#WorldHealth
Published 30 May 2022
ဆံပင်မပေါက်တဲ့ရောဂါခံစားနေရတဲ့သူတွေမှာ ဆေးအသစ်တစ်မျိုးဖြင့်စမ်းသပ်ခဲ့ပြီးနောက် အချို့လူတွေမှာ ဆံပင်တစ်ခေါင်းလုံးနီးပါးပြန်ထွက်လာခဲ့ကြောင်း လက်တွေ့စမ်းသပ်ချက်တစ်ခုကို တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
Alopecia areata လို့ခေါ်တဲ့ရောဂါကိုခံစားနေရသူ လက်ရှိအမေရိကန်မှာ ၂ ရာခိုင်နှုန်းခန့်(လူပေါင်း ၆ သန်း)ရှိနေပါတယ်။
အဆိုပါရောဂါဟာ လူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကို ဆံပင်မွှေးညင်းပေါက်များအားတိုက်ခိုက်စေပြီး ဆံပင်တစ်ခေါင်းလုံးကျွတ်ခြင်း ဒါမှမဟုတ် ကွက်တိကွက်ကြားကျွတ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။
မွှေးညင်းပေါက်တွေက နှစ်တွေလတွေကြာတဲ့အခါ သဘာဝအတိုင်းပြန်ပေါ်လာပေမယ့် ကိုယ်ခံအားစနစ်ချို့ယွင်းတာကိုတော့ ကုသလို့မရသေးပါဘူး။
Concert Pharmaceuticals ကထုတ်တဲ့ CTP-543 ဆေးဟာ တစ်နေ့နှစ်ကြိမ်သောက်သုံးရတာဖြစ်ပြီး တတိယအဆင့်စမ်းသပ်ချက် ၂ ခုအနက် ပထမတစ်မျိုးကိုစမ်းသပ်ရာမှာ ဆေးသောက်သုံးခဲ့တဲ့စမ်းသပ်ခံသူတွေထဲက ၃၀ - ၄၀ ရာခိုင်နှုန်းလောက်ဟာ သိသိသာသာဆံပင်ပြန်ပေါက်လာကြပါတယ်။
စမ်းသပ်ခံသူ ၄ ပုံ ၁ ပုံလောက်က ၂၄ ပတ်လေ့လာမှုအပြီးမှာ အနည်းဆုံးဆံပင် ၈၀ ရာခိုင်နှုန်းလောက်ပြန်ပေါက်ခဲ့တယ်လို့ Concert Pharmaceuticals ကဆိုပါတယ်။
Bald Girls Do Lunch တည်ထောင်သူ'သီယာချက်ဆင်'က "၈၀ ရာခိုင်နှုန်းဆိုတာ တော်တော်များတဲ့ပမာဏပါ၊ ဒီပမာဏလောက်ပြန်ပေါက်လာတာကို အသိအမှတ်ပြုရပါမယ်" လို့ Insider ကိုပြောပြသွားပါတယ်။
Concert ရဲ့ တတိယအဆင့်စမ်းသပ်မှု ဒုတိယအခေါက်မှာ ရလာဒ်ကောင်းမယ်ဆိုရင် ၂၀၂၃ မှာ FDA အသိအမှတ်ပြုရဖို့ လျှောက်ထားနိုင်မှာပါ။
ရောဂါပြင်းထန်တဲ့သူတွေမှာ ခန္ဓာကိုယ်၊ မျက်နှာတိုက မျက်တောင်တွေ နှာခေါင်းအမွှေးတွေအပြင် ဦးခေါင်းကဆံပင်တွေပါ ဆုံးရှုံးနိုင်ပါတယ်။
ဒါ့အပြင် လက်သည်းရှည်ထွက်ခြင်းကိုထိခိုက်စေပြီး လက်သည်းကွဲခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း 'ချက်ဆင်'ကဆိုပါတယ်။
ကုသမှုရဲ့အကျိုးဆက်က ဆံပင်ကျွတ်ခြင်းကြောင့်ဖြစ်တတ်တဲ့ စိတ်ထိခိုက်မှုကိုပါ ဖြေလျှော့ပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။
ပိုဆိုးစေတာကတော့ အရေပြားကုဆရာဝန်က "ဘာမှလုပ်ပေးလို့မရဘူး၊ မျှော်လင့်ချက်မရှိဘူး"လို့ ပြောတာမျိုးပဲဖြစ်ပါတယ်။
ဆံပင်ကျွတ်ခြင်းဝေဒနာကုသပေးတဲ့ 'မယ်ရီအန်းဆန်နာ'က ကုသနည်းအသစ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုနဲ့ လူမှုဆိုင်ရာသက်ရောက်မှုတို့ကို လျှော့တွက်လို့မရကြောင်း ပြောပြခဲ့ပါတယ်။
"ကုသလိုက်လို့ဆံပင်ပြန်ပေါက်လာတဲ့လူနာတွေဆိုရင် ပြုံးပျော်ရွှင်နေကြပါတယ်၊ ကိုယ့်ဘဝကိုယ်ပြန်လည်ပိုင်ဆိုင်ရပြီဆိုတဲ့အနေအထားမျိုး မြင်တွေ့ရပါတယ်" လို့ ဆိုပါတယ်။
Source: Insider
#Yangon_Media_Group
#WorldHealth
Published 30 May 2022
ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးထားပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူတွေဟာ ကာကွယ်ဆေးတဝက်တပျက်ထိုးထားသူများ ဒါမှမဟုတ် ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ သူများနဲ့နှိုင်းယှဉ်ပါက ကိုဗစ်ရောဂါကူးစက်ပျံ့ပွားနိုင်ချေနည်းပါးကြောင်း တောင်ကိုရီးယားလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးထားပြီး ကိုဗစ်ကူးစက်ထားသူအယောက် ၅၀ အပါအဝင် ဆေးရုံဝန်ထမ်း ၁၇၃ ယောက်ကိုလေ့လာကြရာမှာ ဆေးရုံအတွင်းဗိုင်းရပ်စ်ကူးစက်သူတွေထဲမှာ ကာကွယ်ဆေးထိုးပြီးသားသူတွေထံမှ ၇ ရာခိုင်နှုန်းကူးစက်ခဲ့ပြီး ကာကွယ်ဆေးမထိုးထားသူတွေထံမှ ၂၆ ရာခိုင်နှုန်းကူးစက်ခဲ့ကာ နှစ်ဖွဲ့စလုံးက ဗိုင်းရပ်စ်ပမာဏတော့ အတူတူပဲဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ်လက္ခဏာသာမန်မျှခံစားရပြီး ကွာရန်တင်ထားထားတဲ့ နောက်ထပ်လူ ၄၅ ယောက်ကိုလေ့လာရာမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးသားလူ ၆ ယောက်က ၄ ရက်လောက်အထိ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမှုန်တွေ တွေ့ခဲ့ရပါတယ်။
ကာကွယ်ဆေးအကြိမ်ရေ မပြည့်သေးတဲ့လူ ၁၁ ယောက်ကတော့ ၈ ရက်မျှဗိုင်းရပ်စ်မှုန်တွေရှိနေပြီး ကာကွယ်ဆေးလုံးဝ မထိုးထားတဲ့သူ ၂၈ ယောက်မှာတော့ ၁၀ ရက်အထိဗိုင်းရပ်စ်အမှုန်တွေကျန်ရှိနေပါတယ်။
ဒီကူးစက်မှုတွေအားလုံးဟာ အိုမီခရွန်မျိုးဗီဇကွဲမပေါ်ထွက်ခင်ကာလကဖြစ်ကြောင်း သုတေသီများ က JAMA Network Open မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
အဆိုပါအချက်အလက်တွေအရ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ရောဂါကူးစက်နိုင်တယ်ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကိုထိန်းချုပ်ဖို့ ကိုဗစ်ကာကွယ်ဆေးကအရေးကြီးလိုအပ်ဆဲဖြစ်ကြောင်း သုတေသီများကအကြံပြုခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 29 May 2022
တရုတ်နိုင်ငံက ပြည်တွင်းထုတ် အလယ်အလတ်အရွယ် လုပ်ငန်းစုံသုံး ရဟတ်ယာဉ် AC352 ကို လုပ်ဆောင်မှုတွေနှင့် စိတ်ချရမှုတွေကို စမ်းသပ်ပျံသန်းမှု ပြီးဆုံးခဲ့ပြီး ဒါဟာ ပျံသန်းခွင့်လက်မှတ်ရဖို့ နောက်တစ်ဆင့်တက်သွားတာ ဖြစ်တယ်လို့ တရုတ်လေကြောင်း လုပ်ငန်းကော်ပိုရေးရှင်း AVICက စနေနေ့ကပြောပါတယ်။
AC352 ရဟတ်ယာဉ်ဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာပင်းဖင်းဖှန်းလေဆိပ်ကို စနေနေ့ မနက် ၁၀နာရီ၂၂မိနစ်မှာ ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ဟာ အဲဒီပြည်နယ် ကျန်ဆန်ကျန်းရှီဒီလေဆိပ်ကျားမူးဆီ လေဆိပ်ကနေ ၆၁၆ ကီလိုမီတာ ခရီးရှည် ပျံသန်းခဲ့တာဖြစ်ပါတယ်။
စမ်းသပ်ပျံသန်းမှုပြီးဆုံးသွားတဲ့အတွက် တရုတ်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က စစ်ဆေးပြီးတဲ့နောက် ပျံသန်းခွင့်လက်မှတ်ထုတ်ပေးဖို့ နောက်ဆုံးအဆင့်ပဲ ကျန်ရှိပါတော့တယ်လို့ တရုတ်ရဲ့ ထိပ်တန်း လေယာဉ်ပျံထုတ်လုပ်တဲ့ AVIC ကပြောပါတယ်။
စမ်းသပ်ပျံသန်းမှုတွေကို တစ်ရက်ကို ငါးနာရီကြာပြုလုပ်ခဲ့တာဖြစ်ပီဲး နေ့ပျံသန်းခြင်းနှင့်ညပျံသန်းခြင်းတွေကိုပါ ဆောင်ရွက်ခဲ့ကြပါတယ်လို့သိရပါတယ်။
Source CCTV
Published 29 May 2022
အမျိုးသားတစ်ဦးဟာ သူ့ဇနီးသည်နှင့် ချစ်တင်းနှီးနှောပြီး ဆယ်မိနစ်အကြာမှာ ရုတ်တရက်ကြီး အတိတ်မေ့ ဝေဒနာ ရရှိ သွားခဲ့ပါတယ်။ သူရဲ့မှတ်ဉာဏ်တွေဟာ ယမန်နေ့က ဘာလုပ်ခဲ့တယ်ဆိုတာကို ယာယီအားဖြင့် လုံးဝ မမှတ်မိတော့ပဲ ဖြစ်သွား ပြီး အချက်အလက်အသစ်တွေကိုလည်း မှတ်ဉာဏ်က လက်မခံနိုင်ဘဲ ဖြစ်သွားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အသက် ၆၆ နှစ်အရွယ် အမျိုးသားဟာ နေ့လယ်ခင်းတစ်ခုမှာ ဇနီးနှင့်ချစ်တင်းနှီးနှောပြီးနောက် သူ့ဖုန်းကိုကြည့်ပြီး ရက်စွဲကို မြင်သွားတဲ့အခါ သူအတော် စိတ်ပူပန်သွားရပါတယ်။ သူ့မင်္ဂလာနှစ်ပတ်လည် မလုပ်ခဲ့ရပါလားဆိုပြီး စိတ်ပူသွားတာပါ။ တကယ်တမ်းတော့ အဲဒီမင်္ဂလာနှစ်ပတ်လည်ပွဲကို ယမန်နေ့ကပဲ သူဟာ သူ့ဇနီးသည်၊မိသားစုနှင့်အတူ ဆင်နွှဲခဲ့ပြီး ဖြစ်ပါတယ် လို့ အိုင်ယာလန်နိုင်ငံ လင်မာရစ်ခ်က ဆရာဝန်တွေကပြောတဲ့အကြောင်း အိုင်ယာလန်ဆရာဝန်အသင်းက ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အဲဒီမှတ်ဉာဏ်ချို့ယွင်းမှုဟာ တစ်နာရီလောက်ကြာသွားခဲ့ပါတယ်။ အဲဒီသူဟာ သူ့ဇနီးနှင့် သမီးကို အဲဒီနေ့မနက်နှင့် မနေ့က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ထပ်ခါတလဲလဲမေးနေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ဆရာဝန်တွေရဲ့အစီရင်ခံစာမှာ အဲဒီလူ ဘယ်သူဆိုတာ ဖော်ပြမထားပါဘူး။ သူဟာ အရေးပေါ်အခန်းထဲ ရောက် သွားခဲ့ရပါတယ်။ အဲဒီနောက် သူဟာ ပုံမှန်အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးအမှုအပြည့်အစုံကို ခံယူခဲ့ရပါတယ်၊
ဆရာဝန်တွေက transient global amnesia (TGA)ရောဂါလို့သတ်မှတ်လိုက်ပါတယ်။ TGA ဆိုတာ မှတ်ဉာဏ်ယာယီချို့ယွင်း သွားပြီး မှတ်ဉာဏ်အသစ်တွေကို လည်း လက်ခံလို့မရနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းမှုဟာ ပုံမှန်အားဖြင့် ဘာမှကုသစရာမလိုဘဲ ၄နာရီကနေ ၆ နာရီအတွင်း ကြာတတ်ပါတယ်။ဒါပေမယ့် ၂၄နာရီအထိလည်း ကြာသွားတတ်တာတွေ ရှိပါတယ်။
မေးခွန်းတွေတရစပ်မေးပြီး အဖြေကို မရနိုင်တာတွေဟာ TGA ရဲ့ အဓိက ရောဂါလက္ခဏာတွေဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
TGAဖြစ်တာကို လေဖြတ်တာ၊မှတ်ဉာဏ်ချိုံ့ယွင်းတာနှင့် ဝက်ရူးပြန်ရောဂါတွေလို့ ထင်နိုင်ပြီး အချို့သော လေယာဉ်မှူးတွေလို အလုပ်တွေအတွက် ရောဂါရှုပ်ထွေးမှုတွေရှိတတ်ပါတယ်။
ရောဂါဖြစ်သူတွေအများစုဟာ အသက်၅၀နှင့် ၇၀အကြား အမျိုးသားတွေဖြစ်ပါတယ်။ဘာကြောင့် TGA ဖြစ်ရတယ်ဆိုတာ အတိအကျမသိကြပါဘူး။ဒါပေမယ့် ခန္ဓာကိုယ်ပင်ပန်းတာ၊ အေးတဲ့ပူတဲ့ရာသီဥတုအောက်မှာ အကြာကြီးနေတာ၊ စိတ်လှုပ်ရှားဖိစီးမှုတွေ၊ အနာတရဖြစ်မှုနှင့် လိင်ဆက်ဆံမှုတွေ အစရှိတဲ့ လှုပ်ရှားဆောင်ရွက်မှု အတော်များများနှင့် ဆက်စပ်နေတာတွေ့ရှိခဲ့ပါတယ်။
အခုဖြစ်ခဲ့တဲ့သူဟာ ယခင်(၇)နှစ်တုန်းကလည်း အလားတူဖြစ်ခဲ့ပါတယ်။ TGAဟာ လူတစ်ယောက်ကို တစ်ကြိမ်ထက်ပိုပြီး ဖြစ်စေနိုင်ပါတယ်။ ဘယ်နှကြိမ်ဖြစ်နိုင်တယ်လို့တော့ အတိအကျရယ်လို့ မရှိဘူးလို့သိရပါတယ်။
Source Insider
Published 29 May 2022
မေ၂၉ ရက်စနေနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပခဲ့ရာ ရီးယဲလ်မက်ဒရစ်က လီဗာပူးလ်ကို ဗင်နီရှပ် ဂျုနီယာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဗိုလ်လုပွဲကို ကွင်းအပြင်ဘက်မှာ ပြဿနာအချို့ရှိလို့ နာရီဝက်လောက် နောက်ကျပြီးမှ ကျင်းပခဲ့ရတာဖြစ်ပြီး ရီးယဲမက်ဒရစ် အဖို့ ဒီနှစ်ချန်ပီယံဆုကို (၁၄)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဘရာဇီး တောင်ပံကစားသမား ဗင်နီရှပ်ဟာ ဒုတိယပိုင်း ၅၉မိနစ်မှာ တစ်လုံးတည်းသော ဂိုးကိုသွင်းခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ ချေပဂိုးမသွင်းနိုင်ခဲ့ဘဲ ရှုံးခဲ့ရပါတယ်။
၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ရှင် ရီးယဲမက်ဒရစ်ရဲ့ ပရိဿတ်တွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်ရဲ့ ဆီဘီလေးစ်ရင်ပြင်မှာ ဟစ်အော်မြူးတူးပြီး အောင်ပွဲဆင်နွှဲကြတာတွေကို ရုပ်သံမြင်ကွင်းတင်ဆက်လိုက်ရပါတယ်။
Source AFP
Published 29 May 2022
တွစ်တာက နာမည် “တိုကို” လို့သာ သိထားကြတဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ သူဝင်နေလို့ရတဲ့ တကယ့် သက်ရှိ သိုးထိန်းခွေးတစ်ကောင်နှင့်တူတဲ့ ဝတ်စုံကြီးတစ်ခုကို ဂျပန်ယန်းငွေနှစ်သန်း(၁၅,၇၀၀ ဒေါ်လာ)အကုန်အကျခံ ဖန်တီးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက တွစ်တာမှာ အဲဒီလူ တင်ခဲ့တဲ့ ဗွီဒီယိုဟာ စတင်ကတည်းက အခုထိ ကြည့်ရှုတဲ့ အကြိမ်ပေါင်း ၁.၇ သန်းကျော် ရှိနေပါပြီ။ အဲဒီဗွီဒီယိုမှာ အဲဒီလူဟာ ခွေးဝတ်စုံကြီးထဲ ဝင်ပြီး တကယ့်ခွေးတစ်ကောင်လို ကြမ်းခင်းမှာ လူးလှိမ့်ပြခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့လက်သည်းတွေနှင့် ကင်မရာကိုနှုတ်ဆက်ပြသခဲ့ပါသေးတယ်။
တိုကိုမှာ YouTube ချယ်နယ်လ်တစ်ခုရှိပြီး အဲဒီချယ်နယ်လ်က တစ်ဆင့် သူဟာ သားမွေးခွေးဝတ်စုံကြီးထဲဝင်ပြီး အတိုအထွာအမျိုးမျိုး လုပ်ပြခဲ့ပါတယ်။ အဲဒီချယ်နယ်လ်မှာ သူက ချယ်နယ်လ်အကြောင်းကို “ ကျွန်တော် တိရိစ္ဆာန်တစ်ကောင်ဖြစ်ချင်တယ်။ အဲဒါကြောင့် အခု သိုးထိန်းခွေးတစ်ကောင်ဖြစ်ခဲ့ပြီ” လို့ရေးသားထားပါတယ်။
တိုကိုရဲ့ ဝတ်စုံကို နောက်ကွယ်က ဖန်တီးပေးခဲ့တဲ့ ကုမ္ပဏီက Zeppet ဇက်ပက် ဆိုတာဖြစ်ပါတယ်။ ဇက်ပက်က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အဲဒီဝတ်စုံနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ဖော်ပြပေးထားပါတယ်။ ဇက်ပက်ဟာ ပုံစံတူတွေနှင့် ရုပ်ရှင်ထဲက ရုပ်တုတွေကို အထူးသဖြင့် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်တွေအတွက် ဖန်တီးပေးရာမှာ လူသိများ ကြပါတယ်။
“ ဖောက်သည်တစ်ဦးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကျွန်တော်တို့ဟာ ခွေးဝတ်စုံတစ်ခု လုပ်ပေးခဲ့ရပါတယ်။ သိုးထန်းခွေးပုံစံတူပါ။ တကယ့် အပြင်က ခြေလေးချောင်းသတ္တဝါခွေးတစ်ကောင်အတိုင်း ထုတ်လုပ်ပေးခဲ့ပါတယ်” လို့ ကုမ္ပဏီက ရေးသားထားပါတယ်။
ဒီဝတ်စုံကို ဖန်တီးရတာ ရက်၄၀ကြာတယ်လို့ ကုမ္ပဏီကပြောပါတယ်။ သူဘာဖြစ်လို့ သိုထိန်းခွေးဝတ်စုံကို ရွေးချယ်ရသလဲ ဆိုတော့ ခွေးရဲ့ ရှည်လျားတဲ့သားမွှေးတွေဟာ သူ့ရဲ့ လူနှင့်တူတဲ့ပုံစံကို ဖုံးကွယ်ပေးထားနိုင်လို့ဖြစ်တယ်လို့ တိုကို က ဂျပန်မီဒီယာ မိုင်နေဗီကို ပြောပါတယ်၊
“ သိုးထိန်းကိုဘာဖြစ်လို့လုပ်ရသလဲဆိုတော့ အဲဒါကို ကျွန်တော်ဝတ်ဆင်လိုက်တဲ့အခါ တကယ့်ခွေးနှင့်တူသွားလို့။ ကျွန်တော် သဘောကျတဲ့ တိရိစ္ဆာန်တွေဟာ ခြေလေးချောင်းကလေးတွေပဲ။ အထူးသဖြင့် ချစ်စရာကောင်းတာလေးတွေ။ အဲဒါကြောင့် သိုးထိန်းခွေးဝတ်စုံကိုချုပ်တာ။သူက ကျွန်တော့်အကြိုက်ခွေးလေ” လို့ သူကပြောပါတယ်။
ခွေးတစ်ကောင်ရဲ့ အရိုးဖွဲ့စည်းပုံဟာ လူသားနှင့် သိသိသာသာကွာခြားတဲ့အတွက် ခွေးတစ်ကောင်နှင့် အတူနိုင်ဆုံး ဘယ်လို လုပ်ရမယ်ဆိုတာ ဒီဇိုင်းနာတွေက အချိန်ယူပြီး စဉ်းစားခဲ့ရတယ် လို့ ဇက်ပက်ကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ ဒီဝတ်စုံကို ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်ထားပါတယ်။ နောက်ထပ် ပြန်ထုတ်လုပ်လို့ရအောင်ဖြစ်ပြီး အမွှေးတွေက သဘာဝအတိုင်းကျနေအောင် ဖန်တီးရမယ့်နည်းလမ်းတွေအတွက်ဖြစ်တယ်” လို့ ဇက်ပက်ရဲ့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။
Insider က တိုကိုဆီက မှတ်ချက်တောင်းခံပေမယ့် လက်ငင်းကြီး မရသေးပါဘူး။
Source: Insider
#WorldHealth
Published 29 May 2022
မိခင်နို့ကို အချိန်ကြာတဲ့အထိသောက်သုံးခဲ့တဲ့ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ စဉ်းစားဉာဏ်ပိုမိုကောင်းမွန်သူများဖြစ်လာကြကြောင်း လေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။
ဗြိတိန်မှကလေး ၇,၈၀၀ ကိုလေ့လာကြရာ မိခင်နို့ကို ၂ လအောက်သောက်သုံးခဲ့တဲ့ ကလေးများကတစ်ဖွဲ့၊ ၂ လမှ ၄ လအထိသောက်သုံးခဲ့တဲ့ကလေးများကတစ်ဖွဲ့၊ ၄ လမှ ၆ လအတွင်းသောက်သုံးခဲ့တဲ့ကလေးများကတစ်ဖွဲ့နဲ့ ၁ နှစ်အထက်သောက်သုံးခဲ့တဲ့ကလေးများကတစ်ဖွဲ့ အသီးသီးခွဲပြီးလေ့လာခဲ့ကြပါတယ်။
အသက် ၁ နှစ်ကျော်အထိ အချိန်အကြာဆုံး မိခင်နို့သောက်သုံးခဲ့တဲ့ ကလေးတွေဟာ အသက် ၁၄ နှစ်အရွယ်မှာ မိခင်နို့မသောက်ခဲ့ရတဲ့ကလေးတွေနဲ့ ယှဉ်ရင် ဝေါဟာရဖြေဆိုမှုတွေမှာ အမှတ်အများဆုံးရရှိခဲ့ပါတယ်။
သူတို့ရဲ့အမှတ်ကွာခြားချက်က အိုင်ကျူ ၃ မှတ်စာလောက်ရှိတယ်လို့ အောက်စ်ဖိုဒ်တက္ကသိုလ်မှပညာရှင်များက ပြောပြခဲ့ကြပါတယ်။
အသက် ၄ လမှ ၆ လအထိ မိခင်နိုသောက်သုံးခဲ့တဲ့ကလေးတွေက အသက် ၇ နှစ်နဲ့ ၁၁ နှစ်အရွယ်ရောက်တဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ မေးခွန်းများ၊ စဉ်းစားဆင်ခြင်ခြင်းဆိုင်ရာ မေးခွန်းများ၊ သိရှိနိုင်စွမ်းမေးခွန်းများမှာ အကောင်းဆုံးဖြေဆိုတုန့်ပြန်နိုင်ခဲ့ပါတယ်။
မိခင်ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ လူမှုစီးပွားရေးအခြေအနေတို့ကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင် မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေဉာဏ်ရည်တိုးတက်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။
မိခင်များအနေနဲ့ ကလေးအသက် ၆ လအထိ မိခင်နိုတိုက်ကျွေးသင့်ကြောင်း WHO က အကြံပြုထားပါတယ်။
ဒါပေမဲ့ ဗြိတိန်မှမိခင် ၄၈ ရာခိုင်နှုန်းနဲ့ အမေရိကန်မှမိခင် ၅၂ ရာခိုင်နှုန်းတို့သာ ကလေးအသက် ၆ လအထိ မိခင်နိုတိုက်ကျွေးကြပါတယ်။
"ဒီလိုကွာခြားချက်က သိပ်ပြီးတော့စိုးရိမ်စရာမရှိပါဘူး၊ လပေါင်းများစွာအထိ မိခင်နိုသောက်သုံးခဲ့ရခြင်းနဲ့ မိခင်နို့မတိုက်ကျွေးနိုင်ခြင်းကြားခြားနားချက်က အိုင်ကျူ ၂ မှတ် ၃ မှတ်လောက်သာ ကွာခြားနိုင်တာဖြစ်ပါတယ်" လို့ အောက်စ်ဖိုဒ်တက္ကသိုလ်မှ ဒေါက်တာ'ရယ်နီပယ်ရီရာအယ်လီယက်စ်'က ပြောပြပါတယ်။
မိခင်နို့မှာ ကောင်းကျိုးအဆီပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ သံဓာတ်တို့လို အာဟာရများစွာပါဝင်နေပြီး ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင် နာမကျန်းဖြစ်ပွားခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်သလို ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေပါတယ်။
ပညာရေးကောင်းမွန်တဲ့ မိခင်တွေရဲ့ကလေးတွေနဲ့ ပိုမိုချမ်းသာတဲ့မိသားစုတွေမှ ကလေးတွေဟာ မိခင်နို့ကို ပိုမိုကြာရှည်စွာတိုက်ကျွေးကြလေ့ရှိတဲ့အပြင် အနီးကပ်သင်ကြားပေးခြင်း၊ ပြင်ပဗဟုသုတရစရာ နေရာများသို့ အလည်အပတ်သွားခြင်းတို့ကလည်း ပိုမိုအကျိုးရှိစေပါတယ်။
Plos ONE ဂျာနယ်ကဖော်ပြချက်အရ အချိန်ပိုမိုကြာရှည်စွာ မိခင်နိုတိုက်ကျွေးခြင်းက ဉာဏ်ရည်မြင့်မားတဲ့ မိခင်မှမွေးတဲ့ကလေးတွေနဲ့ ချမ်းသာတဲ့မိသားစုမှ လာတဲ့ကလေးတွေကဲ့သို့ ဉာဏ်ရည်မြင့်မားနိုင်ကြောင်း သုံးသပ်ထုတ်နှုတ်ထားပါတယ်။
Source: DailyMail.
#Yangon_Media_Group
Page 746 of 862