#WorldHealth
Published 3 July 2022
အမျိုးသမီးတစ်ဦးရဲ့လုပ်ရပ်သဘောထားတွေဟာ ဟော်မုန်းထွက်ရှိမှုတွေနဲ့သက်ဆိုင်နေတယ်လို့ အယူအဆများ ရှိခဲ့ပါတယ်။
ဓမ္မတာစက်ဝန်းအတိုင်း အစီအစဉ်ကျအောင်နေထိုင်နိုင်မယ်ဆိုရင် ပိုမိုပျော်ရွှင်အောင် မြင်နိုင်သလားလို့ စဉ်းစားစရာရှိပါတယ်။
ဓမ္မတာလစဉ်တိုင်း ကိစ္စအရပ်ရပ်အတွက် ပြုလုပ်သင့်တဲ့အချိန်နဲ့ မပြုလုပ်သင့်တဲ့အချိန်တွေကို လိုက်လံခန့်မှန်းနိုင်ပါတယ်။
အမေရိကန် အမျိုးသမီးဘောလုံးအသင်းတောင် သူတို့ဓမ္မတာနီးတဲ့အချိန်တဝိုက်မှာ လေ့ကျင့်ခန်းပြုလုပ်ဖို့ စီစဉ်ကြပါတယ်။
သိပ္ပံနည်းအရ ဓမ္မတာစက်ဝန်း ဒုတိယပိုင်းကာလတွေမှာ ထွက်လေ့ရှိတဲ့ ဟော်မုန်းတွေက အမျိုးသမီးတွေမှာ သူတို့နဲ့နီးစပ်သူတွေအပေါ် စိတ်အခြေအနေပိုမိုကောင်းမွန်လေ့ရှိကြောင်း ဂျာမနီနိုင်ငံ ဟိုင်းရစ်ချ်ဟိုင်းတက္ကသိုလ်က လေ့လာတွေ့ရှိထားပါတယ်။
'ဂေဘရီယယ်လ်လစ်ချ်တာမန်'က ဒီလိုနည်းလမ်းနဲ့ ဆယ်စုနှစ် ၂ ခုလောက် ကျင့်ကြံ နေထိုင်ခဲ့ပါတယ်။
သူနဲ့အခြားဟော်မုန်း ပညာရှင်တွေက ၂၈ ရက် ဓမ္မတာစက်ဝန်းပေါ် မူတည်ပြီး ဆောင်ရန်ရှောင်ရန်များ အချိန်ကိုက်ပြုမူတတ်ဖို့ ဖော်ပြခဲ့ပါတယ်။
*ဓမ္မတာစက်ဝန်း(၁)ရက်မြောက်နေ့ - အိပ်ရာထချိန်အတွက် နှိုးစက်အချိန်စောစော ပေးသင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၂)ရက်မြောက်နေ့ - ပင်လယ်စာနှင့် အသားများ စားသုံးသင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၃)ရက်မြောက်နေ့ - နေရာလမ်းညွှန်မမေးသင့်တဲ့အချိန်။
*ဓမ္မတာစက်ဝန်း(၄)ရက်မြောက်နေ့ - အသုံးအဖြုန်းများချိန်။
*ဓမ္မတာစက်ဝန်း(၅)ရက်မြောက်နေ့ - လေ့ကျင့်ခန်းများပြုလုပ်သင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၆)ရက်မြောက်နေ့ - အသစ်အဆန်းချက်ပြုတ်သင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၇)ရက်မြောက်နေ့ - ရင်သားများကို ဆန်းစစ်သင့်တဲ့အချိန်။
*ဓမ္မတာစက်ဝန်း(၈)ရက်မြောက်နေ့ - မိတ်ဆွေအသစ်များရှာဖွေသင့်ချိန်။
*ဓမ္မတာစက်ဝန်း(၉)ရက်မြောက်နေ့ - ကော်ဖီရှောင်သင့်ချိန်။
*ဓမ္မတာစက်ဝန်း(၁၀)ရက်မြောက်နေ့ - နာကျင်မှုကို အခံနိုင်ဆုံးအချိန်။
*ဓမ္မတာစက်ဝန်း(၁၁)ရက်မြောက်နေ့ - ကြွက်သားများ အရွတ်များ နာကျင်ရတတ်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၁၂)ရက်မြောက်နေ့ - အကဲဖြတ်နိုင်စွမ်းအရှိဆုံးအချိန်။
*ဓမ္မတာစက်ဝန်း(၁၃)ရက်မြောက်နေ့ - ကိုယ်ဝန်ရနိုင်ဆုံးအချိန်။
*ဓမ္မတာစက်ဝန်း(၁၄)ရက်မြောက်နေ့ - လိင်စိတ်ကျေနပ်မှုအရနိုင်ဆုံးအချိန်။
*ဓမ္မတာစက်ဝန်း(၁၅)ရက်မြောက်နေ့ - လေ့ကျင့်ခန်းလှုပ်ရှားမှုပြုလုပ်သင့်ချိန်။
*ဓမ္မတာစက်ဝန်း(၁၆)ရက်မြောက်နေ့ - သတိအရှိဆုံးအချိန်။
*ဓမ္မတာစက်ဝန်း(၁၇)ရက်မြောက်နေ့ - အိမ်ပြုပြင်မွမ်းမံ ချင်စိတ်ရှိတဲ့နေ့။
*ဓမ္မတာစက်ဝန်း(၁၈)ရက်မြောက်နေ့ - ပေးကမ်းချင်စိတ်ရှိတဲ့အချိန်။
*ဓမ္မတာစက်ဝန်း(၁၉)ရက်မြောက်နေ့ - ရာသီဥတုအပြောင်းအလဲ ဒဏ်ခံစားရနိုင်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၂၀)ရက်မြောက်နေ့ - စေ့စပ်တိကျတဲ့နေ့။
*ဓမ္မတာစက်ဝန်း(၂၁)ရက်မြောက်နေ့ - အရောင်းအဝယ်ကိစ္စဆုံးဖြတ်သင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၂၂)ရက်မြောက်နေ့ - အိပ်ရေးဝအောင် အိပ်ထားသင့်တဲ့နောက်ဆုံးနေ့။
*ဓမ္မတာစက်ဝန်း(၂၃)ရက်မြောက်နေ့ - ကျန်းမာရေးမညီညွတ်တဲ့အစာများ စားချင်စိတ်ရှိတဲ့အချိန်။
*ဓမ္မတာစက်ဝန်း(၂၄)ရက်မြောက်နေ့ - စိတ်ထိခိုက်လွယ်၊ ဒေါသအလျောက်တုန့်ပြန်တတ်တဲ့အချိန်။
*ဓမ္မတာစက်ဝန်း(၂၅)ရက်မြောက်နေ့ - ယောဂကျင့်သင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၂၆)ရက်မြောက်နေ့ - အဟာရသတ္တုဓာတ်အစားအစာများ စားသင့်တဲ့နေ့။
*ဓမ္မတာစက်ဝန်း(၂၇)ရက်မြောက်နေ့ - ခံတွင်းအနံ့ဆိုးတတ်တဲ့အချိန်။
*ဓမ္မတာစက်ဝန်း(၂၈)ရက်မြောက်နေ့ - အမွှေးနံ့သာများနှင့်ဓာတ်မတည့်တဲ့နေ့။
Source: DailyMail
#Yangon_Media_Group
#WorldDevelopment
Published 2 July 2022
ရှုပ်ထွေးဆူပူလှတဲ့ အီဂျစ်မြို့တော်ကြီးမှာ နိုင်းမြစ်ကမ်းနားတလျှောက် ရေပေါ်လူနေအိမ်တွေ ဒါဇင်နဲ့ချီကာ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့ပြီး သစ်ပင်ပန်းမန်များနဲ့ ရှားရှားပါးပါးဆိတ်ငြိမ်လျက်ရှိတဲ့နေရာတွေ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 2 June 2022
အစာအဆိပ်သင့်စေတဲ့ ဆာမိုနီလာပိုးကို တွေ့ရှိရတဲ့အတွက် ဘယ်လ်ဂျီယမ်နိုင်ငံ ဝီဇီမြို့က ကမ္ဘာ့အကြီးဆုံး ချောကလက်စက်ရုံဖြစ်တဲ့ ဆွစ်ဇာလန်ပိုင် Barry Callebaut ဘယ်ရီ ကာလီဘောက် ချောကလက်ကို ထုတ်လုပ်မှုရပ်ဆိုင်းပစ်ခဲ့ရတယ်လို့ ကုမ္ပဏီက ဇွန် ၃၀ရက် ကြာသပတေးနေ့တုန်းကပြောပါတယ်။
ကိတ်မုန့်လုပ်တဲ့ ဖောက်သည် ၇၃ ဦးအတွက် လက်ကားပေးပို့တဲ့ ချောကလက်အရည်တွေကိုထုတ်လုပ်တာကို စက်ရုံက ကာကွယ်မှုရှိစွာနှင့် ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရသူက အေအက်ဖ်ပီကို ပြောပါတယ်။
အစာအဆိပ်သင့်ပိုးကူးစက်ခံရတယ်ဆိုတဲ့ သတင်းတွေတော့ တစ်ခုမှမရှိသေးဘူးလို့လည်း ပြောရေးဆိုခွင့်ရှိိသူ ကောနီလ် ဝါလော့ပ်က ပြောပါတယ်။ အဲဒီဆာမိုနီလာပိုးဟာ ဝမ်းပျက်ဖျားနာခြင်းတွေကို ဖြစ်စေတတ်ပြီး အလွန်အကျွံကိစ္စတွေမှာ သာ စိုးရိမ်ရတာမျိုးရှိပါတယ်လို့ သူကပြောပါတယ်။
စစ်ဆေးတွေ့ရှိပြီးကတည်းက ထုတ်လုပ်ထားပြီးဖြစ်တာတွေအားလုံးကို တားဆီးပိတ်ပင်လိုက်ပါတယ်” လို့လည်း သူကပြောပါတယ်။
ဘယ်ရီကာလီဘောက်ဟာ မသန့်ရှင်းတဲ့ ထုတ်ကုန်တွေကို ဝယ်ယူထားသူများဖြစ်နိုင်တဲ့ ဖောက်သည်တွေအားလုံးကို ဆက်သွယ်ထားပါတယ်။ ဝီဇီရဲ့ ချောကလက်ထုတ်လုပ်ရေးတွေကိုလည်း နောက်ထပ်တစ်စုံတစ်ရာ ကြေညာတာ မလုပ်မချင်း ရပ်ဆိုင်းထားလိုက်ပါတယ်။
ထုတ်လုပ်ထားတဲ့ ချောကလက်အရည်တော်တော်အများစုဟာ လုပ်ငန်းခွင်ထဲမှာပဲရှိနေဆဲပါလို့လည်း သူကပြောပါတယ်။
ဒါပေမယ့် ကုမ္ပဏီအနေနှင့် ဖောက်သည်တွေအားလုံးကို ဆက်သွယ်ပြီး ဇွန်၂၅ ရက်ကတည်းက ဝီဇီစက်ရုံကထုတ်လုပ်တဲ့ ချောကလက်နှင့်လုပ်ထားတဲ့ သူတို့ မုန့်တွေကို သင်္ဘောတင်ပို့တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အစားအစာ အန္တရာယ်ကင်းရှင်းရေးဟာ ဘာရီကာလီဘောက်အတွက် အရေးအကြီးဆုံးဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးက ဖြစ်တောင့်ဖြစ်ခဲတစ်ခုပါ။ ကျွန်တော်တို့ဆီမှာ အစားအစာ အန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေနှင့် လုပ်ငန်းစဉ်တွေရှိပြီးသားပါ လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
Source AFP
#WorldPolitics
Published 2 July 2022
ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားကို အနောက်နိုင်ငံများက ခွဲခြားဆက်ဆံနေပေမယ့် အင်ဒိုနီးရှားနိုင်ငံက ရုရှားတို့နဲ့ပူးပေါင်းပြီး စီမံကိန်းအများအပြား ပြုလုပ်သွားဖို့ စီစဉ်နေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားဒေသမှာ လောင်စာဆီနဲ့ ရေနံဓာတုလုပ်ငန်းအတွက် ကုန်ကြမ်းများထုတ်လုပ်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံပိုင် Pertamina ရေနံကုမ္ပဏီနဲ့ ရုရှားပိုင် Rosneft ရေနံကုမ္ပဏီတို့က ရေနံချက်စက်ရုံတစ်ခုတည်ဆောက်ဖို့စီစဉ်နေကြကြောင်း အင်ဒိုနီးရှားအစိုးရအကြီးတန်းအရာရှိတစ်ဦးက ဇူလိုင် ၁ ရက်နေ့မှာ The Straits Times သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
"အခွန်ကင်းလွတ်ခွင့်ကာလနဲ့ ပတ်သက်ပြီး ရုရှားနဲ့ဆွေးနွေးညှိနှိုင်းနေပါတယ်၊ စီမံကိန်းကရှေ့ဆက်နေဆဲဖြစ်ပါတယ်" လို့ စီမံကိန်းကိုကြီးကြပ်ဦးစီးနေတဲ့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ နှစ်နိုင်ငံပိုင်ကုမ္ပဏီတွေက အစောပိုင်းတုန်းကလည်း ဂျာကာတာအခြေစိုက်ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ PT Pertamina Rosneft Pengolahan dan Petrokimia ကို အကောင်အထည်ဖော်ခဲ့ပြီး အရှေ့ဂျာဗား ကျူဘန်မြို့ရှိ New Grass Refinery Root (NGRR) လုပ်ငန်းကို ထိန်းချုပ်ထားကာ တစ်နေ့ကို ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီစည်ပိုင်းပေါင်း ၂၂၉,၀၀၀ ထွက်ရှိနေပါတယ်။
ယခုစီမံကိန်းရဲ့ ကနဦးကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရှိခဲ့ပြီး Rosneft ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနဲ့ Pertamina ကုမ္ပဏီက ၅၅ ရာခိုင်နှုန်းပါဝင်ပိုင်ဆိုင်နေပါတယ်။
စီမံကိန်းပြီးမြောက်အောင်မြင်ခဲ့ရင် အင်ဒိုနီးရှားအနေနဲ့ လောင်စာဆီတင်သွင်းခြင်းကိုမှီခိုနေရခြင်းအတွက် များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတ'ဝီဒိုဒို'နဲ့ အစိုးရအဖွဲ့က စက်သုံးဆီအရောင်းဆိုင်တွေမှာ လူအများတတ်နိုင်တဲ့ လောင်စာဆီဈေးနှုန်းအတိုင်းရောင်းချနိုင်ဖို့ လောင်စာထုတ်လုပ်ရေးလုပ်ငန်းများ တိုးချဲ့လျက်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံရှိ လူဦးရေသန်း ၂၇၀ ဟာ ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုဒဏ်မှ ရုန်းထွက်နေကြရဆဲဖြစ်ပြီး ဒီလိုလောင်စာကုမ္ပဏီတွေ တိုးချဲ့လာတာဟာ နိုင်ငံရေးနဲ့လူမှုရေးတည်ငြိမ်အေးချမ်းဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း လေ့လာသုံးသပ်သူတွေက ရှုမြင်နေကြပါတယ်။
ကာလီမန်တန်ရှိ အင်ဒိုနီးရှားမြို့တော်အသစ်မှာ ရုရှားမီးရထားလမ်းများရင်းနှီးမြှုပ်နှံဖို့ကိုလည်း ရုရှားသမ္မတ'ပူတင်'ကကမ်းလှမ်းခဲ့ကြောင်း ဂျာကာတာရှိ ရုရှားသံရုံးက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ကပ်ရောဂါကြောင့် နှောင့်နှေးမှုများရှိခဲ့ပေမယ့် မြို့တော်အသစ် နူဆန်တာရာမှာ ဩဂုတ်လကစပြီး စတင်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မစ္စတာ'ဝီဒိုဒို'က ကြာသပတေးနေ့က ရုရှားသို့လာရောက်စဉ်မှာ 'ပူတင်'နဲ့ပြောကြားခဲ့ကြပြီး ရုရှားလောင်စာကုမ္ပဏီတွေက အင်ဒိုနီးရှားမှာလာရောက်ရင်းနှီးမြှုပ်နှံချင်ကြကြောင်း၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အားပေးရရှိရေးအတွက် နျူကလီးယား စွမ်းအင်များထုတ်လုပ်ဖို့အတွက်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အချို့ဒေသတွေမှာ လျှပ်စစ်ဓာတ်အား မလုံမလောက်ရရှိနေပါတယ်။
မစ္စတာ'ဝီဒိုဒို'က ယူကရိန်းသမ္မတရဲ့သတင်းစကားကို 'ပူတင်'ထံသို့ပေးပို့ခဲ့ပြီး အတိအကျကိုတော့ မဖော်ပြခဲ့ပါဘူး။
စစ်ပွဲပဋိပက္ခကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာထောက်ပံ့မှုတွေကို ပြန်လည်ချိတ်ဆက်ရေးတိုးတက်လာဖို့မျှော်လင့်ထားပြီး နှစ်နိုင်ငံအကြား သံတမန်ရေးဆက်သွယ်နိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ယခုနှစ် ဂျီ-၂၀ အဖွဲ့အစည်းမှာ အလှည့်ကျဥက္ကဌရာထူးရရှိထားပြီး ထိပ်သီးအစည်းအဝေးပွဲကျင်းပနိုင်ဖို့ပြင်ဆင်လျက်ရှိရာ အနောက်နိုင်ငံတွေက 'ပူတင်'ကို ဂျီ-၂၀ အစည်းအဝေးပွဲက နေထုတ်ပယ်ဖို အင်ဒိုနီးရှားကိုဖိအားပေးနေကြပါတယ်။
Source: The Straits Times
#Yangon_Media_Group
#DailyNews
Published - 2 July 2022
၁။ ယခုရက်ပိုင်းအတွင်း လယ်ယာမြေများ ရေမနစ်မြုပ်အောင် ကြိုတင်ဆောင်ရွက်ထားရန်လို
၂။ ညောင်နှစ်ပင်ကိုသွားသည့်ကိစ္စ အထူးစီမံကိန်းများကြောင့်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် ကိုင်ရိုမှရေပေါ်အိမ်များ ဖယ်ရှားခံရမည့် အန္တရာယ်ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Tips
Published 2 July 2022
ညဘက်လုံလောက်စွာ အိပ်စက်ခြင်းဟာ အသက်ရှည်ကျန်းမာစေတယ်လို့ အချိန်အတော်ကြာ သိရှိလာကြပြီး အခုအခါမှာတော့ ကျန်းမာရေးကောင်းမွန်စေမယ့်အဓိကနည်းလမ်းတွေထဲမှာ တရားဝင် ပါဝင်လာပြီဖြစ်ပါတယ်။
နှလုံးအထူးကုပညာရှင်များက ကျန်းမာသန်စွမ်းတဲ့နှလုံးရရှိစေဖို့ အဓိကအချက်အလက်တွေထဲမှာ လုံလောက်စွာအိပ်စက်ခြင်းကိုပါ ထည့်သွင်းခဲ့ကြပါတယ်။
တစ်ညတာအိပ်စက်သင့်တဲ့ ပမာဏက ၇ နာရီမှ ၉ နာရီအတွင်းဖြစ်ကြောင်း အမေရိကန်နှလုံးဆိုင်ရာ အဖွဲ့အစည်း(AHA)က ဖော်ပြခဲ့ကြပါတယ်။
၂၀၁၀ ခုနှစ်တုန်းက နှလုံးသွေးကြောကျန်းမာရေးကောင်းမွန်စေတဲ့ နည်းလမ်း ၇ သွယ်ကို AHA က ဖော်ပြခဲ့ကြပါတယ်။
ထိုနည်းလမ်းတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်များ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းများ၊ ဆေးလိပ်ဖြတ်ခြင်းများ ပါဝင်ပါတယ်။
AHA ဥက္ကဌဒေါက်တာ'ဒေါ်နယ်လ်လွိက်ဂျုန်းစ်'က "အိပ်စက်ခြင်းက ယေဘုယျကျန်းမာရေးအပေါ် ထိရောက်နေပါတယ်၊ လုံလောက်ကျန်းမာစွာအိပ်စက်ရတဲ့လူတွေက ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ ဆီးချိုရောဂါဖြစ်နိုင်ချေတို့ကို ပိုမိုထိရောက်စွာထိန်းချုပ်လာနိုင်ပါတယ်၊ အိပ်စက်ခြင်းနည်းလမ်းတွေကို အဆင့်မြင့်ကိရိယာများနဲ့ တိုင်းတာလာနိုင်ပြီး သူတို့ရဲ့အိပ်စက်ခြင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်" လို့ ဆိုခဲ့ပါတယ်။
အသက် ၅ နှစ်အောက်ကလေးတွေကတော့ အိပ်ချိန် ၁၀ နာရီမှ ၁၆ နာရီအတွင်းရှိသင့်တယ်လို့ အကြံပြုထားပါတယ်။
လုံလောက်စွာ မအိပ်စက်ရတဲ့လူတွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါတို့ဖြစ်ပေါ်နိုင်ချေ မြင့်မားတယ်လို့ AHA က ကြေညာထားပါတယ်။
လက်ကိုင်ဖုန်းတွေလို စက်ပစ္စည်းတွေကို အလင်းမှိန်စနစ်ထားရှိသင့်ပြီး ညအိပ်စက်ရာမှာ အနှောင့်အယှက်မဖြစ်နိုင်အောင် အချက်ပေးအသံများလည်း ပိတ်ထားသင့်ကြောင်း အကြံပြုထားပါတယ်။
ယူကေရှိ သေဆုံးသူလူဦးရေ ၄ ပုံ ၁ ပုံခန့်ဟာ နှလုံးနဲ့သွေးကြောရောဂါများကြောင့် ဖြစ်ပါတယ်။
အမေရိကန်မှာလည်း နှလုံးရောဂါကြောင့် အဓိကသေဆုံးနေကြရပြီး တစ်နှစ်ကို လူပေါင်း ၆၅၉,၀၀၀ ခန့် သေဆုံးနေရပါတယ်။
AHA ရဲ့နည်းလမ်း ၇ သွယ်ထဲက အချို့အချက်အလက်များကို ပြင်ဆင်ထားပြီး သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိရေးအကြောင်းတွေ ပါဝင်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 2 July 2022
တောင်အမေရိကကုလားအုတ်ရဲ့ သွေးထဲကကိုယ်ခံအားအမှုန်လေးတွေက ကိုဗစ်မျိုးဗီဇကွဲအားလုံးနဲ့ SARS-CoV-1 လို အခြားဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း နယူးယော့ခ်မြို့ ဆီနိုင်းတောင်ဆေးရုံမှသုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။
ကုလားအုတ်ရဲ့ကိုယ်ခံအားအမှုန်(နာနိုပဋိပစ္စည်း)များကို ကိုဗစ်နဲ့အခြားဗိုင်းရပ်စ်ရောဂါများကိုတိုက်ဖျက်ဖို့ နှာခေါင်းဖျန်းဆေးထုတ်လုပ်ရာမှာ အသုံးပြုနိုင်ဖွယ်ရှိကြောင်း Cell Reports မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
ကုလားအုတ်မျိုးနွယ်ဝင်တွေက အခြားတိရိစ္ဆာန်များနဲ့ယှဉ်ရင် ကိုယ်ခံအားစနစ် ၂ မျိုးပါဝင်ပြီး ပုံမှန်ပဋိပစ္စည်းများထက် ၁၀ ဆမျှ ပိုမိုသေးငယ်တာကြောင့် ဗီဇပြောင်းလဲလာတဲ့ ဗိုင်းရပ်စ်တွေ မလွတ်အောင် အချင်းချင်းချိတ်ဆက်တည်ရှိနေပါတယ်။
သူတို့ရဲ့သေးငယ်တဲ့အရွယ်အစားနဲ့ အမျိုးမျိုးသောဗိုင်းရပ်စ်တွေကိုချေဖျက်နိုင်တဲ့စွမ်းရည်များကြောင့် သူတို့ရဲ့နာနိုပဋိပစ္စည်းများဟာ နောင်ထွက်ပေါ်လာနိုင်တဲ့မျိုးဗီဇကွဲတွေနဲ့ SARS ကဲ့သို့ ဗိုင်းရပ်စ်များပျံ့နှံခြင်းကို ထိရောက်စွာကာကွယ်နိုင်မှာဖြစ်ကြောင်း ဆီနိုင်းတောင်ဆေးတက္ကသိုလ်မှ ဆေးဝါးသိပ္ပံတွဲဖက်ပရော်ဖက်ဆာဒေါက်တာ'ယီရှီ'က ပြောပြခဲ့ပါတယ်။
"စွမ်းရည်တည်ငြိမ်မှုရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းနဲ့ အောက်ပိုင်းရောကို ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်းတို့ ပေးစွမ်းနိုင်ပြီး ကိုဗစ်မျိုးဗီဇကွဲအသစ်တွေပေါ်ထွက်လာရင် ကာကွယ်ဆေးတွေ ပဋိပစ္စည်းဆေးဝါးတွေကို ဖြည့်စွက်ကာကွယ်နိုင်အောင် အရေးပေါ်ကုသနည်းတွေ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဒေါက်တာ'ရှီ'က ပြောကြားခဲ့ပါတယ်။
သုတေသီတွေက တောင်အမေရိကကုလားအုတ်တစ်ကောင်ကို ကိုဗစ်ဗိုင်းရပ်စ်စပိုက်ခ်နဲ့ ထပ်ခါထပ်ခါထိတွေ့စေတဲ့အခါ SARS-CoV-2 ဗိုင်းရပ်စ်အပြင် ဗိုင်းရပ်စ်အမျိုးမျိုးကိုချေဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေထွက်ပေါ်စေပြီး စွမ်းအားမြင့်ခုခံအားရရှိစေကြောင်း သိရှိရပါတယ်။
ဗိုင်းရပ်စ်အမျိုးမျိုးကို ထိရောက်စွာကာကွယ်နိုင်တဲ့ နာနိုပဋိပစ္စည်းတွေကို သီးသန့်ခွဲထုတ်ခဲ့ကြပါတယ်။
"နာနိုပဋိပစ္စည်းသေးသေးလေးတွေက လျင်မြန်စွာဗီဇပြောင်းလဲလာတဲ့ဗိုင်းရပ်စ်တွေကို သိသိသာသာကာကွယ်နိုင်တယ်လို့ သိရပါတယ်၊ ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ကိုဝင်ရောက်ပြီး ဗိုင်းရပ်စ်လွတ်ထွက်ခြင်း ဗီဇပြောင်းလဲခြင်းတွေမဖြစ်အောင် နေရာပေါင်းစုံကို ပေါင်းစပ်လိုက်ကြပါတယ်" လို့ ကယ်လီဖိုးနီးယားမှ ဇီဝတည်ဆောက်ပုံပရော်ဖက်ဆာဒေါက်တာ'အီယန်ဝီလ်ဆန်'က ပြောပြခဲ့ပါတယ်။
သူတို့ရဲ့တွေ့ရှိချက်အရ ဗိုင်းရပ်စ်ဗီဇပြောင်းလဲခြင်းနဲ့ လွတ်ထွက်ခြင်းမဖြစ်အောင် ဗိုင်းရပ်စ်တွေရဲ့ စပိုက်ခ်ပရိုတိန်း ၂ နေရာမှာ ချိတ်ဆက်နိုင်တဲ့ စွမ်းအားမြင့်နာနိုပဋိပစ္စည်းကို သုတေသီများက ဖန်တီးခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 713 of 863