Published 28 June 2022
ဗြိတိန်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်နှင့်ကနေဒါတို့က ရုရှားကို အရေးယူပိတ်ဆို့မှု ထပ်မံတင်းကြပ်လိုက်တဲ့အနေနှင့် ရုရှားနိုင်ငံမှ ရွှေများတင်သွင်းတာကို ပိတ်ပင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဂျာမနီမှာ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်း အကျပ်အတည်းနှင့် ရာသီဥတုပြဿနာတွေလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။
Source CCTV+/AFP
#DailyNews
Published - 28 June 2022
၁။ မေလ ၁၆ ရက်နောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာ
၂။ လစဥ်သင်္ဘောတက်သူ(၃၀၀၀)လောက်ရှိလာ၊ မြန်မာသင်္ဘောသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု(၄၀)%ကျော် ထပ်တိုးလာနိုင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စပါးရာသီဖိတ်ခေါ်သည့် ထိုင်းရိုးရာကျွဲပြိုင်ပွဲ ချောင်ဘူရီတွင် ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 28 June 2022
စင်္ကာပူနိုင်ငံမှာ အသက်တစ်နှစ်ခွဲသား ကလေးငယ်တစ်ဦးဟာ ကိုဗစ်-၁၉ကြောင့်ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့ ညကကြေညာသွားပါတယ်။
ကလေးငယ်ဟာ ကိုဗစ်-၁၉နှင့် အခြားဗိုင်းရပ်စ်နှစ်မျိုးကြောင့် ဦးနှောက်ရောင်ယမ်းပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အခြားဗိုင်းရပ်စ်နှစ်ခုက အသက်ရှုလမ်းကြောင်းဆိုင်ရာ RSV ဗိုင်းရပ်စ်နှင့် အင်ထရိုဗိုင်းရပ်စ်တွေဖြစ်ပါတယ်။
ဒါကလေးငယ်သေဆုံးမှုဟာ စင်္ကာပူမှာ အသက်၁၂နှစ်အောက်ထဲက ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။
ကလေးငယ်ဟာ ကျန်းမာရေးချို့ယွင်းမှု ယခင်ကမရှိခဲ့ဘဲ ကျန်းမာတဲ့ကလေးတစ်ဦးဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သူဟာ အပြင်းဖျားလာပြီး အကြောဆိုင်းသလိုဖြစ်ခဲ့တဲ့အပြင် သတိလစ်လစ်သွားလို့ ဇွန်၂၁ရက်မှာ ကေကေ အမျိုးသမီးနှင့် ကလေးဆေးရုံ အရေးပေါ်ရောက်လာခဲ့တဖြစ်ပါတယ်။
ကလေးငယ်ရဲ့မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသေဆုံးမှုဟာ ရက်ပေါင်း (၅)ရက်အတွင်း ပထမဆုံးပြန်လည်သေဆုံးမှုလည်းဖြစ်ပါတယ်။ အခုဆို ကိုဗစ်ကြောင့် စင်္ကာပူမှာ သေဆုံးခဲ့သူ စုစုပေါင်း၁၄၀၉ ဦးအထိရှိခဲ့ပါပြီ
Source StraitsTimes
Published 28 June 2022
နေတိုးအဖွဲ့ဝင်တစ်နိုင်ငံရဲ့ ခရိုင်းမီးယားကျွန်းဆယ်ကို မည်သည့်ကျူးကျော်ထိပါးမှုမျိုးမဆို ရုရှားကို စစ်ကြေညာတဲ့ အတိုင်းအတာဖြစ်သွားနိုင်ပြီး တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်က မီဒီယာတစ်ခုကို ပြောလိုက်ပါတယ်။
“ ကျွန်တော်တို့အတွက် ခရိုင်းမီးယားဟာ ရုရှားရဲ့အစိတ်အပိုင်းဖြစ်တယ်။ ပြီးတော့ ဒါဟာ အမြဲထာဝရသဘောဆောင်တယ်။ ခရိုင်းမီးယားအပေါ် မည်သည့် ကျူးကျော်ထိပါးမှုမျိုးမဆို ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာလိုက်တာပဲဖြစ်တယ်” လို့ မက်ဒီဒက်ဗ်က i Fakty သတင်းဝက်ဘ်ဆိုက်ကိုပြောပါတယ်။
“ ပြီးတော့ ဒါကို နေတိုး တစ်နိုင်ငံက လုပ်တယ်ဆိုရင် မြောက်အတ္တလန်တစ်မဟာမိတ်တစ်ခုလုံးနှင့် ပဋိပက္ခလို့ အဓိပ္ပါယ် သက်ရောက်တယ်။ တတိယကမ္ဘာစစ်ပဲ။ အလုံးစုံကပ်ကြီးတစ်ခု” လို့ သူကဆက်ပြောပါတယ်။
ယခု ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်နေတဲ့ မက်ဒီဒက်ဗ်က ဖင်လန်နှင့်ဆွီဒင် နေတိုးကိုဝင်ရောက်ခဲ့လျှင် ရုရှားဟာ ယင်းရဲ့နယ်စပ်ကိုပိုမိုတောင့်တင်းအောင်လုပ်ရလိမ့်မယ်” လို့ပြောပါတယ်။ ဒါဟာ လက်တုန့်ပြန်တဲ့ အဆင့်တွေဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့ရဲ့အဝင်အဝတွေမှာ အစ်ကန်ဒါ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေ တပ်ဆင်မယ့် အလားအလာတွေလည်း ပါဝင်လာလိမ့်မယ်” လို့ သူကပြောပါတယ်။
Source Reuters
#WorldDiscovery
Published 28 June 2022
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေတပ်တိုက်သင်္ဘောတစ်စီးကို ပစိဖိတ်သမုဒ္ဒရာအောက် ပေ ၂၂,၆၀၀ ကျော်မှာတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိတွေ့ရှိခဲ့သမျှ သင်္ဘောပျက်တွေထဲမှာ အနက်ရှိင်းဆုံးနေရာမှာတွေ့ရှိခဲ့တဲ့ သင်္ဘောပျက်ကြီးဖြစ်လာပါတယ်။
Sammy B လို့ခေါ်တဲ့ USS တိုက်သင်္ဘော Samuel B. Roberts (DE-413) ကို ဖိလစ်ပိုင်ပင်လယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ သင်္ဘောဟာ ၁၉၄၄ ခုနှစ် အောက်တိုဘာလက ဖိလစ်ပိုင်ပင်လယ် Battle Off Samar တိုက်ပွဲအတွင်း ဂျပန်တွေရဲ့ပစ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ရတာဖြစ်ပါတယ်။
Sammy B ကို သိပ္ပံပညာရှင်များကတွေ့ရှိခဲ့တာမဟုတ်ဘဲ ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ တက္ကဆက်ဘီလျံနာ'ဗစ်တာဗက်စ်ကိုဗို'က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ဖိလစ်ပိုင်ကမ်းရိုးတန်းကနေ အနောက်ဘက်သို့ဆုတ်ခွာလာတဲ့ မဟာမိတ်ရေတပ်တွေကို ဂျပန်တွေကပစ်ခတ်လိုက်ရာ အမေရိကန်သင်္ဘောတွေထဲက နောက်ဆုံးကျန်နေခဲ့တဲ့ Sammy B သင်္ဘောဟာ ရဲရဲဝင့်ဝင့်ခုခံရပ်တည်ခဲ့ပြီး နစ်မြုပ်ခဲ့ရကြောင်း BBC ကဖော်ပြခဲ့ပါတယ်။
သင်္ဘောပေါ်က လူ ၂၂၄ ယောက်မှာ ၈၉ ဦးသေဆုံးခဲ့ပြီး ကျန်တဲ့လူတွေကတော့ ကယ်ဆယ်ခံခဲ့ရပါတယ်။
ပင်လယ်ကြမ်းပြင်မှာ Sammy B သင်္ဘောပျက်ကြီးတည်ရှိနေပုံကို 'ဗက်စ်ကိုဗို'က တွစ်တာကနေဖော်ပြခဲ့ပါတယ်။
"ဒီသင်္ဘောက ဂျပန်ရေတပ်ကို နောက်ဆုံးအချိန်အထိ အကောင်းဆုံးခုခံတိုက်ခိုက်ခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။
Caladan Oceanic စူးစမ်းလေ့လာရေးကုမ္ပဏီတည်ထောင်သူ'ဗက်စ်ကိုဗို'က Sammy B သင်္ဘောကိုရှာမတွေ့ခင် ၆ ကြိမ်ရေငုပ် ရှာဖွေခဲ့ဖူးပါတယ်။
Sammy B မှာပဲတပ်ဆင်ခဲ့တဲ့ တော်ပီဒိုလောင်ချာတစ်ခုကို 'ဗက်စ်ကိုဗို'နဲ့အဖွဲ့က အရင်ဆုံးတွေ့ရှိခဲ့ပါတယ်။
"Sammy B က စစ်သင်္ဘောငယ်တစ်စင်းဖြစ်ပြီး သူ့ကိုရှာတွေ့မယ်လို့ မထင်ခဲ့ပါဘူး၊ ဒါပေမဲ့ သမုဒ္ဒရာရေအောက်နည်းပညာတွေနဲ့ ခက်ခက်ခဲခဲ ဇွဲမလျှော့ဘဲကြိုးပမ်းခဲ့တာ တွေ့ရှိနိုင်ခဲ့ပါတယ်" လို့ CNN ကိုပြောကြားခဲ့ပါတယ်။
၁၉၃၉ ခုနှစ်မှာ ရေတပ်မှာပါဝင်ပြီး ဒုတိယကမ္ဘာစစ်မှာ တိုက်ခိုက်ခဲ့တဲ့ 'ဆမ်မြူရယ်ဘွတ်ကာရောဘတ်စ်ဂျူနီယာ'ကို အစွဲပြုပြီး Sammy B သင်္ဘောနာမည်ပေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်တွေက ဂျပန်အခြေချနေရာတစ်ခုကို သိမ်းပိုက်ဖို့ Lunga Point မြောက်ဘက်မိုင်အနည်းငယ်အကွာမှာ မရိန်းတပ်သားများဆင်းသက်ရာမှာ 'ရောဘတ်စ်'က ကူညီပေးခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
#Breaking_News
Published 28 June 2022
တနင်္လာနေ့က လော့စ်အိန်ဂျလိစ်မှ ချီကာဂိုသို့ ခရီးသည်တွေတင်ဆောင်လာတဲ့ Amtrak ရထားတစ်စင်းဟာ မစ်ဆူရီပြည်နယ်အရောက်မှာ ရထားလမ်းချော်သွားခဲ့ပြီး အနည်းဆုံးလူ ၃ ဦးသေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။
Amtrak ရထားလိုင်းရဲ့ Southwest Chief လမ်းကြောင်းမှာ ပြေးဆွဲနေရင်း လမ်းချော်ခဲ့တဲ့မီးရထားမှာ ရထားတွဲ ၇ တွဲနဲ့ စက်ခေါင်းတွဲ ၂ တွဲပါဝင်ပါတယ်။
Amtrak ရထားလိုင်းရဲ့ပြောကြားချက်အရ အဆိုပါရထားပေါ်မှာ ခရီးသည် ၂၄၃ ဦးနဲ့ ဝန်ထမ်း ၁၂ ဦးတို့ပါဝင်ပြီး ကန်ဆက်စ်မြို့အပြင်ဘက်မိုင် ၁၀၀ ခန့် မန်ဒွန်မြို့အနီးနေရာတစ်ခုမှာ နေ့လယ် ၁၂ နာရီ ၄၂ မိနစ်အချိန်၌ အမှိုက်သယ်ကုန်တင်ကားတစ်စီးနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ကြောင်းသိရပါတယ်။
Amtrak ရထားပေါ်က လူ ၂ ယောက်နဲ့ အမှိုက်ကားပေါ်က လူ ၁ ဦးသေဆုံးခဲ့တာဖြစ်ကြောင်း မစ်ဆူရီပြည်နယ် အဝေးပြေးကင်းလှည့်အဖွဲ့မှ တပ်ကြပ်'ဂျက်စတင်ဒန်း'က တနင်္လာနေ့မွန်းလွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
'ဒန်း'ရဲ့ပြောကြားချက်အရ ရထားပေါ်မှာ ခရီးသည်အနည်းဆုံး ၂၀၇ ဦးနဲ့ ရထားဝန်ထမ်း ၁၄ ဦးပါဝင်တယ်လို့ ဆိုခဲ့ပေမယ့် Amtrak ရထားလိုင်းက တင်ပြထားတာနဲ့ အနည်းငယ်ကွဲလွဲနေပါတယ်။
ဒဏ်ရာရသူအရေအတွက် အတိအကျကို 'ဒန်း'က တိတိကျကျမဖော်ပြခဲ့ပေမယ့် ဒေသတွင်းကဆေးရုံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှ ခရီးသည် ၃ ဦးကို ကိုလံဘီယာတက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံမှပြောရေးဆိုခွင့်ရှိသူ'အဲရစ်မေ့ဇ်'က Associated Press ကို ပြောကြားခဲ့ပါတယ်။
ကန်ဆက်စ်မြို့အုပ်ချုပ်ရေးမှူး'မိုက်ခ်ပါဆန်'က တနင်္လာနေ့မွန်းလွဲအချိန်မှာ ပြောကြားခဲ့ရာ အရာရှိများက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြကြောင်း သိရှိရပါတယ်။
"ကျွန်တော်တို့ရရှိထားတဲ့ ကနဦးသတင်းတွေက အားလုံးသိထားတဲ့အတိုင်းပါပဲ၊ အတော်လေးဆိုးရွားပါတယ်၊ ရထားလမ်းချော်တာမျိုးက အချိန်မရွေးဖြစ်ပွားနိုင်ပါတယ်၊ ရထားပေါ်မှာပါတဲ့ လူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် ရည်မှန်းဆုတောင်းပေးပါတယ်" လို့ 'ပါဆန်'က ပြောပြခဲ့ပါတယ်။
ထုတ်ပြန်ချက်တစ်ခုမှာ Amtrak က ခရီးသည်များနဲ့ ဝန်ထမ်းများကို ကယ်ဆယ်ဖို့အတွက် အခင်းဖြစ်ပွားတဲ့နေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတော် သယ်ယူပို့ဆောင်ရေးလုံခြုံရေးအဖွဲ့က ဒီအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးဖို့ ၁၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးခဲ့ကြောင်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
Source: NPR
#Yangon_Media_Group
Published 28 June 2022
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင် တနင်္လာနေ့က နောက်တွဲပါကုန်တင်ယာဉ်ကြီး တစ်စီးပေါ်မှာ ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦးကို သေဆုံးလျက်တွေ့ရှိကြရတယ်လို့ မြို့မီးသတ်ဌာနက ပြောပါတယ်။ ဒါဟာ အမေရိကန်-မက္ကဆီကို နယ်စပ်တလျောက်မှာ အဆိုးရွားဆုံး လတ်တလော လူကုန်ကူးမှု ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်နေပါတယ်။
နောက်တွဲယာဉ်အတွင်းက အပူရှပ်ပြီး ခြေကုန်လက်ပန်းကျနေတဲ့ (၁၆)ဦးကိုတော့ ဆေးရုံကိုပို့ဆောင်လိုက်ရပါတယ်လို့ မီးသတ်ဌာနကပြောပါတယ်၊ အဲဒီအထဲမှာ ကလေးငယ် လေးဦးပါဝင်ပြီး လူ(၃)ဦးကို အဲဒီအဖြစ်အပျက်နှင့်ပတ်သက်ပြီး ထိန်းသိမ်းထားတယ်လို့လည်း အရာရှိတွေကပြောပါတယ်။
မြို့တောင်ပိုင်း ဆင်ခြေဖုံးက နယ်စပ်ဒေသတစ်ခုက ရထားလမ်းဘေးမှာ အဲဒီထရပ်ကားကို တွေ့ရှိကြရတာပါ။
ထရပ်ကားတွေမှာ ရွှေ့ပြောင်းသူတွေ အသက်ရှုကြပ်သေဆုံးရတဲ့အဖြစ်အပျက်ကို “ တက္ကဆပ်က ကြေကွဲစရာ” လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆီလို အီဘရန်းက တွစ်တာမှာ သုံးနှုံးရေးသားလိုက်ပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာ အတည်ပြုလို့မရသေးလို့ ဒေသဆိုင်ရာ ကောင်စစ်ဝန်တစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာ ရောက်ရှိနေပါတယ်။
မကြာသေးခင်လများအတွင်း အမေရိကန်-မက္ကဆီကို နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းကြသူတွေအရေအတွက်ဟာ စံချိန် တင်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ဦးဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ လူဝင်မှုမူဝါဒအပေါ် ဝေဖန်မှုတွေပြင်းထန်ခဲ့ တာဖြစ်ပါတယ်။
မက္ကဆီကို နယ်စပ်ကနေ ၁၆၀မိုင်ဝေးကွာတဲ့ ဆန်အန်တိုနီယိုမှာ တနင်္လာနေ့က အပူချိန်ဟာ ၃၉.၄ ဒီဂရီဆဲလ်စီယတ်စ်ရှိနေပြီး စိုထိုင်းဆလည်းမြင့်မားနေခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ဇူလိုင်လတုန်းကလည်း ဆန်အန်တိုနီယိုက ဝေါမတ်ကားနားကွင်းမှာ ရပ်ထားတဲ့ နောက်တွဲယာဉ်ပါကားအတွင်း ရွှေ့ပြောင်းဝင်ရောက်ကြသူ ၁၀ဦး သေဆုံးခဲ့ပါသေးတယ်။ အဲဒီအဖြစ်အပျက်မှာ ယာဉ်မောင်း ဂျိမ်းစ်မက်သယူးဘရက်ဒလေ ဂျူနီယာကို လူကုန်ကူးမှုနှင့်အရေးယူပြီး ထောင်တစ်သက် အပြစ်ပေးခဲ့ပါတယ်။
Source Reuters
Page 717 of 863