#World_Health
Published 6 September 2022
ကျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ တက်စ်တိုစတီရုန်းပမာဏနည်းပါးပြီး ကိုဗစ်ရောဂါကူးစက်တဲ့ အမျိုးသားတွေဟာ တက်စ်တိုစတီရုန်းပုံမှန်ရှိတဲ့အမျိုးသားတွေထက် ရောဂါပိုမိုဆိုးရွားနိုင်ပြီး ဆေးရုံတက်ရောက်ကုသရမယ့် အခြေအနေပိုများကြောင်း ဝါရှင်တန်ဆေးပညာတက္ကသိုလ်နဲ့ စိန့်လူးဝစ်ဆေးပညာတက္ကသိုလ်မှ သုတေသီများက JAMA Network Open မှာ ဖော်ပြခဲ့ကြပါတယ်။
၂၀၂၀ တုန်းက ကာကွယ်ဆေးတွေမရခင်မှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တဲ့အမျိုးသား ၇၂၃ ဦးကို သုတေသီများလေ့လာခဲ့ရာ ဆီးချို၊ နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါတို့လို တက်စ်တိုစတီရုန်းနည်းတဲ့သူတွေဟာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသနိုင်ချေ ပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။
တက်စ်တိုစတီရုန်းနည်းပြီး ကိုဗစ်ရောဂါဖြစ်တဲ့ အမျိုးသားတွေက ပုံမှန်ဟော်မုန်းရှိတဲ့လူတွေထက် ဆေးရုံတက်ကုသရမှုနှုန်း ၂.၄ ဆပိုများပါတယ်။
တက်စ်တိုစတီရုန်းနည်းပြီး ကိုဗစ်ဖြစ်တဲ့အမျိုးသားတွေကို ဟော်မုန်းကုသခြင်းဖြင့် ဆေးရုံတက်ကုသရမှုကို လျှော့ချပေးနိုင်ပါတယ်။
သုတေသီများက စိန့်လူးဝစ်ဆေးရုံကြီးနှစ်ခုမှာ လူနာတွေကို လေ့လာကုသခဲ့ကြပါတယ်။
"တက်စ်တိုစတီရုန်းနည်းပါးခြင်းက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူမှု မြင့်တက်လာနိုင်ကာ ဟော်မုန်းလိုအပ်ချက်ကို ကုသခြင်းဖြင့် ကာကွယ်လျှော့ချနိုင်ပါတယ်၊ ပုံမှန်ပမာဏက ၁ ဒက်ဆီလီတာမှာ ၃၀၀ ကနေ ၁,၀၀၀ နာနိုဂရမ်ကြားရှိပြီး ၂၀၀ နာနိုဂရမ်ထက်နည်းတဲ့အခါ ဖြစ်နိုင်ချေပိုများပါတယ်၊ ဒီအချက်တွေက အသက်၊ အဝလွန်၊ အခြားဝေဒနာများနဲ့ ဆက်စပ်ထားတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကုသမှုခံယူနေတဲ့သူတွေက အခြေအနေပုံမှန်ဖြစ်သွားပါတယ်"လို့ စိန့်လူးဝစ်မှ ဒေါက်တာ'ဆန်ဒိဒင်ဆာ'က ပြောပြခဲ့ပါတယ်။
လေ့လာမှုတွေ့ရှိချက်အရ တက်စ်တိုစတီရုန်းနည်းတဲ့ အမျိုးသားတွေဟာ ပုံမှန်ဟော်မုန်းရှိသူတွေထက် ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူရခြင်း ၃၃ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။
တက်စ်တိုစတီရုန်းနည်းပါးခြင်းကို ကုသခြင်းဖြင့် အမျိုးသားတွေမှာ ကိုဗစ်ရောဂါပြင်းထန်တဲ့ အခြေအနေကို ကာကွယ်နိုင်ချေရှိနေကြောင်း ကောက်ချက်ချခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Rights
Published 5 September 2022
၁၈၀၀ ပြည့်နှစ်တွေကတည်းက နယူးယော့ခ်မြို့မှာ မြင်းလှည်းရထားလုံးတွေဟာ ခရီးသွားဧည့်သည်များကို စွဲဆောင်ထားနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့် ဥပဒေလွှတ်တော်အမတ်တွေကတော့ မြင်းလှည်းတွေအစား လျှပ်စစ်မော်တော်ယာဉ်တွေနဲ့ အစားထိုးချင်နေကြပါတယ်။
#Yangon_Media_Group
Published 5 Sept 2022
(၇)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့တွင် စက်တင်ဘာ (၅)ရက် တနင်္လာနေ့က” ဝင်ရိုးစုံကမ္ဘာသို့ ဝင်ပေါက်လမ်း”ဆိုတဲ့ အာဘော်နှင့် ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံပေါင်း ၆၀ကျော်နှင့် ဒေသတွေက ကိုယ်စားလှယ်တွေ ဖိုရမ်တက်ရောက်လာကြတယ်လို့ ကြီးမှူးကျင်းပသူက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဖိုရမ်ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်တက်ရောက်ဖို့ရှိပါတယ်။
EEF ဟာ ၂၀၁၅ခုနှစ် မေလမှာပူတင်ရဲ့ အမိန့်ဒီကရီနှင့် တည်ထောင်ခဲ့ပါတယ်။ အဲဒီအမိန့်ဒီကရီအရ ဗလက်ဒီဗိုစတော့ခ်မှာ နှစ်စဉ်ကျင်းပရမှာဖြစ်ပြီး ရုရှားရဲ့ အရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နှင့် အာရှပစိဖိတ်ဒေသမှာ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးချဲ့ထွင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Source CCTV+
#Eastern_Economic_Forum_(EEF)
#7th_EEF
#Vladivostok_Russia
#DailyNews
Published _ 5 September 2022
၁။ ကြက်သွန်နီ လက်လီဈေးများ ဒိုင်လက်ကားဈေးများနှင့် ကွာဟမှုတွေရှိနေ
၂။ မီးစက်များ မဖြစ်မနေဝယ်နေရ၍ လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်း မြင့်တက်နေ
၃။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ၅၂၂၀ ကျပ်ဟု တိုးမြှင့်သတ်မှတ်ထား
၄။ နယူးယော့ခ်မှ မြင်းလှည်းရထားလုံးများကို ဆန့်ကျင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 5 September 2022
စက်တင်ဘာ ၄ ရက်နေ့(တနင်္ဂနွေနေ့) က စတင်ဖြစ်ပွားခဲ့တဲ့ ဓားထိုးလူသတ်မှုကွင်းဆက်မှာ ပါဝင်တယ်လို့ သံသယရှိထားတဲ့ တရားခံ ၂ ဦးကို ကနေဒါရဲတပ်ဖွဲ့များ ရှာဖွေနေကြပါတယ်။
ဆက်စ်ကက်ချာဝမ်အလယ်ပိုင်းပြည်နယ်တလျှောက် ဒေသခံရပ်ဝန်းမှ လူ ၁၀ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူ ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကီလိုမီတာရာချီဝေးကွာတဲ့ နေရာတွေမှာ တွေ့လိုက်ရပါတယ်။
ဒါဟာ ကနေဒါနိုင်ငံတလျှောက် လူဦးရေကျဲပါးတဲ့နေရာမှာ ဓားထိုးမှုဖြစ်ပွားခဲ့တာ သေချာနေပါတယ်။
"ဆက်စ်ကက်ချာဝမ်မှာ တိုက်ခိုက်ခဲ့မှုက ကြေကွဲကြောက်လန့်စရာကောင်းပါတယ်။ ဒဏ်ရာရတဲ့သူတွေနဲ့ ဆုံးရှုးသွားရတဲ့ မိသားစုဝင်တွေကို ကိုယ်ချင်းစာပါတယ်" လို့ ကနေဒါဝန်ကြီးချုပ်'ဂျက်စတင်ထရူဒေါက်'က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
"ဒီလိုအကြမ်းဖက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သူတွေအတွက် ဖော်ပြစရာစကားတောင် မရှိတော့ပါဘူး၊ ဆက်စ်ကက်ချာဝမ်ကလူတွေအားလုံး သူတို့နဲ့အတူ ဝမ်းနည်းပူဆွေးနေရမှာပါ" လို့ ဆက်စ်ကက်ချာဝမ်အုပ်ချုပ်ရေးမှူး'စကော့မိုး'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
ရဲတွေက အသက် ၃၁ နှစ် 'ဒါမီယန်ဆန်ဒါဆန်'နဲ့ အသက် ၃၀ 'မိုင်းလ်စ်ဆန်ဒါဆန်'တို့ရဲ့ ဓာတ်ပုံတွေနဲ့ အကြောင်းအရာတွေကို ဖော်ပြအသိပေးထားပေမယ့် သူတို့ကျူးလွန်ရတဲ့ ရည်ရွယ်ချက်နဲ့ ပစ်မှတ်တွေတော့ အသေးစိတ်မပါဝင်ပါဘူး။
ဓားထိုးမှုဖြစ်ပွားတဲ့ ဂျိမ်းစမစ်ခရီဒေသနဲ့ ဝယ်လ်ဒန်ရွာရဲ့ တောင်ဘက် ၃၂၀ ကီလိုမီတာရှိ ရက်ဂျီနာမြို့မှာ တရားခံ ၂ ဦးကို Nissan Rogue အနက်ရောင်ကားနဲ့ တွေ့လိုက်ရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
"ဓားထိုးခံရသူအချိုဟာ ပစ်မှတ်တွေဖြစ်ခဲ့ဟန်ရှိပြီး အချို့ကတော့ ကြုံရာဓားထိုးခံရသူတွေဖြစ်နိုင်ပါတယ်၊ ဓားထိုးရတဲ့အကြောင်းအရင်းကိုတော့ အခုအချိန်မှာ ပြောဖို့ခက်နေပါတယ်" လို့ ဆက်စ်ကက်ချာဝမ်တော်ဝင်ကနေဒါရဲတပ်ဖွဲ့မှ 'ရွန်ဒါဘလက်ခ်မော'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓားထိုးခံရပြီး သူတို့ဘာသာ ဆေးရုံတွေကိုသွားခဲ့တဲ့ နောက်ထပ်လူတွေလည်း ရှိနိုင်သေးကြောင်းဆိုပါတယ်။
ဒီဓားထိုးမှုကွင်းဆက်က ဂျိမ်းစမစ်ခရီပြည်နယ်နဲ့ ဝယ်လ်ဒန်မြို့အပါအဝင် နေရာ ၁၃ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲတွေက ရှင်းပြခဲ့ပါတယ်။
ပထမဆုံးဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုတွေက ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၀ မိနစ်မှာ ဖြစ်ခဲ့ပြီး ၂ နာရီခွဲကြာမြင့်ပြီးနောက် အန္တရာယ်ရှိတရားခံအဖြစ် ရဲတွေက သတိပေးတပ်လှန့်ခဲ့ကာ မွန်းလွဲအချိန်မှာတော့ အနီးနားပြည်နယ်တွေဖြစ်တဲ့ အယ်လ်ဘာတာနဲ့ မာနီတိုဘာတိုမှာလည်း အလားတူ သတိပေးခဲ့ရပါတယ်။
ပြည်သူတွေကို ကိုယ့်နေရာမှာကိုယ် လုံခြုံစွာနေထိုင်ကြဖို့နဲ့ သံသယရှိသူကိုတွေ့ရှိပါက ချက်ချင်းအကြောင်းကြားဖို့ ရဲတပ်ဖွဲ့က သတင်းမှာ တိုက်တွန်း ဖော်ပြထားပါတယ်။
တရားခံတွေက ဘယ်ကိုဦးတည်သွားလဲဆိုတာနဲ့ မော်တော်ကားကို ပြောင်းလဲစီးသွားကြလားဆိုတာကို မသိရသေးပါဘူး။
"ဆေးရုံအများအပြားမှာ ထိခိုက်သူတွေကို စောင့်ရှောက်ကုသပေးခဲ့ပြီး နောက်ထပ်ဝန်ထမ်းအင်အား အကူအညီတောင်းခံခဲ့ပါတယ်" လို့ ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။
Source: CNA
#Yangon_Media_Group
#World_Health
Published 5 September 2022
ဆီးချိုဝေဒနာသည်တွေ လိုအပ်တဲ့အင်ဆူလင်ကို ဆေးထိုးစရာမလိုဘဲ ပါးစပ်ကနေသောက်သုံးနိုင်မယ့် သောက်ဆေးကို သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်လုပ်လိုက်ပါတယ်။
ကနေဒါရှိ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်(UBC)မှ သိပ္ပံပညာရှင်တွေ ထုတ်လုပ်လိုက်တဲ့ သောက်ဆေးဟာ လူတစ်ယောက်ရဲ့အသည်းဆီကို အင်ဆူလင်တွေအကုန်လုံး ရောက်ရှိစေမှာဖြစ်ပါတယ်။
အရင်တုန်းက အင်ဆူလင်သောက်ဆေးတွေ ထုတ်လုပ်ဖို့ကြိုးစားခဲ့ကြပေမယ့် အစာအိမ်မှာသာ ဆေးတွေပုံနေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဆီးချိုဝေဒနာရှင်တွေက ဆီးချိုအခြေအနေကို နေ့စဉ်ထိန်းသိမ်းရန် အင်ဆူလင်ရရှိဖို့ လိုအပ်ပါတယ်။
လက်ရှိနည်းလမ်းတွေက တစ်နေ့တည်းကို ဆေးထိုးအပ်နဲ့အကြိမ်ကြိမ် ထိုးသွင်းနေရတာဖြစ်ပါတယ်။
အမေရိကန်လူမျိုး ၁၀ ယောက်မှာ ၁ ယောက်ကျော်လောက်က ဆီးချိုရောဂါရှိနေပြီး တစ်နှစ်ကို ဆီးချိုကြောင့် အသက်ဆုံးပါးသူ ၁ သိန်းကျော်ရှိကာ အမေရိကမှာ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲက အဌမမြောက်အများဆုံး အခြေအနေဖြစ်ပါတယ်။
"ရရှိလာတဲ့ရလာဒ်တွေက အင်ဆူလင်လိုအပ်ချက်ပိုင်းမှာ တိုးတက်မှုတွေရှိလာမှာ သေချာပါတယ်၊ နေ့စဉ် အပ်ထိုးနေစရာမလိုတော့ဘဲ စိတ်ကျန်းမာရေးအခြေအနေကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်" လို့ UBC မှ အစားအစာနဲ့အဟာရ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ'အေနက်ဘ်ဟက်ပရာတပ်ဆင်း'က ဆိုပါတယ်။
အင်ဆူလင်သောက်ဆေးက ပါးစပ်ကနေ အသည်းအထိ ဆေးအာနိသင်ဆုံးရှုံးမှုမရှိစေဘဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။
သဘာဝအားဖြင့် အင်ဆူလင်ကို ပန်ကရိယကနေ ထုတ်လုပ်ကာ အသည်းဆီကိုရောက်ရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
ဆီးချိုရောဂါ ပထမအမျိုးအစားခံစားရတဲ့လူနာတွေက အင်ဆူလင်အလုံအလောက် မထုတ်လုပ်နိုင်ကာ သကြားဓာတ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး။
အင်ဆူလင်ဆေးထိုးတဲ့အခါ သွေးထဲကိုအလျင်အမြန်ရောက်ရှိပြီး လိုအပ်တဲ့အင်ဆူလင်ကို ထောက်ပံ့ပေးပါတယ်။
သောက်ဆေးတွေက သွေးထဲရောက်ရှိဖို့ ၂ နာရီမှ ၄ နာရီကြာတတ်ပေမယ့် UBC က ထုတ်လုပ်တဲ့အင်ဆူလင်သောက်ဆေးကတော့ မိနစ် ၃၀ ကနေ ၂ နာရီအတွင်း အပြည့်အဝရောက်ရှိစေမှာ ဖြစ်ပါတယ်။
သုတေသီတွေက ဆေးအသစ်ကို ကြွက်တွေနဲ့စမ်းသပ်ရာမှာ ရလာဒ်တွေက စိတ်ချရလောက်တဲ့ အနေအထားဖြစ်ပါတယ်။
သောက်ဆေးသောက်ပြီး ၂ ကျော်ကြာတဲ့အချိန်မှာတောင် အစာအိမ်ထဲမှာ အင်ဆူလင်မရှိတော့ဘူးလို့ UBC မှ 'ယိဂေါင်ဂို'က ဆိုပါတယ်။
ဆေးအားလုံးက အသည်းဆီရောက်သွားပြီး လိုအပ်တဲ့အင်ဆူလင်ကို ရရှိစေပါတယ်။
UBC အနေနဲ့ သူတို့ရဲ့တီထွင်ချက်က အင်ဆူလင်မလုံလောက်တဲ့သူတွေကို အထောက်အကူဖြစ်စေပြီး အလွယ်တကူအသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 5 September 2022
ဆိုရှယ်မီဒီယာတွေ၊ TikTok လို နေရာတွေမှာ ရေအေးနဲ့ရေချိုးခြင်းကရတဲ့ အကျိုးကျေးဇူးတွေကို ဝေဝေဆာဆာဖော်ပြလာကြပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ဒေါက်တာ'ဇက်လ်တာနာ'က ရေအေးနဲ့ချိုးခြင်းက အကျိုးကျေးဇူးရှိလား မရှိလားဆိုတာကို နှစ်မျိုးစလုံးအကြံပြုခဲ့ပါတယ်။
ရေအေးချိုးခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတာမှန်ပေမယ့် ရေနွေးအစား အမြဲတမ်းရေအေးချိုးဖို့တော့ မသင့်ပါဘူး။
ရေနွေးနဲ့ပဲချိုးရတာ ငြီးငွေ့နေလိုဆိုရင်တော့ အပြောင်းအလဲအနေနဲ့ ရက်အနည်းငယ်လောက် ရေအေးချိုးလို့ရပါတယ်။
သူ့ရဲ့အကျိုးကျေးဇူးအချို့က..
- ခန္ဓာကိုယ်ကို ရောဂါမဖြစ်အောင် ခုခံကာကွယ်ရာမှာပါဝင်တဲ့ သွေးဖြူဥတွေကို များပြားစေပြီးတော့ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဒီလိုမျိုးအကျိုးရရှိရန်အတွက် တစ်ပတ်ကို ရေအေး ၂ ကြိမ် ၃ ကြိမ်ခန့် ချိုးပေးသင့်ကြောင်း အကြံပြုထားပါတယ်။
- ရေအေးက ခန္ဓာကိုယ်ကို တပ်လှန့်လိုက်သလိုဖြစ်ပြီး ဦးနှောက်ဆီ လျှပ်စီးကြောင်းလိုလှုံ့ဆော်မှု ပေးပါတယ်။ ဒေါက်တာ'တာနာ'က ဒါကို ကားတစ်စီး အင်ဂျင်စနှိုးလိုက်တာနဲ့ ဆင်တူတယ်လို့ဆိုပါတယ်။
ဦးနှောက်လည်ပတ်အောင် စတင်လုပ်ဆောင်စေပြီး နိုးနိုးကြားကြားဖြစ်အောင် စွမ်းအင်တွေပေးပါတယ်။ စိတ်ပျော်ရွှင်စေပြီး စိတ်ဓာတ်ကျအခြေအနေကို သက်သာစေနိုင်ပါတယ်။
ရေအေးနဲ့ထိတွေ့တဲ့အခါ အညိုရောင်အဆီဓာတ်တွေထွက်လာပြီး ကယ်လိုရီတွေလောင်ကျွမ်းစေကာ စွမ်းအင်ထုတ်ပေးပါတယ်။
ကိုယ်အလေးချိန်စစ်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီး ရေအေးချိုးဖို့ အကြံပြုထားပါတယ်။
ရေအေးက ကြွက်သားနာကျင်ကိုက်ခဲ၊ ရောင်ရမ်းခြင်းများကို သက်သာစေတဲ့အတွက် အားကစားသမားတွေ ကိုက်ခဲနာကျင်မှုသက်သာအောင် အသုံးပြုလေ့ရှိပါတယ်။
အစပိုင်းတော့ အတင်းကြီး ရေအေးတွေနဲ့ မချိုးပါနဲ့။
တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်ကနေစပြီး တဖြည်းဖြည်းနဲ့တိုးသွားပါလို့ 'တာနာ'က အကြံပြုပါတယ်။
ဒါပေမဲ့လည်း ရေအေးနဲ့ရေနွေးကို စက္ကန့် ၃၀ နဲ့ ၆၀ ကြား အလှည့်ကျချိုးပေးခြင်းကလည်း ထိရောက်စေတယ်လို့ ဆိုပါတယ်။
ချိုးတဲ့အခါ အသက်ပြင်းပြင်းရှိက်ရှူပြီး ပိုပိုအေးလာတဲ့ အပူချိန်နဲ့ ချိုးပေးပါ။
ရေအေးမချိုးနိုင်တဲ့သူတွေအတွက်ကျတော့ ရေအေးမချိုးရလို့ ဘာမှဖြစ်စေမှာတော့ မဟုတ်ပါဘူး။
ရေများများသောက်ခြင်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့်လည်း ကျန်းမာရေးကိုထိန်းသိမ်းနိုင်တာကြောင့် သူများတွေပြောတိုင်းလိုက်လုပ်စရာမလိုကြောင်း အကြံပြုသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 733 of 949