#WorldScience
Published 28 June 2022
အစ္စရေးလ်နိုင်ငံမှ သုတေသီများက ငယ်ရွယ်နုပျိုခြင်းရဲ့လျှို့ဝှက်ချက်ကို ဆယ်စုနှစ် ၂ ခုနီးပါးတိုင်အောင် ရှာဖွေလေ့လာခဲ့ကြပါတယ်။
ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့စမ်းသပ်ပြီးတဲ့အခါမှာတော့ လူသားတွေရဲ့အလိုဆန္ဒပြည့်မြောက်လာဖွယ်ရှိနေပြီး လူသားတွေရဲ့ကိုယ်တွင်းအင်္ဂါတွေကို ပြန်လည်နုပျိုစေမယ့် အကြောင်းအရာကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
အိုမင်းရင့်ရောက်နေတဲ့ အရေပြားကို ငယ်ရွယ်တဲ့ကြွက်တွေမှာ အစားထိုးစမ်းသပ်ခဲ့ရာ အရေပြားအလွှာအားလုံးက မော်လီကျူးဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြောင်းလဲခြင်းဖြင့် အရေပြားနဲ့အခြားကိုယ်တွင်း အင်္ဂါများကို ပြန်လည်နုပျိုစေခြင်းဟာ အမှန်တကယ်ဖြစ်လာနိုင်ချေရှိနေကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ထိုဖြစ်စဉ်တွေမှာ သက်ရှိဆဲလ်များ၊ တစ်ရှူးများ၊ အင်္ဂါများက အခြားသက်ရှိတစ်ကောင်သို့ အစားထိုးနိုင်ပြီး သွေးကြောအသစ်များဖြစ်ပေါ်ခြင်း၊ အရေပြားအပြင်ဘက်ဆုံးအလွှာ ပြန်လည်ကြည်လင်လာခြင်း၊ အသက်အရွယ်အရ အိုမင်းရင့်ရောက်လာတဲ့နေရာတွေမှာ သိသိသာသာတိုးတက်ခြင်းများ တွေ့ရှိခဲ့ကြပါတယ်။
အသက်အရွယ်ကြီးရင့်လာခြင်းက နောက်ဆုံးအသက်သေဆုံးသည်အထိ ဖြစ်စေတာကို လက်ခံနိုင်ပြီဆိုရင် ဒီဖြစ်စဉ်ကို နှောင့်နှေးသွားအောင်နဲ့ ပြောင်းပြန်လုပ်ဆောင်နိုင်သည်အထိ ပြုလုပ်ဖို့အတွက် အင်္ဂါများအိုမင်းလာခြင်းရဲ့အဓိကအကြောင်းအရာများကို ဟန့်တားပြီး မော်လီကျူးဖြစ်စဉ်များအရ ဟန့်တားဖို့နဲ့ ပြောင်းပြန်လုပ်ပစ်နိုင်လောက်တဲ့ စမ်းသပ်မှုမျိုးကို လေ့လာနေကြကြောင်း သုတေသီများက ဖော်ပြခဲ့ကြပါတယ်။
စမ်းသပ်မှုအောင်မြင်ဖို့အတွက် အိုမင်းရင့်ရောက်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အရေးကြီးနေပြီး ဆဲလ်အဟောင်းတွေကို ဖယ်ရှားနိုင်တဲ့ဆေးတွေကိုလည်း လူသားတွေနဲ့ မစမ်းသပ်ခင် ဓာတ်ခွဲခန်းထဲမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ဖို့ လိုအပ်နေပါတယ်။
လူသားတွေ အသက်ကြီးရင့်လာတဲ့အခါ မြင်သာတဲ့ပြောင်းလဲမှုတွေက အသားအရည်ပြောင်းလဲလာပြီး ဆံပင်ဖြူလာတာဖြစ်ပါတယ်။
ဓာတ်ခွဲခန်းထဲ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေရဲ့မော်လီကျူးဖြစ်စဉ်တွေက ပိုမိုပြီးတော့နားလည်သဘောပေါက်လာပြီဖြစ်ကြောင်း သုတေသီများ ဖော်ပြခဲ့ကြပါတယ်။
အိုမင်းရင့်ရော်နေတဲ့ လူသားအရေပြားကို ငယ်ရွယ်တဲ့ကြွက်တွေမှာ အစားထိုးကြည့်တဲ့အခါ လူ့အရေပြားအလွှာအားလုံး ပြန်လည်နုပျိုလာခဲ့ပြီး သွေးကြောအသစ်များလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World
Published 27 June 2022
ဘဂ္ဂဒက်မြို့ တာရီယာရင်ပြင်အလယ်မှာ ကားဗုံးပေါက်ကွဲမှုမဖြစ်ပွားခင်က ၇ နှစ်သားအရွယ် 'မိုဟာမက်အလီ'ဆိုတဲ့ကောင်လေးဟာ ဂိုးဖမ်းသမားဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ပါတယ်။
#Yangon_Media_Group
Published 27 June 2022
နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲကို ကာလီဖိုနီးယားပြည်နယ် ပက်တာလူးမားမြို့မှာ သောကြာနေ့က ကျင်းပခဲ့ရာမှာ မစ္စတာဟတ်ပီးဖေ့စ် Mr Happy Face လို့အမည်ပေးထားတဲ့ ပန့်စတိုင်အမွေးစုတ်ဖွားနှင့် အမြဲလျှာတစ်လစ်ကလေးနှင့် ဖြစ်နေတဲ့ ခွေးကလေးက ကမ္ဘာ့ရုပ်အဆိုးဆုံးချန်ပီယံဖြစ်သွားပါတယ်။
ပြိုင်ပွဲဝင်ခွေးကလေးတွေ(၉)ကောင်ကို အနိုင်ယူပြီး ၁၇နှစ်သား တရုတ် crested ခွေးကလေးက ဆုရသွားတာဖြစ်ပါတယ်။
မစ္စတာဟတ်ပီးကလေးကို ပြီးခဲ့တဲ့နှစ်က အရီဇုန်းနား Arizona မှာနေတဲ့ အသက်၄၁နှစ်အရွယ် ဂီတသမား ဂျင်နီဒါ ဘင်နယ်လီက ကယ်တင်မွေးစားခဲ့တာပါ။
“ ကပ်ဘေးကာလအတွင်းမှာ ကျွန်မအနေနှင့် ကလေးတစ်ယောက် ဒါမှမဟုတ် ခွေးတစ်ကောင်လောက် မွေးစားရင်ကောင်းမလားဖြစ်မိတယ်။ ကလေးတစ်ယောက်ရဖို့ဆိုတာ ဘုရားပေးမှပဲလေ..အဲဒါကြောင့် ခွေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ဘင်နယ်လီ က ပြောပါတယ်။
ခွေးစောင့်ရှောက်ရေးဂေဟာရောက်တော့ အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ ခွေးတစ်ကောင်ရှိတယ်လို့ ဂေဟာက ပြောပါတယ်လို့ သူမကပြောပါတယ်။ သူက မွေးရာပါကို အလွန်ရုပ်ဆိုးတဲ့အကောင်လေးလည်းဖြစ်ပါတယ်လို့ သူမက ဆိုပါတယ်။
ဂေဟာဝန်ထမ်းက ကျွန်မကိုပြတော့ သူက အတော်အိုနေပြီ။သူ့အနေနှင့် ဒုတိယအကြိမ်အခွင့်အရေးနှင့် အချစ်ခံဖို့ ထိုက်တန်တယ်လို့ ကျွန်မမြင်တယ်” လို့ သူမကဂုဏ်ယူစွာပြောပါတယ်။
မစ္စတာဟတ်ပီးဟာ သခင်ဆိုးဆိုးနှင့်အရင်ကနေခဲ့ရပြီး လျစ်လျူရှုခံ ညှင်းပန်းနှိပ်စက်ခံခဲ့ရတာပါ၊ တိရိစ္ဆာန်ဆရာဝန်က သူဟာရက်သတ္တပတ်အနည်းငယ်ပဲ အသက်ရှင်တော့မှာလို့တောင် သူမကိုပြောခဲ့ပါတယ်။
မေတ္တာတရားနှင့် မိခင်အနမ်းတွေက သူ့အသက်ကိုဆွဲဆန့်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဘင်နယ်လီက ထပ်ပြောပါတယ်။
သူ့ဝါသနာက အိပ်မယ် တခေါခေါနှင့်ဟောက်မယ် အိပ်ပျော်နေရင်းဟောင်မယ်..ပြီးတော့သူပျော်ရင် ထူးဆန်းတဲ့အသံပေးမယ် လို့ လည်း မစ္စတာဟတ်ပီးရဲ့ပိုင်ရှင်က ပြောပါတယ်။
အမျိုးအစားစုံ အရွယ်စုံခွေးတွေဟာ ကျွန်တော်တို့ရဲ့နှလုံးသားကိုနွေးထွေးစေတယ်။ကျွန်တော်တို့ရဲ့ ဘဝတွေကို အကြွင်းမဲ့ ချစ်ခြင်းမေတ္တာတွေနှင့် ဖြည့်ဆည်းပေးတယ်။ ကမ္ဘာသိဖြစ်တဲ့ ဒီပွဲဟာ ခွေးတွေအားလုံးကို အထူးသီးသန့်ဖြစ်စေတဲ့ မပြည့်စုံမှုကို အောင်ပွဲခံကြတာဖြစ်ပါတယ် လို့ ပြိုင်ပွဲကျင်းပသူတွေက ပြောကြားလိုက်ကြပါတယ်။
Source: AFP
Published 27 June 2022
ကိုလံဘီယာနိုင်ငံတွင် ဇွန်၂၆ ရက် တနင်္ဂနွေနေ့ကနွားသိုးသတ်ပွဲကွင်းတစ်ကွင်းတွင် ပွဲကျင်းပနေစဉ်အတွင်း အထူးတန်းပွဲကြည့်စင်ပြိုကျတဲ့အတွက် အနည်းဆုံး လူလေးဦး သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
“လက်ရှိတော့ အမျိုးသမီး(၂)ဦး၊အမျိုးသား(၁)ဦးနှင့်ကလေး(၁)ဦး သေဆုံးသွားပါတယ်” လို့ အခင်းဖြစ်ပွားတဲ့ ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းက အယ်လ်အက်စ်ပီနယ်လ်မြို့ရဲ့ တိုလီမာပိုင်နက်အုပ်ချုပ်ရေးမှူး ဂျို့စ်ရီကာဒိုအိုရော့ဇ်ကိုက ဒေသတွင်းရေဒီယိုဌာနတစ်ခုကို ပြောပါတယ်။
သစ်သားနှင့်ပြုလုပ်ထားတဲ့ သုံးဆင့်ရှိ အထူးတန်းမှာ ပရိသတ်အပြည့်နှင့်ရှိနေတုန်း ပြိုကျသွားတဲ့အတွက် လူဒါဇင်ပေါင်းများစွာဟာ မြေပြင်ပေါ် လွင့်စင်ကျကုန်တာကို ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ရုပ်သံတွေ့မှာတွေ့မြင်ကြရပါတယ်။
အခြားဗွီဒီယိုတစ်ခုမှာတော့ နွားသိုးတွေဟာ ပွဲခင်းထဲမှာ ထင်ရာမြင်ရာ ပြေးလွှားနေတဲ့အချိန် လူတွေဟာ ပွဲကြည့်စင်တွေကနေ လွတ်အောင်ထွက်ပြေးကြနေကြတာ တွေ့ကြရပါတယ်။
ကနဦးသတင်းပေးပို့ချက်အရ လူ၃၀လောက် ဒဏ်ရာအပြင်းအထန်ရသွားကြပါတယ်” လို့ အိုရော့ဇ်ကိုက ပြောပါတယ်။
ဒေသဆိုင်ရာ မြို့ပြကာကွယ်ရေးအရာရှိတစ်ဦးဖြစ်တဲ့ လူးဝစ်ဖာနန်ဒိုဗီလက်ဖ်က အပျက်အစီးပုံတွေကြားထဲ လူဘယ်နှယောက်ပိမိနေသလဲဆိုတာ သူမသိဘူးလို့ပြောပါတယ်။
ဒီပွဲဟာ ဆန်ပီဒရိုပွဲတော်နှင့်အတူကျင်းပတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး ဒေသတွင်းမှာ အကျော်ကြားဆုံးဖြစ်ပါတယ်။ ဘာဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့မေတ္တာရပ်ခံထားတယ်လို့ ရာထူးပြီးဆုံးတော့မယ် ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက တွစ်တာကနေ ရေးသားလိုက်ပြီး သေဆုံးဒဏ်ရာရတဲ့မိသားစုနှင့်အတူ ထပ်တူကြေကွဲရတယ်လို့ပြောလိုက်ပါတယ်။
Source AFP
#DailyNews
Published - 28 June 2022
၁။ မွန်ပြည်နယ်တွင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြား
၂။ ဗုဒ္ဓဆင်းတုတော်များအပါအဝင် မြန်မာမှုအနုပညာပစ္စည်းများ သယ်ဆောင်လိုပါက ထောက်ခံချက်လျှောက်ထားရမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ခြေလက်မရှိသည့် ဘောလုံးသမားများဖြင့် ဖွဲ့စည်းထားသည့် အီရတ်ဘောလုံးအသင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldDevelopment
Published 27 June 2022
တရုတ်နိုင်ငံရဲ့ ဒေါ်လာထရီလီယံချီတန်ဖိုးရှိတဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် စီမံကိန်းကြီးကို တန်ပြန်နိုင်ဖိုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လိုအပ်တဲ့အခြေခံအဆောက်အအုံများအတွက် ငွေကြေးထောက်ပံ့နိုင်ရန် ၅ နှစ်အတွင်း ပုဂ္ဂလိကပိုင်နဲ့ အများပိုင်ရန်ပုံငွေများကို ဒေါ်လာ ၆၀၀ ဘီလီယံမြှင့်တင်ပေးသွားဖို့ နိုင်ငံ ၇ နိုင်ငံမှခေါင်းဆောင်များက တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံတောင်ပိုင်း ရှလော့စ်အယ်လ်မာမှာ ယခုနှစ်အတွက် နှစ်ပတ်လည်အစည်းအဝေးပွဲပြုလုပ်ရာမှာ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ G7 ခေါင်းဆောင်များက 'တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုပေါင်းဖက်ရေး' ဆိုတဲ့ခေါင်းစဉ်အသစ်ဖြင့် စတင်အကာင်အထည်ဖော်ခဲ့ပါတယ်။
နိမ့်ပါးတဲ့နိုင်ငံတွေနဲ့ အလယ်အလတ်နိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်မယ့်စီမံကိန်းတွေမှာ ကူညီထောက်ပံ့ပေးမယ့်အပြင် တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျား/မတန်းတူညီမျှမှု၊ ဒီဂျစ်တယ်အခြေခံအဆောက်အအုံများစတဲ့ ကိစ္စရပ်တွေမှာ ၅ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုငွေကြေးအနေနဲ့ အမေရိကန်က ဒေါ်လာ ၂၀၀ ဘီလီယံ စုဆောင်းပေးမယ်လို 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။
"ဒါကပရဟိတ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်၊ လူတိုင်းအတွက် ပြန်ရနိုင်မယ့်ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါတယ်၊ ဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရင် အကျိုးကျေးဇူးရလာနိုင်တယ်ဆိုတာကို မြင်စေသိစေချင်တာဖြစ်ပါတယ်" လို့ ပြောပြသွားပါတယ်။
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ အချုပ်အခြာ အာဏာပိုင်ငွေကြေးရန်ပုံငွေများနဲ့ အခြားအဖွဲ့အစည်းများထံမှ ထပ်ဆောင်းငွေများရရှိနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်း တစ်သွယ်စီမံကိန်းကြီးကို သမ္မတ'ရှီကျင့်ဖင်'က ၂၀၁၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ထိုစီမံကိန်းကြီးကို ရေရှည်အစားထိုးမှုတစ်ခု တည်ဆောက်နိုင်ရန်အတွက် ဥရောပမှ ဒေါ်လာ ၃၀၀ ဘီလီယံစုဆောင်းသွားမယ်လို့ ဥရောပကော်မရှင်သမ္မတ'အာဆူလာဗွန်ဒါလီယန်'က အစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
အီတလီ၊ ကနေဒါ၊ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များကလည်း သူတို့ရဲ့အစီအစဉ်တွေ အကြောင်း တင်ပြခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ 'အီမန်နျူယယ်မက်ခရွန်'နဲ့ ဗြိတိန်ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'တို့ မတက်ရောက်နိုင်ခဲ့ပေမယ့် အဆိုပါ နိုင်ငံများမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းက နိုင်ငံပေါင်း ၁၀၀ ကိုဖြတ်ပြီး အာရှကနေ ဥရောပအထိကုန်သွယ်ရေးလမ်းကြောင်းကြီးကို ဖန်တီးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အမေရိကန်ဘဏ်တွေရဲ့ ထောက်ပံ့မှုဖြင့် အန်ဂိုလာနိုင်ငံက ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ဆိုလာဖွံ့ဖြိုးရေးစနစ်အပါအဝင် ထင်ရှားတဲ့စီမံကိန်းအများအပြားကို 'ဘိုင်ဒန်'ကချပြခဲ့ပါတယ်။
ဆီနီဂေါနိုင်ငံမှာ ဘက်စုံကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရာမှာ ဒေါ်လာ ၃.၃ သန်းတန်ဖိုးရှိ နည်းပညာအကူအညီများကိုလည်း G7 နိုင်ငံများ၊ အီးယူနဲ့ အမေရိကန်တို့က ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအမေရိကန်အေဂျင်စီမှ ကလေးသူငယ်များအတွက် ကမ္ဘာ့ဘဏ်ရန်ပုံငွေသို့ ၅ နှစ်အတွင်း ဒေါ်လာသန်း ၅၀ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံဖို့ကတိပြုချက်တွေက တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ G7 နိုင်ငံတွေရဲ့ပါဝင်ကူညီမှုများဖြင့် အစကောင်းအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
G7 နိုင်ငံတွေဟာ နိုင်ငံတော်ဝင်ငွေရဲ့ ၀.၇ ရာခိုင်နှုန်းထောက်ပံ့ပေးမယ်လို့ ကတိပြုထားပေမယ့် ၀.၃၂ ရာခိုင်နှုန်းကိုသာ ထောက်ပံ့နေကြပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldNews
Published 27 June 2022
အသက် ၇၈ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးဟာ သန့်ရှင်းရေးအမျိုးသမီးဝန်ထမ်းတစ်ဦးကို နေရာလမ်းညွှန်မေးခဲ့ရာ မမျှော်လင့်ဘဲ ထိုအမျိုးသမီးဟာ ၂၄ နှစ်ကြာအောင်ပျောက်ဆုံးနေခဲ့တဲ့သမီးဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ယခုလအစောပိုင်းက တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်သတင်းဌာန The Cover မှာဖော်ပြခဲ့ပါတယ်။
'ကိုင်ယုရှောင်'လို့ခေါ်တဲ့ အမျိုးသမီးကြီးဟာ ရဲတွေရဲ့အကူအညီနဲ့ သမီးဖြစ်သူ'ဟူဂျန်'ရှိရာ လန်ဇောင်မြို့သို့ခြေရာခံလိုက်လာတာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ရဲတွေက သူတို့နှစ်ဦးပြန်လည်တွေ့ဆုံနိုင်ဖို့ စီစဉ်ထားကြပြီး တွေ့ဆုံမယ့်ရက်မတိုင်ခင်တစ်ရက်အလိုမှာ အခုလိုတိုက်ဆိုင်စွာ တွေ့ဆုံမိကြတာဖြစ်ပါတယ်။
"ကျွန်မက ကျောင်းအဝင်ဝရှေ့မှာ သန့်ရှင်းရေးလုပ်နေတုန်း အမျိုးသမီးကြီးတစ်ဦးရောက်လာပြီး နေရာလမ်းညွှန်မေးမြန်းရာမှာ သူဟာကျွန်မအမေဖြစ်ကြောင်း ချက်ချင်းမှတ်မိခဲ့ပါတယ်၊ ကျွန်မအရမ်းစိတ်လှုပ်ရှားသွားပါတယ်၊ ဒါပေမဲ့ ကျွန်မက သူ့ကိုအမေလို့ခေါ်တာတောင် သူကကျွန်မကိုမမှတ်မိခဲ့ဘူး" လို့ အသက် ၄၆ နှစ်ရှိ'ဟူဂျန်'က The Cover ကိုပြောကြားခဲ့ပါတယ်။
'ကိုင်'ကအစပိုင်းမှာ သတိထားနေခဲ့ပြီး ရဲတွေကိုဖုန်းဆက်ကာ သူ့သမီးဖြစ်ကြောင်းအတည်ပြုမေးမြန်းခဲ့ပါတယ်။
ဒီဇာတ်လမ်းက တရုတ်ဆိုရှယ်မီဒီယာတွေမှာ ယခုအပတ်အတွင်းလွှမ်းမိုးသွားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတစ်ခုနဲ့ ခိုင်းနှိုင်းခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ရဲ့အကြောင်းကို Weibo အက်ပ်မှာဖော်ပြခဲ့ရာမှာ ကြည့်ရှုသူ ၃၄ သန်းကျော်သွားခဲ့ပါတယ်။
ရဲစခန်းရှေ့မှာရိုက်ကူးခဲ့တဲ့ သားအမိနှစ်ယောက်နဲ့ ရဲအရာရှိနှစ်ယောက်တိုရဲ့ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံသွားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတော့ 'ဟူ'ကိုဝေဖန်ပြစ်တင်ခဲ့ကြပြီး သူ့မိသားစုနဲ့ပြန်လည်ပေါင်းစည်းဖို့ ပိုပြီးကြိုးစားခဲ့သင့်ကြောင်းပြောကြားခဲ့ကြပါတယ်။
တရုတ်မီဒီယာ Red Star ရဲ့ဖော်ပြချက်အရ ၁၉၉၉ ခုနှစ်မှာ 'ဟူ'က ကျောက်မျက်ရတနာစက်ရုံတစ်ခုမှာ အလုပ်ရှာဖို့အတွက် မွေးရပ်မြေယွန်ယန်ခရိုင်ကနေ အခြားဒေသတစ်ခုသို့ရွှေ့ပြောင်းလာပြီးနောက် သူ့မိသားစုတွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
မိသားစုရဲ့ဖုန်းနံပါတ်ပါဝင်တဲ့ စာရွက်စာတမ်းတွေ အထားမှားပြီးတော့ အိမ်ကိုဖုန်းဆက်သွယ်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။
Three Gorges Dam ရေကာတာဆောက်လုပ်ရေးအတွက် သူ့မိသားစုက မွေးရပ်မြေကနေဖယ်ရှားလိုက်ရပြီးနောက် လုံးဝအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
စာရေးပေးပိုခဲ့ပေမယ့် လိပ်စာအဟောင်းကို ပိုလို့မရတော့တာကြောင့် 'ဟူ'ဆီကိုပဲ စာတွေပြန်ရောက်လာပါတယ်။
"အမေနဲ့နေရမယ့်အချိန်တွေ အများကြီးကုန်ဆုံးခဲ့ရပါတယ်၊ အခုတော့ လက်ကျန်အချိန်တွေကို အမေနဲ့ပဲဖြတ်သန်းသွားဖို့ သစ္စာပြုလိုက်ပါပြီ" လို့ ပြောပြသွားပါတယ်။
Source: Insider
#Yangon_Media_Group
Page 718 of 863