#WorldHealth
Published 22 May 2022
အမေရိကန်မှာ ကိုဗစ်ကူးစက်မှုနဲ့ ဆေးရုံတက်ကုသခံယူရမှုများ မြင့်မားလာကာ လူ ၃ ယောက်မှာ ၁ ယောက်နှုန်း ကူးစက်ခံနေရတာကြောင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ ကာကွယ်ရေးအတိုင်းအတာများ ပြန်လည်လုပ်ဆောင်သင့်ကြောင်း အစိုးရအုပ်ချုပ်ရေးအရာရှိများက သတိပေးတိုက်တွန်းလိုက်ပါတယ်။
အခုရက်ပိုင်းအတွင်း တစ်နေ့တည်းမှာပင် ကူးစက်သူပေါင်း ၁ သိန်းနီးပါးအထိ ရှိလာပါပြီ။
ဒီအရေအတွက်ဟာ အမှန်တကယ်ကူးစက်မှုထက် နည်းပါးနိုင်ပြီး အိမ်မှာတင်ကိုဗစ်စစ်ဆေးလာနိုင်တာကြောင့် သတင်းမပို့တဲ့သူတွေလည်းရှိနိုင်ကြောင်း တာဝန်ရှိသူများက ယူဆထားပါတယ်။
ရောဂါကူးစက်သူတွေနဲ့ ဆေးရုံတက်ကုသခံယူရမှုတွေများလာတာကြောင့် သတိပေးချက် အဝါရောင်အဆင့် သို့မဟုတ် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး လူအများကြားနှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ ကာကွယ်ရေးအတိုင်းအတာများဆောင်ရွက်ဖို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ညွှန်ကြားရေးမှူး’ရိုချယ်လ်ဝယ်လန်စကီ’က တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်ရောဂါစစ်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကူးစက်လာခဲ့ရင် စောလျင်စွာကုသခံယူခြင်း၊ ကာကွယ်ဆေးထိုးခြင်းများပြုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အမေရိကန်ရှိ ကိုဗစ်ကြောင့်သေဆုံးသူအရေအတွက် ၁ သန်းကျော်ခဲ့ပြီဖြစ်ရာ ကပ်ရောဂါအစကခန့်မှန်းချက်ထက် ပိုများနေခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ‘ဝယ်လန်စကီ’အပြင် အိမ်ဖြူတော်မှကိုရိုနာကြီးကြပ်ရေးမှူး’အာရှစ်ဂျာ’နဲ့ ဆေးပညာအကြံပေးအရာရှိချုပ်’အန်သိုနီဖော်ချီ’တို့ကပါ သတိပေးချက်များ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကူးစက်မှုတွေက ပြီးခဲ့တဲ့အပတ်ကထက် ၂၆ ရာခိုင်နှုန်းများလာကာ ပြီးခဲ့တဲ့လကထက် ၃ ဆပိုများလာတာဖြစ်ပါတယ်။
အိုမီခရွန်မျိုးနွယ်ခွဲ ဗိုင်းရပ်စ်တွေကလည်း ခန္ဓာကိုယ်ခုခံအားကို ရှောင်ရှားနိုင်တာကြောင့် လာမယ့်ဆောင်းဦးနဲ့ ဆောင်းရာသီတိုမှာ ကူးစက်မှုလှိုင်းတွေကနေ ကူးစက်သူ ၁ သန်းခန့်ရှိလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။
အစိုးရအနေနဲ့ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ရောဂါပိုးစစ်ဆေးရေးပစ္စည်းတွေ၊ အရည်အသွေးမြင့် နှာခေါင်းစည်းတွေ မဝယ်ယူနိုင်ပါက ကူးစက်မှုလှိုင်းရောက်လာရင် အန္တရာယ်များကြောင်း တာဝန်ရှိသူများက သတိပေးလိုက်ပါတယ်။
မိုဒါနာနဲ့ ဖိုင်ဇာဘိုင်အိုတက်ခ်ကုမ္ပဏီတို့က အိုမီခရွန်မျိုးနွယ်ဝင်ဗိုင်းရပ်စ်အားလုံးကို ကာကွယ်နိုင်မယ့် အားမြှင့်ကာကွယ်ဆေးထုတ်လုပ်စမ်းသပ်လျက်ရှိပါတယ်။
လွန်ခဲ့တဲ့လတွေတုန်းက အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်ထောက်ပံ့ရေးစရိတ် ၂၂.၅ ဘီလီယံတောင်းခံခဲ့ပေမယ့် သဘောတူညီမှုမရခဲ့ပါဘူး။
ကူးစက်မှုမြင့်တက်လာခြင်းအကြောင်းအရင်းက နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်းနဲ့ လူအများနေရာတွေမှာ လူဦးရေကန့်သတ်ခြင်း စတဲ့ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ခြင်းကြောင့်လည်း ပတ်သက်နေပါတယ်။
Source: The Washington Post.
#Yangon_Media_Group
#WorldArts
Published 21 May 2022
ဂျပန်တို့ရဲ့ တိုင်ကိုဒရမ်တီးခတ်ခြင်းကို ဘာသာရေးပွဲတော်များ၊ ရိုးရာပြဇာတ်ဖျော်ဖြေရေးပွဲများနဲ့ ရာသီအလိုက်ပျော်ပွဲ ရွှင်ပွဲတွေမှာ တီးခတ်ဖျော်ဖြေလေ့ရှိပါတယ်။
#Yangon_Media_Group
Published 21 May 2022
ရုရှားသမ္မတ ဗလက်ဒီမာပူတင်က နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို တောင်းဆိုလိုက်ပြီး နိုင်ငံခြားနည်းပညာတွေ အပေါ်မှီခိုတာတွေဖြတ်တောက်ပစ်ရလိမ့်မယ်လို့ပူတင်ကပြောပါတယ်။ ယူကရိန်းကို စစ်တပ်တွေစေလွှတ်ကတည်းက ရုရှားဟာ များပြားလှစွာသော ဆိုက်ဘာတိုက်ခိုက်မှု ခံနေရတာဖြစ်ပါတယ်။
Source AFP
#DailyNews
Published - 21 May 2022
၁။ ရန်ကုန်တွင်ဂျာနယ်၊ သတင်းစာများ ရောင်းအားထက်ဝက်လောက်ထပ်မံကျဆင်း။
၂။ ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင် ၃ မြို့နယ်အား ဆိုင်ကယ်မစီးရ မြို့နယ်များအဖြစ်သတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြောင်းလဲဖန်တီးလာသည့်ဂျပန်တို့၏ တိုင်ကိုဒရမ်တီးခတ်ခြင်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 21 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အတွက် စေလွှတ်ထားတဲ့ အမေရိကန်ထောက်လှမ်းရေးနှစ်ဦးဟာ သမ္မတ ဆိုးလ်မြို့ကိုမရောက်ခင် တစ်ရက်မှာ အရက်မူးပြီး တောင်ကိုးရီးယားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ သူတို့ကို အမေရိကန်ပြန်ပို့လိုက်တယ်လို့ အရာရှိတွေကပြောပါတယ်။
အငှားယာဉ်ထဲမှာ ရန်ဖြစ်ကြပြီးနောက် ကြာသပတေးနေ့ အစောပိုင်းအချိန်မှာ ထောက်လှမ်းရေးနှစ်ဦးထဲက တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ယောင်ဆန်ခရိုင်ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
အဲဒီသူကိုဖမ်းဆီးထိန်းသိမ်းခဲ့တာမဟုတ်ဘဲ တောင်ကိုးရီးယားအရာရှိတွေက စစ်ဆေးခဲ့တာဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက အငြင်းပွားပါတယ်။ အငြင်းပွားမှုမှာ ပါဝင်တဲ့ အခြားထောက်လှမ်းရေးတစ်ဦးကတော့ စစ်ဆေးမှုလည်း မခံခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။
“ လျှို့ဝှက်ထောက်လှမ်းရေးဌာနဟာ အလုပ်ချိန်ပြင်ပမှာ အဲဒီဝန်ထမ်းနှစ်ဦး အခင်းဖြစ်ပွားခဲ့တာသိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ မူဝါဒဖောက်ဖျက်တဲ့ အခြေအနေတစ်ခု ဖြစ်နိုင်ချေရှိတယ်လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရသူ အန်တိုနီ ဂူဂလီမီက ရိုက်တာကိုပြောပါတယ်။
အဲဒီသူတွေကို သူတို့တာဝန်ကျရာဌာနကို ချက်ခြင်းပြန်ပို့လိုက်ပြီး အုပ်ချုပ်ရေးဆိုင်ရာခွင့်ခံစားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဘိုင်ဒင်ရဲ့ခရီးစဉ်အပေါ်ထိခိုက်မှုမရှိပါဘူး” လို့ သူကပြောပါတယ်။
အဲဒီအဖြစ်အပျက်ဟာ Grand Hyatt ဟိုတယ်အပြင်ဘက်မှာဖြစ်ခဲ့တာပါ။ အဲဒီဟိုတယ်ဟာ မေ၂၀ကနေ ၂၄ရက်အထိ ဘိုင်ဒင်ရဲ့ တောင်ကိုးရီးယားနှင့် ဂျပန်ခရီးစဉ်အတွင်း ဘိုင်ဒင်ဟာ ဆိုးလ်မြို့တော်မှာ တည်းခိုဖို့စီစဉ်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။
တောင်ကိုးရီးယားရဲတွေက အဲဒီထောက်လှမ်းရေးနှစ်ဦးရဲ့ အမည်နှင့်အခြားအချက်အလက်တွေမပေးပါဘူး။
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဟာ အမေရိကန်သမ္မတနှင့်အိမ်ဖြူတော်ကို စောင့်ကြပ်ပေးရတဲ့ အမေရိကန်အေဂျင်စီတစ်ခုဖြစ်ပါတယ်။ ဒီလို နိုင်ငံရပ်ခြားမှာ ဆိုသွမ်းစွာပြူမူလုပ်ဆောင်တာတွေ မကြာခဏဆိုသလို ရှိခဲ့ပါတယ်။
၂၀၁၂ခုနှစ်တုန်းက လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင် ၁၁ ဦးဟာ သမ္မတ ဘားရက်အိုဘားမား မရောက်ခင် ကိုလံဘီယာကို ကြိုတင်ရောက်ရှိနေစဉ်မှာ ပြည့်တန်ဆာတွေနှင့် အငြင်းပွားတာတွေအပါအဝင် မလျော်မကန်ပြုမူခဲ့တာတွေရှိခဲ့လို့ ယခုလိုပဲ အမေရိကန်ကိုပြန်ပို့ပေးခဲ့ရပါတယ်။
အထိန်းသိမ်းခံရသူဟာ အသက်၃၀ကျော်အရွယ်ဖြစ်ပြီး ဟိုတယ်မှာခရီးဖော် ဧည့်သည်တစ်ဦးက ရဲကိုဖုန်းဆက်ခေါ်လို့ ဖမ်းဆီးခံခဲ့ရကြောင်း တောင်ကိုးရီးယားရုပ်သံ TV Chosun က ပထမဆုံးသတင်းထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
Source Reuters
#Ukraine_Crisis
Published 21 May 2022
မာရီယူပိုလ်မြို့ရှိ အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံမှာပုန်းခိုနေတဲ့ ယူကရိန်းနောက်ဆုံးခံတပ်အဖွဲ့ဟာ သောကြာနေ့ကအညံ့ခံလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ဒါကြောင့် ဒွန်ဘတ်စ်ဒေသကို အပိုင်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ရုရှားတို့အနေနဲ့ စစ်ပွဲကာလအတွင်း အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
ရုရှားတို့ကြေညာချက်မထုတ်ခင် နာရီပိုင်းအလိုမှာပဲ ယူကရိန်းစစ်တပ်က သံမဏိစက်ရုံမှာရှိတဲ့ နောက်ဆုံးခုခံရေးသမားတွေကို လက်နက်ချပြီး အသက်ရှင်လျက်ထွက်လာဖို့ ညွှန်ကြားခဲ့ကြောင်း သမ္မတ’ဇယ်လန်စကီ’က ပြောကြားသွားပါတယ်။
နောက်ဆုံးခံတပ်အဖွဲ့က ၅၃၁ ယောက် အညံ့ခံခဲ့တယ်လို့ ရုရှားကကြေညာခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းများအတွင်း ယူကရိန်းခံတပ်မှ လက်နက်ချအညံ့ခံသူ ၂,၄၃၉ ဦးရှိလာပြီလို့ ဆိုပါတယ်။
အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံရှိတဲ့နယ်မြေဟာ နောက်ဆုံးတော့လွတ်မြောက်ငြိမ်းချမ်းသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ဒီအရေအတွက်ကို ယူကရိန်းဘက်ကတော့ ချက်ချင်းအတည်မပြုသေးပါဘူး။
လူဟန့်စ်ပြည်နယ်မှ ယူကရိန်းထိန်းချုပ်ထားရာနောက်ဆုံးနယ်မြေတစ်ခုကိုလည်း ရုရှားတို့ကအဓိကထား တိုက်ခိုက်နေပါတယ်။
“ဆီဗီရိုဒိုနက်စ်မြို့ကို ရုရှားတို့ကအပြင်းအထန်တိုက်ခိုက်ဖျက်ဆီးနေပါတယ်၊ လူနေရပ်ကွက်တွေကိုဗုံးကျဲပြီး တစ်အိမ်ပြီးတစ်အိမ်ဖျက်ဆီးနေပါတယ်၊ လူတွေဘယ်လောက်သေပြီလဲဆိုတာ မသိရပါဘူး၊ အခန်းတိုင်းလိုက်ကြည့်နေလို့မှ မဖြစ်နိုင်တာ” လို့ လူဟန့်စ်အုပ်ချုပ်ရေးမှူး’ဆာဟီဂိုင်ဒိုင်’က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
ရုရှားတို့ဟာ မြို့တော်ကိဗ်ကိုမသိမ်းနိုင်ခဲ့တဲ့နောက် ဆီဗီရိုဒိုနက်စ်မြိုနဲ့ လစ္စချန့်စ်မြို့တို့ကို သိမ်းပိုက်ဖို့ကြိုးစားလာခဲ့ပါတယ်။
လတ်တလောသီတင်းပတ်တွေမှာ ရုရှားတို့က နယ်မြေဆုံးရှုံးမှုများရှိခဲ့ပေမယ့် လူဟန့်စ်အရှေ့ဘက်သို့ချီတက်လာရာ ရုရှားထောက်ခံရေးသမားများ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ရုရှားတို့အဓိက သိမ်းပိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်နေကြပါတယ်။
“ဒီအခြေအနေက နောက်သီတင်းပတ်တွေအတွင်း ပဋိပက္ခအဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်၊ ဆီဗီရိုဒိုနက်စ်နဲ့ အခြားနယ်မြေတွေကို ဘယ်လိုသိမ်းပိုက်ထိန်းချုပ်မလဲဆိုတဲ့အပေါ် မူတည်နေပါတယ်’’ လို့ လန်ဒန်ချာသမ်အိမ်တော်မှ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။
ရုရှာတို့ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ စတင်ကျူးကျော်ခဲ့ပြီးနောက် မာရီယူပိုလ်မြို့ကိုထိန်းချုပ်နိုင်ခဲ့တာဟာ အလွန်အရေးပါပေမယ့်လည်း ပျက်စီးဆုံးရှုံးမှု အတော်လေးများပြားခဲ့ပါတယ်။
မာရီယူပိုလ်တည်ရှိရာ ဒိုနက်စ်နဲ့လူဟန့်စ်တို့ပါဝင်တဲ့ ဒွန်ဘတ်စ်ဒေသဟာ လုံးဝဥသုံဖျက်ဆီးခံခဲ့ရပြီး ငရဲခန်းအသွင်ပျက်စီးသွားခဲ့ကြောင်း ‘ဇယ်လန်စကီ’က မိန့်ကြားသွားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 21 May 2022
သက်လတ်ပိုင်းအရွယ်တွေမှာ ဆီးချိုရောဂါဖြစ်ပွားသူတွေဟာ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာခံစားရနိုင်ချေ ၄ ဆပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဆီးချိုရောဂါက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပြီး ဦးနှောက်မှာ ဆိုးကျိုးဖြစ်စေတဲ့ ပရိုတိန်းများ စုဝေးလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သံသယရှိနေပါတယ်။
သုတေသီတွေက လူပေါင်း ၅ ထောင်ကို ဆယ်စုနှစ်တစ်ခုကြာအောင်စောင့်ကြည့်ခဲ့ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်ပေါ်လာသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဆီးချိုရောဂါရှိတဲ့ အသက် ၅၅ နှစ်ဝန်းကျင်ရှိ လူတွေဟာ အသက် ၆၅ နှစ်ကျော်တဲ့အခါ မှတ်ဉာဏ် ချို့ယွင်းခြင်းဝေဒနာ ဖြစ်ပေါ်နိုင်ချေ ၄ ဆပိုများတာကို တွေ့ခဲ့ကြပါတယ်။
လူအများစုက ကျန်းမာရေးမညီညွတ်တဲ့ အစားအသောက်များနဲ့ ကိုယ်အလေးချိန်များခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိနေပါတယ်။
အသက် ၅၅ နှစ်အရွယ်မှာ ဆီးချိုရောဂါနဲ့ သွေးပေါင်ချိန်များခြင်းတို့က မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိတဲ့ အသက် ၆၅ နှစ်အရွယ် လူတွေမှာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းမျိုး ဆက်စပ်ဖြစ်ပေါ်နိုင်ပါတယ်။
လေဖြတ်ခြင်း ဒါမှမဟုတ် ဆီးချိုရောဂါရှိတဲ့ အသက် ၇၀ ကျော်တွေကတော့ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ အများဆုံးဖြစ်ပါတယ်။
အိုင်ယာလန်ဂယ်လ်ဝေး အမျိုးသားတက္ကသိုလ်မှ ပရော်ဖက်ဆာ’အမ်မာမက်ဂရက်’က “သက်လတ်ပိုင်းတွေမှာ ဆီးချိုရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းပိုမိုဖြစ်ပွားနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အသက်မကြီးသေးခင်မှာ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ပိုမိုထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။
ပင်စင်ယူပြီးတဲ့အချိန်မှာ အပူအပင်မရှိ အနားယူချင်ကြတာကြောင့် ဘယ်သူကမှ အဆိုပါဝေဒနာမျိုးမဖြစ်ချင်ကြောင်း ဆိုပါတယ်။
သုတေသီတွေရဲ့လေ့လာချက်တွေထဲမှာ အသက် ၅၅ နှစ်မှာဆီးချိုရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၄.၃ ဆပိုများပြီး အသက် ၆၅ နှစ်မှ ဆီးချိုရှိသူတွေက ၂ ဆသာပိုများပါတယ်။
ဒါကြောင့် အသက်ပိုငယ်တဲ့လူတွေမှာ ဦးနှောက်ပိုမိုထိခိုက်စေတတ်တယ်လို့ ယူဆနိုင်ပါတယ်။
အသက် ၅၅ နှစ်အရွယ်မှာ သွေးပေါင်ချိန် ၁၀ တက်လာတိုင်း မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်း ပိုများလာပါတယ်။
ယူကေမှ အယ်လ်ဇိုင်းမားရောဂါ သုတေသနဌာနရဲ့ ဦးစီးမှူးဒေါက်တာ’ရိုဆာဆန်ချို’ပြောကြားရာမှာ ဒီသုတေသနက ဆီးချိုနဲ့ သွေးတိုးရှိခြင်းဟာ နောက်ပိုင်းမှာမှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်လာနိုင်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: DailyMail.
#Yangon_Media_Group
Page 755 of 862