အချိန်ယူရကာ ထိုကဲ့သို့မချိတ်ဆက်ဘူးဆိုရင် သမုဒ္ဒရာထဲကိုမျောပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှာ ဖြစ်ပါတယ်။
ရေခဲပြင်တွေတည်ငြိမ်နေတဲ့အခါ ရေခဲအရည်ပျော်ခြင်းနဲ့ ရေခဲပြန်လည်ဖွဲ့စည်းခြင်းတို့က သဘာဝအတိုင်းအလှည့်ကျဖြစ်ပေါ်နေမှာပါ။
ဂြိုဟ်တုဖြင့် တိုင်းတာချက်များအရ လတ်တလောဆယ်စုနှစ်များအတွင်း သမုဒ္ဒရာများပူနွေးလာကာ တစ်နှစ်ကို ရေခဲဆုံးရှုံးမှုတန်ချိန် ၁၄၉ သန်းရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။
ရေခဲအရည်ပျော်ခြင်းက ရေခဲပြန်လည်ဖြစ်ပေါ်ခြင်းထက် မြန်လွန်းနေတဲ့အတွက် အန္တာတိကတိုက်အနေနဲ့ ၂၀၀၀ ခုနှစ်မတိုင်မီ ရေခဲပြင်အခြေအနေကို ပြန်လည်ရောက်ရှိနိုင်ဖွယ်မရှိပါဘူး။
ပူနွေးတဲ့ သမုဒ္ဒရာနဲ့နီးစပ်နေတဲ့ အန္တာတိကအနောက်ဘက်အပိုင်းမှာ ရေခဲအရည်ပျော်ခြင်းနဲ့ ပါးလွှာခြင်း ပိုမိုဖြစ်ပေါ်တယ်လို့သိထားပေမယ့် အန္တာတိကအရှေ့ဘက်အပိုင်းမှာပါ ရေခဲဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း 'ဂရင်း'ကဆိုပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မလျှော့ချနိုင်ဘူးဆိုရင် လာမယ့်ရာစုနှစ်အနည်းငယ်အတွင်း ပင်လယ်ရေမျက်နှာပြင်များစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
Page 751 of 945