#World_Health
Published 2 October 2022
အထီးကျန်ဆန်သူများက ဆီးချိုဒုတိယအမျိုးအစား ဖြစ်နိုင်ချေများကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က ဖော်ပြလိုက်ပါတယ်။
ဆီးချိုဖြစ်ပွားသူများပြားလျက်ရှိပြီး ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံးအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
နော်ဝေတက္ကသိုလ်တစ်ခုမှ လေ့လာရာမှာ ဆီးချိုရောဂါနဲ့ အထီးကျန်မှုတို့ကြားဆက်စပ်မှုကို လေ့လာခဲ့ကြပြီး စိတ်ဓာတ်ကျခြင်းနဲ့ အိပ်မပျော်ခြင်းတို့ပါ ထည့်တွက်ခဲ့ကြပါတယ်။
ဆီးချိုရောဂါဖြစ်လာနိုင်ချေနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတို့ကြား ဆက်စပ်ခဲ့ကြရာ အထီးကျန်ဆန်မှုက စိတ်ဖိစီးမှုဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။
ဦးနှောက်ကနေ စားသောက်မှုပုံစံနဲ့ စားသောက်ချင်စိတ်ကို ထိန်းညှိပေးပါတယ်။
အဲဒီကနေ ပိုမိုစားသောက်ဖြစ်လာပြီးတော့ သွေးတွင်းသကြားဓာတ်မြင့်တက်လာပါတယ်။
အထီးကျန်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ ပိုစားချင်လာတတ်ပါတယ်။
မကျန်းမာတဲ့အစားအစာတွေ စားမိတာကြောင့် အထီးကျန်ဆန်မှုနဲ့ ဆီးချိုဖြစ်လာနိုင်ချေတို့ကြား တိုက်ရိုက်ပတ်သက်နေနိုင်ပါတယ်။
လေ့လာမှုပြုလုပ်လိုက်တဲ့အခါ အထီးကျန်မှုများများခံစားရသူတွေက ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကို သိသိသာသာတွေ့ရှိရပါတယ်။
အထီးကျန်အဆန်ဆုံးသောလူတွေက အထီးမကျန်တဲ့သူတွေထက် ဆီးချိုဖြစ်နိုင်ချေ ၂ ဆများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အကြောင်းအရင်းအတိအကျကိုတော့ မသိရှိရသေးဘဲ နောက်ထပ်လေ့လာမှုများပြုလုပ်ဖို့ အကြံပြုထားပါတယ်။
အစားအသောက်ပုံစံ၊ အဝလွန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ စတဲ့အချက်အလက်တွေကိုလည်း စုံစမ်းသင့်ပါတယ်။
ဒီပုံစံတွေက ဆီးချိုဖြစ်လာစေတဲ့ အဓိကအကြောင်းအရင်းများဖြစ်ပြီး အထီးကျန်ခြင်းနဲ့ ပတ်သက်နေပါတယ်။
ဒီကြားထဲက အကြောင်းအရင်းကို သိချင်ရင်တော့ အထီးကျန်ခြင်းနဲ့ ဆီးချိုရောဂါတို့ကြား တိုက်ရိုက်ပတ်သက်မှုကို ပိုမိုလေ့လာရန်လိုအပ်ပါတယ်။
ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ အကြံပေးချက်တွေမှာ အထီးကျန်မှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Wildlife
Published 2 Oct 2022
ကမ္ဘာပေါ်ရှိ ငှက်မျိုးစိတ်အားလုံးရဲ့ တဝက်နီးပါးခန့်ဟာ အကောင်ရေကျဆင်းလျက်ရှိပြီး မျိုးစိတ် ၈ မျိုးမှာ ၁ မျိုးလောက်က မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းဖော်ပြထားပါတယ်။
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ BirdLife ရဲ့တင်ပြချက်ထဲမှာ သုတေသီများ၊ ထိန်းသိမ်းစောင့်ရှောက်သူများ၊ ဒေသခံသိပ္ပံပညာရှင်များထံမှ အချက်အလက်များစုဆောင်းခဲ့ကြရာ သဘာဝတရားကြီးအတွက် အစိုးရိမ်ရဆုံးအခြေအနေကို မြင်တွေ့ခဲ့ကြပါတယ်။
ကမ္ဘာပေါ်ရှိ ငှက်မျိုးစိတ်တွေရဲ့ ၄၉ ရာခိုင်နှုန်းက အခုဆိုရင် အကောင်ရေကျဆင်းလာပြီး ၂၀၁၈ နောက်ဆုံးတင်ပြချက်ပြီးကတည်းက ၆ ရာခိုင်နှုန်းသောမျိုးစိတ်တွေကသာ အကောင်ရေတိုးပွားခဲ့ပါတယ်။
ငှက်မျိုးစိတ် ၈ မျိုးမှာ ၁ မျိုးနှုန်း ဒါမှမဟုတ် မျိုးစိတ် ၁,၄၀၉ မျိုးက မျိုးသုဉ်းအန္တရာယ်ကြုံတွေ့နေရကာ ၁၉၇၀ နောက်ပိုင်း မြောက်အမေရိကတစ်တိုက်တည်းမှာပင် ငှက်ပေါင်း ၃ ဘီလီယံနီးပါး ပျောက်ကွယ်ခဲ့ပါတယ်။
"ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတွင်း ငှက်မျိုးစိတ် ၁၆၀ ပျောက်ကွယ်ခဲ့ပြီး မျိုးသုဉ်းနှုန်းက မြင့်လာပါတယ်" လို့ BirdLife မှ သိပ္ပံနည်းဆိုင်ရာအရာရှိ'လူစီဟတ်စ်ကဲလ်'က ဆိုပါတယ်။
သမိုင်းအရ မျိုးသုဉ်းမှုအများစုက ကျွန်းတွေမှာဖြစ်ပေမယ့် တိုက်ကြီးတွေမှာပါ နေထိုင်ကျက်စားရာနေရာများ ပျောက်ကွယ်ခြင်းကြောင့် မျိုးသုဉ်းမှုအရှိန် မြင့်တက်လာပါတယ်။
ငှက်အများစုရင်ဆိုင်နေရတဲ့ပြဿနာက လူတွေကြောင့် ဖြစ်ပါတယ်။
အဓိကပြဿနာတွေက စိုက်ပျိုးရေး၊ သစ်ခုတ်လုပ်ငန်း၊ ကျူးကျော်မျိုးစိတ်များ၊ နယ်ချဲ့ရှာဖွေမှုများနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍတွေမှာ ဓာတုပစ္စည်းတွေ၊ စက်တွေအသုံးပြုလာခြင်းက ငှက်တွေနေထိုင်ကျက်စားရာနေရာများကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။
သစ်ခုတ်လုပ်ငန်းများကြောင့် နှစ်စဉ် သစ်တော်နယ်မြေ ဟက်တာ ၇ သန်းခန့်ဆုံးရှုံးနေရပြီး ဒါဟာ အိုင်ယာလန်နိုင်ငံအကျယ်အဝန်းမျှ ရှိနေပါတယ်။
ရာသီဥတုဖောက်ပြန်ကာ မုန်တိုင်းများ၊ တောမီးများ၊ မိုးခေါင်ရေရှားခြင်းများက ငှက်တွေနေထိုင်ရာများအထိ သက်ရောက်နေပါတယ်။
၂၁၀၀ ခုနှစ်အရောက် အပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်စ်ပိုမြင့်လာတဲ့အချိန်မှာ ရာသီဥတုနဲ့ပတ်သက်တဲ့ အန္တရာယ် ၂ ခု ၃ ခုကြောင့် အမေရိကန်ရှိငှက်များအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းကို သက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
"လူသားတွေရဲ့လုပ်ရပ်က ဂေဟစနစ်လုပ်ဆောင်ချက်များကို ယိုယွင်းစေကာ သတ္တဝါမျိုးစိတ်များ လျင်မြန်စွာမျိုးသုဉ်းလာစေပါတယ်လို့ တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်ရဲ့ အခြေအနေကို ငှက်များကနေ သိရှိနိုင်ကြောင်း BirdLife မှ အမှုဆောင်အရာရှိချုပ်'ပက်ထရစ်ရှာဇူရီတာ'က ပြောပြသွားပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ နေထိုင်မှုကြပ်တည်းလာတဲ့ အခြေအနေများကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကို အာရုံမရောက်တော့ပါဘူး။
ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းအားထုတ်မှုများက အရာရောက်ခဲ့ပြီး BirdLife ရဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ငှက်မျိုးစိတ် ၇၂၆ မျိုးအတွက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 2 Oct 2022
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဘောလုံးပွဲတစ်ပွဲတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအုပ်လိုက်ပြုံတိုးသဖြင့် အနည်းဆုံးလူ ၁၂၀ကျော် သေဆုံးခဲ့ရပြီးနောက် ဘောလုံးပြိုင်ပွဲများရဲ့ အန္တရာယ်ကင်းရှင်းရေးကို အာဏာပိုင်တွေက ပြန်လည် ချင့်တွက်သွားမယ်လို့ အင်ဒိုနီးရှား အားကစားဝန်ကြီး ဇိန်နူဒင် အာမာလီက ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေမနက်ရရှိတဲ့နောက်ဆုံးသတင်းတွေအရ သေဆုံးသူအရေအတွက်ဟာ ၁၂၉ အထိရှိသွားပြီလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
အရှေ့ဂျာဗားပြည်နယ်ရဲချုပ် နီကို အဖင်တာက ကနဦးမှာ ၁၂၇ ဦးသေဆုံးပြီး ၁၈၀ ဦးဒဏ်ရာရတယ်လို့ ပြောခဲ့ပါတယ်။
ရှုံးသွားတဲ့အသင်းဖက်က အားပေးသူတွေဟာ ဘောလုံးကွင်းထဲကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနှင့် ပစ်ခတ်ခဲ့ရာမှာ လူတွေ အစုလိုက်အပြုံလိုက်ကြောက်ရွံ့ပြေးလွှားခဲ့ကြပါတယ်။ အဲဒီနောက် မွန်းကြပ်ပြီး သေဆုံးခဲ့ကြတယ်လို့ ရဲချုပ်ကဆက်ပြောပါတယ်။
ကနဦးသေဆုံးသူ ၁၂၇ ဦးထဲမှာ နှစ်ဦးဟာ ရဲအရာရှိတွေဖြစ်တယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
“ ဘောလုံးကွင်းထဲမှာ ၃၄ ဦးသေဆုံးပြီး ကျန်သူတွေကတော့ ဆေးရုံ မှာသေဆုံးကြတာပါ” လို့သူကပြောပါတယ်။
စနေနေ့က မာလန်ရီဂန်ဆီမှာရှိတဲ့ ကာနီဓျူရူဟန်ကစားကွင်းမှာကျင်းပတဲ့ အာရီမာအက်ဖ်ဆီအသင်းနှင့် ပါဆီဘာရာ ဆူရာဘာရာအသင်းတို့ရဲ့ ဘောလုံးပြိုင်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုအပြီး အင်ဒိုနီးရှားရဲ့ထပ်တန်း လိဒ်ဘောလုံးပွဲ BRI Liga 1 ကို တစ်ပတ်ကြာရပ်နားလိုက်ပါတယ်။
သေဆုံးထိခိုက်ဒဏ်ရာရမှုတွေနှင့် ဘောလုံးကွင်ပတ်ပတ်လည် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ လိဒ်ရဲ့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဘောလုံးပွဲအပြီးမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေစတင်မယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ဘောလုံးအဖွဲ့ချုပ်နှင့် BRI Liga 1 နှစ်ဖွဲ့လုံးက သေဆုံးသူအရေအတွက်ကို အတည်ပြုပြောကြားခြင်းမရှိပါဘူး။
ပွဲမှာ ပါဆီဘာရာက သုံးဂိုးနှစ်ဂိုးနှင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ရုပ်သံကြည့်ရန်...https://t.me/yangonmediagroup/12492
Source Agencies
#Indonesia
#Football_Match_riot_ BRI-Liga-1
#Soccer_stampede
#World_Culture
Published 1 Oct 2022
ဗုဒ္ဓဟူးနေ့က မက္ကဆီကိုမှာကျင်းပတဲ့ နိုင်ငံတကာယဉ်ကျေးမှုဝန်ကြီးများတွေ့ဆုံပွဲ၌ နည်းပညာအသစ်များ တန်းတူညီတူမရရှိခြင်း၊ တရားမဝင်ရောင်းချခြင်းနဲ့ တိုင်းပြည်ယဉ်ကျေးမှုကိုခြိမ်းခြောက်လာခြင်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 October 2022
၁။ ရွှေအတုံးအခဲများ လေလံစနစ်ဖြင့် ရောင်းချရာ လေလံဆွဲသူနည်းပါးနေပြီး ရွှေဈေး ၂၅ သိန်းအောက်သို့ ရောက်ရှိနေ
၂။ နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးမြင့်တက်နေဆဲဖြစ်
၃။ အလုပ်ကြောင့် စိတ်ဖိစီးမှုများနေသူများ၊ စိတ်ဓာတ်ကျနေသူများကိုအကူအညီများပေးနေ
၄။ ယဉ်ကျေးမှုအမွေအနှစ်ခြိမ်းခြောက်ခံနေရသည့်ကိစ္စနှင့် ပတ်သက်၍ ယူနက်စ်ကို အစည်းအဝေးပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 1 Oct 2022
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၃၀ရက်က ယူကရိန်း ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ခြင်းအပေါ် ပြစ်တင်ဝေဖန်ဖို့ အမေရိကန် ကမကထပြုလုပ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုနှင့်ပယ်ချလိုက်ပြီး တရုတ်နှင့်အိန္ဒိယ တို့က မဲမပေးဘဲ နေခဲ့ပါတယ်၊
ရုရှားတပ်တွေက သိမ်းယူခဲ့တဲ့ ယူကရိန်းရဲ့ဒေသလေးခုမှာ ရုရှားနိုင်ငံနှင့် ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးနောက် ရုရှားနိုင်ငံအောက်ရောက်ရှိကြောင်း ရုရှားသမ္မတပူတင်ကကြေညာခဲ့ပါတယ်။ အဲသလိုကြေညာအပြီး နာရီပိုင်းအကြားမှာ လုံခြုံရေးကောင်စီကနေ ပြစ်တင်ရှုတ်ချဖို့ အမေရိကန်ကမကထပြုလုပ် ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းခဲ့တာပါ။
ယူကရိန်းက တွဲဖက်ကမကထပြုလုပ်တဲ့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၀) နိုင်ငံက ထောက်ခံပြီး တရုတ်၊ဘရာဇီး၊အိန္ဒိယနှင့်ဂါဘွန်တို့က မဲမပေး(ကြားနေ)ခဲ့ကာ ရုရှားက ဗီတိုဖြင့်ပယ်ချခဲ့ပါတယ်။
“ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ကြပ်သင့်တယ်” လို့ တရုတ်သံအမတ်ကြီး ကျန်းဂျွန်က ပြောပါတယ်။
“ သက်ဆိုင်သူအားလုံး သည်းခံကြဖို့ တရုတ်ကတိုက်တွန်းပါတယ်။ တင်းမားမှုတွေ ပိုပိုဆိုးရွားလာနေခဲ့တဲ့ ဆောင်ရွက်မှုတွေကို ရှောင်ကြဉ်ပြီး သံတမန် စေ့စပ်ညှိနှိုင်းခြင်းကနေတစ်ဆင့် အဖြေရှာရေး အခြေအနေထားရှိဖို့” သူက ပြောကြားပါတယ်။
“ ဒီလို မူကြမ်းမျိုးကို ရုရှားက ထည့်သွင်းစဉ်းစား ထောက်ခံပေးမယ်လို့ ခင်ဗျားက လေးလေးနက်နက်မျှော်လင့်တာလား” လို့ ရုရှား သံအမတ်ကြီး နီဘင်ဇီယာက သတင်းထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။ ဒီကြေညာချက်က အမေရိကန်ကို တိုက်ရိုက်ရည်ညွန်းတာဖြစ်ပါတယ်။ “ အဲသလိုမဟုတ်ဘူးဆိုရင်တော့ ခင်ဗျာတို့က ရုရှားဟာ ဗီတိုအခွင့်အရေးကို အလွဲသုံးစားလုပ်တယ်ဆိုပြီး တမင်ပြချင်လို့ပဲဖြစ်ရမယ်” လို့ သူကပြောပါတယ်။
အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က အစည်းအဝေးစစချင်းမှာပဲ “ ဒါဟာ လုံခြုံရေးကောင်စီက လုပ်ဖို့ကိစ္စ အတိအကျပဲ။ အချုပ်အခြာအာဏာကို ကာကွယ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲရေး အကာအကွယ်ပေးမှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဖို့ ဖြစ်တယ်”လို့ ပြောပါတယ်။
ကုလသမဂ္ဂဆိုတာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံရဲ့ နယ်မြေပိုင်နက်ကို အင်အားသုံးတာကို ဘယ်တော့မှ ခွင့်မပြုဘူး ဆိုတဲ့ အိုင်ဒီယာနှင့် တည်ဆောက်ခဲ့တာလို့လည်း သူမကပြောပါတယ်။
Source: Agencies News
#UNSC
#Russia_Veto
#Russia_UKraine
#Covid_Vaccine
Published 1 Oct 2022
ဂျပန်နိုင်ငံမှ ရှီယိုနိုဂီကုမ္ပဏီလိမိတက်က သူတို့ရဲ့ ကိုဗစ်ကုသရေးသောက်ဆေးဟာ အာရှမှာစမ်းသပ်ခဲ့တဲ့ တတိယအဆင့်စမ်းသပ်မှုနဲ့နှိုင်းယှဉ်ရင် ရောဂါလက္ခဏာများ သိသိသာသာ လျော့ကျသွားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ကိုဗစ်ရောဂါအပျော့စားနဲ့ သာမန်မျှသာဖြစ်ပွားနေတဲ့ လူနာတွေမှာ စမ်းသပ်ခဲ့ရာမှာ ensitrelvir ဆိုတဲ့ဆေးက လိုချင်တဲ့အနေအထားအတိုင်း ထိရောက်မှုရှိခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အစောပိုင်းတုန်းက ရှီယိုနိုဂီရဲ့ရှယ်ယာတန်ဖိုး ကျဆင်းနေခဲ့ရာ ကြေညာချက်အပြီးမှာ တိုကျိုအတွင်း ၁.၁ ရာခိုင်နှုန်းပြန်တက်လာခဲ့ပါတယ်။
စမ်းသပ်ချက်ရဲ့ရည်မှန်းချက်အတိုင်း Ensitrelvir ဆေးက အိုမီခရွန်မျိုးဗီဇကွဲရဲ့ လက္ခဏာ ၅ မျိုးကို ၇၂ နာရီအတွင်း သက်သာစေခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ဂျပန်မှ ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်များက ထိုဆေးအတွက် အရေးပေါ်အသုံးပြုခွင့်ကို များမကြာမီက ငြင်းပယ်ခဲ့ဖူးကာ ဆေးရဲ့ထိရောက်မှုအချက်အလက်တွေ ထပ်မံလိုအပ်သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိရိစ္ဆာန်တွေမှာ လေ့လာခဲ့တဲ့ အချက်အလက်များအရ ဆေးက ကိုယ်ဝန်ဆောင်တွေမှာ အန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် ရှီယိုနိုဂီက သူတို့ရဲ့ဆေး အသိအမှတ်ပြုခွင့်ရရန် တတိယအဆင့်လေ့လာချက်များမှရရှိတဲ့ ထိပ်တန်းအချက်အလက်များကို ဂျပန်ဆေးဝါးထိန်းချုပ်ရေးထံ မျှဝေခဲ့ပါတယ်။
ရှီယိုနိုဂီကုမ္ပဏီဟာ Xocova လို့ခေါ်တဲ့ S-217622 ဆေးနဲ့လည်း ကမ္ဘာတဝှမ်းမှာ နာမည်ရရှိထားပါတယ်။
ဒီဆေးဟာ ဖိုင်ဇာနဲ့ မာ့ခ်ကုမ္ပဏီတို့မှ ကိုဗစ်သောက်ဆေးတွေနဲ့အပြိုင်ဖြစ်နေပြီး ဂျပန်နဲ့ အချို့နေရာတွေမှာ အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။
ကုမ္ပဏီက အစိုးရထံ ဆေးဝါးပေါင်း တစ်သန်းရောင်းချရန် သဘောတူလက်မှတ်ရေးထိုးထားပေမယ့် အစိုးရက အသိအမှတ်ပြုဖို့ ဆိုင်းငံ့ထားပါသေးတယ်။
အမှုဆောင်ချုပ်'အီဆာအိုတဲရှီရိုဂီ'က နှစ်စဉ် ဆေးဝါးပေါင်း ၁၀ သန်းထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဟာ ကမ္ဘာတဝှမ်းမှာ တတိယအဆင့်စမ်းသပ်ချက်ပြုလုပ်ဖို့ အမေရိကန်အစိုးရရဲ့ ထောက်ခံချက်ကိုရရှိထားပါတယ်။
Source: Reuters
#Yangon_Media_Group
Page 744 of 985