#World_News
Published 3 October 2022
စနေနေ့က အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ကန်ပါခရိုင်မှာ ဘုရားဖူးများစီးနင်းလိုက်ပါလာတဲ့ ထော်လာဂျီတစ်စီးဟာ ရွာအနီးရှိရေကန်ထဲသို့ တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
ဘုရားဖူးတွေက ထော်လာဂျီဖြင့် ဖာတီဖာရှိ ချန်ဒရီကာဒေဗီဘုရားကျောင်းကို စီးနင်းလာတာဖြစ်ပါတယ်။
သူတို့အားလုံးဟာ ကော်သာရွာမှာနေထိုင်တဲ့ ဆက်ဒ်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကလူတွေ ဖြစ်ပါတယ်။
အဆိုပါယာဉ်ထဲမှာ လူ ၄၀ ခန့်လိုက်ပါလာခဲ့တာဖြစ်ပြီး ဘုရားဖူးကအပြန်လမ်းမှာ ဆက်ဒ်နဲ့ ဂမ့်ဟီယာပါကြား တစ်နေရာအရောက် ထွန်စက်ယာဉ်တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရတဲ့သူတွေကို ဘီတာဂါအွန်ရှိ ပြည်သူ့ကျန်းမာရေးစင်တာသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြပါတယ်။
အကြီးတန်းအရာရှိတွေနဲ့ ရဲများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာကာ ကယ်ဆယ်ရေးအတွက် ညွှန်ကြားခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ်'နရန်ဒရာမိုဒီ'၊ ပြည်ထောင်စုဝန်ကြီး'အာမစ်ရှာ'၊ အူတာပရာဒက်ရှ်ဝန်ကြီးချုပ်'ယိုဂီအာဒစ်ယာနက်သ်'တို့ကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းရကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။
"ထော်လာဂျီမှောက်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိပါတယ်၊ မိသားစုဝင်ဆုံးရှုံးလိုက်ရတဲ့ သူတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်၊ ဒဏ်ရာရခဲ့တဲ့သူတွေကိုလည်း ဆုတောင်းပေးပါတယ်၊ ဒေသတွင်းအုပ်ချုပ်ရေးမှူးတွေက ရနိုင်သမျှအထောက်အပံ့တွေကို လုပ်ဆောင်ပေးသွားမှာပါ" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
"အူတာပရာဒက်ရှ်မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် အလွန်ဝမ်းနည်းကြေကွဲရပါတယ်၊ ဒဏ်ရာရသူတွေကို ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့က ကုသပေးနေပါတယ်၊ ဒီဖြစ်ရပ်မှာ ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါတယ်၊ ဒီဆုံးရှုံးမှုကို ခံနိုင်ရည်ရှိအောင် ဘုရားသခင်က ခွန်အားတွေပေးပါစေ" လို့ 'ရှာ'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို စနစ်တကျ ကုသရန် တာဝန်ရှိသူများက ညွှန်ကြားထားပါတယ်။
'ယိုဂီအာဒစ်ယာနက်သ်'ကလည်း ခရီးသည်များကို ထော်လာဂျီတွေဖြင့် မသယ်ကြရန် မေတ္တာရပ်ခံလိုက်ပါတယ်။
Source: WION
#Yangon_Media_Group
#World_Science
Published 3 October 2022
သိပ္ပံပညာရှင်များသည် မားစ်ဂြိုဟ်ပေါ်မှာ ရေရှိနိုင်သည်ဟူသော အထောက်အထားအသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ချိန်က ထိုဂြိုဟ်မှာ သက်ရှိများရှင်သန်ခဲ့ခြင်းရှိမရှိ ဆုံးဖြတ်ရန် ကာလကြာရှည်ကြိုးပမ်းခဲ့ကြရာ အောင်မြင်မှုပေါ်ပေါက်လာပြီဖြစ်ပါတယ်။
ရေဒါကနေမဟုတ်ဘဲနဲ့ အခြားအချက်အလက်များကိုလည်း လေ့လာခဲ့ကြရာ မားစ်ဂြိုဟ်တောင်ဝင်ရိုးစွန်း ရေခဲအောက်မှာ ရေတည်ရှိကြောင်း ကိမ်းဘရစ်ဂျ်တက္ကသိုလ်က လေ့လာတွေ့ရှိခဲ့ပါတယ်။
"ဒီလေ့လာမှုက မားစ်ဂြိုဟ်ပေါ်မှာ အခုအချိန် ရေတည်ရှိတယ်ဆိုတဲ့ သက်သေပြနိုင်မယ့် အဓိကအစိတ်အပိုင်းနှစ်ခုကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေါက်တာ'ဖရန့်စ်ဘွတ်ချာ'က ပြောကြားခဲ့ပါတယ်။
ရေက အသက်ရှင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပေမယ့် မားစ်ဂြိုဟ်မှာ သက်ရှိတွေ ရှိနေတယ်ဆိုတဲ့ သဘောတော့မဆိုလိုပါဘူး။
အေးလွန်းတဲ့အပူချိန်မှာ အရည်ဖြစ်နေဖို့အတွက် တောင်ဝင်ရိုးစွန်းအောက်က ရေဟာ ရေငန်ဖြစ်နေဖို့ လိုအပ်ပါတယ်။
မားစ်ဂြိုဟ်မှာ ဝင်ရိုးစွန်းနှစ်ခုစလုံးက ကမ္ဘာကဲ့သို့ ရေခဲထူထပ်လှပြီး ဂရင်းလန်းရေခဲပြင်ထုထည်လောက် ရှိနေပါတယ်။
မားစ်ဂြိုဟ်မှာ အပူချိန်က -၈၁ ဒီဂရီဖာရင်ဟိုက်အထိ ရှိတတ်ပြီး ဝင်ရိုးစွန်းတွေမှာ -၂၂၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းသွားတတ်ပါတယ်။
အင်္ဂါဂြိုလ်သည် ရေခဲထုအောက်ရှိ ရေကိုထိန်းသိမ်းထားရန်အတွက် ဘူမိဆိုင်ရာအရ အပူရှိန်ဖြင့် လှုပ်ရှားနေရကြောင်း ပရော်ဖက်ဆာ'နေးလ်အာနိုးလ်'က ပြောကြားခဲ့ပါတယ်။
မားစ်ဂြိုဟ်ရဲ့ အခြေအနေများနဲ့ ကိုက်ညီတဲ့ ရေခဲစီးဆင်းမှုအတိုင်း ကွန်ပျူတာဖြင့်ပုံဖော်ဖန်တီးခဲ့ကြပါတယ်။
ကွန်ပျူတာနဲ့ဖန်တီးတဲ့ အခြေအနေနဲ့ တကယ့်အခြေအနေတွေကြား ဆင်တူချက်များကြောင့် မားစ်တောင်ဝင်ရိုးစွန်းမှာ ရေများရှိနေနိုင်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။
ဂြိုဟ်ပေါ်မှာ လတ်တလော သံလိုက်စွမ်းအားလှုပ်ရှားမှု တွေ့ရှိထားတာကလည်း ဘူမိအပူပေးစနစ်ဖြင့် ရေကို အရည်အခြေအနေမှာ ထိန်းသိမ်းထားနိုင်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
မားစ်ဂြိုဟ်မှရတဲ့ အချက်အလက်များအရ ကမ္ဘာပေါ်က အသုံးပြုနေတဲ့ နည်းပညာများအတိုင်း ခက်ခဲတဲ့မေးခွန်းတွေကို သိစေနိုင်မှာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 3 October 2022
ဓမ္မတာလာစဉ်မှာ အမျိုးသမီးများ မသက်မသာခံစားကြရပြီး အိပ်ရာထဲပဲ လှဲချင်လောက်အောင် နာကျင်မှုခံစားရပါတယ်။
အချို့သောအစားအသောက်များက ဓမ္မတာခံစားရမှုကို သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
(၁) အသီးအနှံနှင့်ဟင်းသီးဟင်းရွက်
ဓမ္မတာလာစဉ် အစာအိမ်က မသက်မသာခံစားရပြီး အစာချေတဲ့နေရာမှာ ပြဿနာရှိတယ်လို့ ပြောလို့ရပါတယ်။
ဒါကိုသက်သာစေဖို့အတွက် အသီးအနှံပိုစားသုံးသင့်ပါတယ်။
ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေက ဗိုက်တာမင်-ဘီ၊ သံဓာတ်၊ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာမကြေခြင်းကို သက်သာစေပါတယ်။
သံဓာတ်ပါဝင်တဲ့အတွက် ညောင်းညာနုံးချည့်ခြင်း လျော့နည်းစေပါတယ်။
(၂) ငါးနှင့် ပဲအမျိုးမျိုး
ငါးတွေက အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။
ဓမ္မတာကာလအတွင်း အဆီဓာတ်ပါတဲ့ငါးများ စားသုံးခြင်းက နာကျင်မှုကို သက်သာစေပါတယ်။
ပဲအမျိုးမျိုးကိုတော့ အသားအစား စားသုံးနိုင်ပါတယ်။
ဓမ္မတာချိန်အတွင်း သံဓာတ်ချို့တဲ့ခြင်းကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။
(၃) ဗာဒံစေ့နှင့် ကောက်ပဲသီးနှံထွက်ကုန်များ
ဗာဒံစေ့တွေက မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ပရိုတိန်းတွေဖြစ်ပါတယ်။
ဒါကြောင့် နုံးချည့်နွမ်းနယ်ခြင်းကို ကူညီပေးပါတယ်။
ဒါ့အပြင် ကြွက်သားပြေလျော့စေကာ စိတ်အခြေအနေကောင်းမွန်စေပါတယ်။
ဂျုံထွက်ကုန်တွေက အမျှင်ဓာတ်ကြွယ်ဝပြီး အစာကြေစေပါတယ်။
ဗိုက်တာမင်တွေနဲ့ သတ္တုဓာတ်တွေက စွမ်းအင်ရရှိစေပါတယ်။
ရေများများသောက်ဖို့ကို မမေ့လျော့သင့်သလို ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းလည်း လုပ်သင့်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
Published 2 Oct 2022
“ပန်းရောင်နတ်ဆိုး” တစ်ကောင် ဟာ ဘန်ကောက်ရဲ့ ရှုပ်ထွေးလှတဲ့ လမ်းတွေပေါ် ဒေါသတကြီးသွားနေပါတယ်။ သူဟာ တုတ်တုတ် လို့ခေါ်ကြတဲ့ သုံးဘီးကားတွေနှင့် မော်တော်ဆိုင်ကယ်တွေကို သည်းကြီးမည်းကြီး ပွတ်ကာသီကာ ကျော်ဖြတ်နေပါတယ်။ မြို့တော်ရဲ့ အလုပ်များလှတဲ့ ယာဉ်ကြောထဲ ချိုးမကွေ့ခင် ခရီးသည်တွေတက်ဆင်းလို့ရအောင် သူက အရှိန်လျှော့လိုက်ပါတယ်။ နံပါတ်(၈) ဘတ်စ်ကားလိုင်းကို စီးနင်းလိုက်ပါကြဖို့ ကြိုဆိုပါလိုက်ပါတယ်။
ထိုင်းမြို့တော်မှာ နာမည်ဆိုးနှင့်ကျော်ကြားလှတဲ့ ဘတ်စကား နံပါတ်(၈)လိုင်းကြောင့် တစ်တော့ခ်ပေါ်မှာ ယင်းကို လှောင်ပြောင်တဲ့ သီချင်းများစွာ ထွက်ပေါ်လာပါတယ်။ ယူကျုမှာလည်း အသည်းတစ်ယားယား ဗွီဒီယိုတွေကို မြင်တွေ့ရပါတယ်။ Fast & Furious လို ဇာတ်ကားတစ်ကားတောင်ထွက်လာပါတယ်။ အခုတော့ အဲဒီ ခေတ်ဟောင်းစတိုင် ဒီဇယ်ဘတ်စ်ကားကြီးတွေဟာ ရုပ်သိမ်းခံလာရပြီး သူ့နေရာမှာ သန့်ရှင်းတဲ့ လျှပ်စစ်ကားတွေ အစားထိုးပေးနေပါပြီ။
ဒါပေမယ့် အဲဒီပန်းရောင်နတ်ဆိုးလို့ခေါ်ကြတဲ့ ပန်းရောင်ဘတ်စ်တွေမှာ အခေါက်ရေများများရဖို့ လုပ်နေကြရတဲ့ အလုပ်ပိနေတဲ့ ယာဉ်မောင်းတွေအတွက် ခက်ခဲတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
“ ပြိုင်ဆိုင်နေကြရတာဗျ” လို့ ယာဉ်မောင်း အဖီဆက် ဆိုမွီက ပြောပါတယ်။ သူဟာ လေအေးစက်မရှိတဲ့ ပူလောင်နေတဲ့ သူ့ကားကြီးကို မောင်းနှင်နေပါတယ်။ ယခင် ဆယ်စုနှစ်တွေက ပြတင်းဖွင့်စီးရတဲ့ ဘတ်စ်ကားတွေလိုတွေပါပဲ။
ဒီလိိုမျိုး ဘတ်စ်ကား အစီး ၆၀ခန့်ဟာ တစ်ခေါက်ကို ၁၈မိုင်ရှိတဲ့ လမ်းကြောင်းမှာ မောင်းနှင်ပေးနေကြပါတယ်။ ခရီးသည်တစ်ဦးကို ဘတ်စကားခ ၁၀ဘတ်( ဒေါ်လာ ၀.၂၇ဆင့်) ကောက်ပါတယ်။ ဘန်ကောက်ကို မြောက်ကနေ တောင် ပြေးဆွဲပေးနေပါတယ်။ ဒီလမ်းကြောင်းဟာ တစ်ရက်ကို လူခုနှစ်သိန်းသယ်ဆောင်ပေးနေတဲ့ ဘန်ကောက်ရဲ့ ကျယ်ပြန်တဲ့ဘတ်စ်ကွန်ယက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း လိုင်းနံပါတ်(၈)ကြောင့် ဆက်တိုက်လိုဖြစ်နေတဲ့ သေဆုံးမှုတွေကြောင့် လိုင်းကို ပြုပြင် ပြောင်းလဲမှုတွေလုပ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ အခုဆို ကုမ္ပဏီအသစ်တွေဟာ စနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။ ဝန်ဆောင်မှုပိုကောင်းစေရပါမယ်လို့ ကတိတွေပေးထားပြီး အဲဒီဘတ်စ်အဟောင်းတွေနေရာမှာ လျှပ်စစ်ကားတွေအစားထိုးပေးနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ယာဉ်မတော်တဆမှုတွေထဲမှာ ကိုးနိုင်ငံမြောက် အများဆုံး ဖြစ်နေတဲ့ အလျောက် ဘန်ကောက်ရဲ့ မြို့တော်ဝန်အသစ် ချက်ချတ်ဆစ်တီပန့်အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေနှင့် မွန်းကြပ်နေတဲ့ မဟာမြို့တော်ကို သန့်ရှင်းအောင် ကြိုးစားဆောင်ရွက်ဖို့ ခရီးရှည်ကြီးဖြစ်နေပါတယ်။
ပြီးတော့ (၈)လိုင်းအနေနှင့်လည်း နာမည်ကောင်းပြန်ရလာဖို့ဆိုတော့ သိပ်တော့ မလွယ်လှပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အစာထိုးထားတဲ့ ဘတ်စ်ကားအသစ်ကြီး သိပ်မကြာသေးခင်က တိုက်မှုဖြစ်ခဲ့ပါတယ်။ ကံကောင်းတာက တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့တာပါ၊
ပြဿနာက တကယ်တမ်းတော့ ဘန်ကောက်ရဲ့ ခရီးသည်ပို့ဆောင်ရေးအာဏာပိုင်ဆီကနေ ဘတ်စ်လမ်းကြောင်းတွေ အငှားချခွင့်ရရှိထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ်ပဲမူတည်နေတယ်လို့ ထိုင်းသယ်ယူပို့ဆောင်ရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဆူမက် အွန်ကစ်တီကူကပြောပါတယ်။ သူတို့ရဲ့ စီမံခန့်ခွဲမှုပုံစက ယာဉ်မောင်းတွေဟာ သူတို့လစာအပြင် လက်မှတ်ရောင်းလို့ရတဲ့အပေါ် အကျိုးခံစားခွင့်ပေးထားပါတယ်။ အဲဒါကြောင့် ယာဉ်မောင်းတွေက ခရီးသည်တွေ သူ့ထက်ငါပိုရအောင် အလုအယက်တင်ကြတာပဲ” လို့ သူကရှင်းပြပါတယ်။
(၈)လိုင်းက ယာဉ်မောင်း အာဖီဆက်က သူဟာ နေ့စဉ်လုပ်ခက ဘတ်၁၅၀ကနေ ၂၀၀အကြား (ငါးဒေါ်လာခန့်)ရပြီး နေ့စဉ်လက်မှတ်အရောင်းရဲ့ ၁၀ရာခိုင်နှုန်းရတယ်လို့ြောပါတယ်။
“ကျွန်တော်တို့ လုံလောက်တဲ့ဝင်ငွေရဖို့ တစ်ရက်ကို အနည်းဆုံးလေးခေါက်လောက် အပြိုင်မောင်းကြရတယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့် အခုပြုပြင်ပြောင်းလဲရေးကြောင့် ဒီလိုအပြူအမူမျိုး မရှိနိုင်တော့ဘူးလို့ သူက ထင်နေပါတယ်။ ကုမ္ပဏီအသစ်ဟာ ယာဉ်မောင်းတွေကို သင်တန်းပေးတာတွေကို ပိုအာရုံစိုက်သင့်တယ်။ ဒါမှ သူတို့ရဲ့ အပြုအမူတွေတိုးတက်လာမှာ လို့ သူကထပ်ပြောပါတယ်။
ဒါပေမယ့် (၈)လိုင်းရဲ့ နာမည်ဆိုးအပေါ် ယိုသင်ဝတ်တီဆက်ချိုင်ကူက ခုခံပြောဆိုပါတယ်။ သူ့မိသားစုဟာ နံပါတ်(၈)လိုင်းရဲ့ ခရီးစဉ်လမ်းကြောင်းတစ်ခုကို စီမံလုပ်ကိုင်နေတာပါ။ ဒီလိုမျိုးဝန်ဆောင်မှုမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောခဲ့တဲ့ အွန်လိုင်းပေါ်က မှတ်ချက်တွေကို ကန်ကွက်ပြောဆိုပါတယ်။
“ (၈)လိုင်းမှာ တကယ်ဖြစ်နေတာတွေကို တကယ်စီးတဲ့သူတိုင်းသိကြပါတယ်။ ပြိုင်ကြဆိုင်ကြတယ်ဆိုတာလည်း အန္တရာယ်ဖြစ်လောက်တဲ့အထိမဟုတ်ပါဘူး” လို့သူကပြောလိုက်ပါတယ်။
Source: AFP
#Pink_Devils
#Bangkok_Bus_No_8
#Public_Transport_Thailand
Published 2 October 2022
တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းထုတ် ပင်မလိုင်း ဂျက်လေယာဉ်ကြီး C919 ဟာ အန္တရာယ်ကင်းရှင်းရေး၊ သက်သောင့်သက်သာဖြစ်မှုနှင့် စွမ်းအင်စွမ်းရည်တို့ တိုးတက်မှုကို အာရုံစိုက်ကာ နည်းပညာနှင့် ဒီဇိုင်းအားဖြင့် တည်ဆောက်ထားတာဖြစ်တယ်လို့ လေယာဉ်ပျံရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ် က ပြောပါတယ်။
C919 ဟာ လေးနှစ်ကြာစမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ကြာသပတေးနေ့က တရုတ်နိုင်ငံ လေကြောင်းအာဏာပိုင်ထံမှ ပျံသန်းခွင့်လက်မှတ်ရရှိခဲ့ပါတယ်။
အဲဒီပျံသန်းခွင့်လက်မှတ်အပ်နှင်းတဲ့အခမ်းအနားကို ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာကျင်းပခဲ့ရာမှာ တရုတ် မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က လေယာဉ်ကို ပျံသန်းခွင့်လက်မှတ်ထုတ်ပေးခဲ့ပါတယ်။
တရုတ်အင်ဂျင်နီယာအကယ်ဒမီက ပညာရှင်လည်းဖြစ်၊ C919 ရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ်လည်းဖြစ်တဲ့ ဝူကွမ်ဟွေးက ဒီဇိုင်းအဖွဲ့အတွက် လေယာဉ်ရဲ့စိတ်ချလုံခြုံမှုတိုးတက်ကောင်းမွန်ရေးဟာ အဓိက အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
“ အားလုံးထဲမှာ ပထမဦးစားပေးက လုံခြုံစိတ်ချရဖို့ဖြစ်တယ်။ စံချိန်စံညွှန်းတွေအကြောင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ နောက်ဆုံးပေါ် လေယာဉ်ပျံသန်းမှုဆိုင်ရာ သတ်မှတ်ချက်တွေနှင့် ကိုက်ညီမှုရှိပါတယ်။ ဥပမာ .. ငှက်တွေဝင်တိုက်တာမျိုးကို ခံနိုင်ရည် တိုးတက်အောင်ပြုလုပ်ထားတာ၊ အရေးပေါ်ထွက်ခွာနိုင်စွမ်းတိုးတက်မှုရှိအောင်လုပ်ထားတာမျိုးဖြစ်တယ်။ လေယာဉ်ပြန်ပေးဆွဲတာမျိုးလိုမျိုးနှင့်တောင် ပြန်လည်တုန့်ပြန်နိုင်စွမ်းတွေပါဝင်ပါတယ်။ အဲဒါကြောင့် လုံခြုံစိတ်ချမှုအာမခံနိုင်ဖို့ တစ်ခုတည်းအတွက်နှင့် ကျွန်တော်တို့လေယာဉ်ဟာ ယခင်လေယာဉ်တွေထက် စမ်းသပ်မှုတွေ အများကြီးပိုလုပ်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်” လို့သူကပြောပါတယ်။
အရပ်သုံးလေယာဉ်တစ်စီးအတွက် ကုန်ကျစရိတ်ဟာ အလွန်အရေးကြီးတယ်လို့ ဝူက ပြောပါတယ်။ အဲဒါကြောင့် C919 ဒီဇိုင်းအဖွဲ့ဟာ ခေတ်မီပြီးဖြစ်တဲ့ ဒီဇိုင်နှင့်နည်းပညာများစွာကို ရယူခဲ့တယ်လို့ သူကပြောပါတယ်။
“ဥပမာအားဖြင့် အဲရိုဒိုင်းနမစ်ဒီဇိုင်းလိုမျိုး လောင်စာဆီသက်သာအောင် ကျွန်တော်တို့စနစ်သစ်တစ်ခုရယူခဲ့တယ်။ သုံးရတာ စရိတ်သက်သာသလောက် ထိန်းသိမ်းဖို့လည်း လွယ်ကူတယ်လို့ ပြောတယ်။ ခုခံမှုနည်းတော့ ပျံသန်းနေစဉ်အတွင်း ကန်အားများများစားစားမလိုတော့ ဆီစားသက်သာတယ်။ ဒီလေယာဉ်ဟာ အလေးချိန်ပေါ့ပါးတဲ့ အတွက် ကုန်စည်များများတင်နိုင်တယ်” လို့ ဝူကဆက်ပြောပါတယ်။
C919 ဒီဇိုင်းထုတ်လုပ်သူတွေဟာ ခရီးသည်တွေ သက်သောင့်သက်သာထိုင်နိုင်အောင်ကိုပါ အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူဒီဇိုင်းလုပ်ခဲ့ပါတယ်။
“ဥပမာ.. ကျွန်တော်တို့ဟာ နေရာပိုကျဉ်းတဲ့ လေယာဉ်ထဲမှာ အလယ်ခုံမှာ မထိုင်ချင်ကြဘူးမဟုတ်လား။ အဲဒါကြောင့် အလယ်ကလူပိုသက်သောင့်သက်သာဖြစ်အောင် အလယ်ခုံကို ပိုပြီးကျယ်ကျယ်ပေးထားလိုက်တယ်” လို့ ဝူကပြောပါတယ်
အဲဒီအပြင် အရပ်နိမ့်တဲ့လူတွေက ပစ္စည်းထည့်ဖို့အံကို ဆွဲယူရတာခက်တာမျိုးရှိခဲ့တော့ အဲဒီအံကိုဖွင့်လို့ရတဲ့ လက်ကိုင်ကို လူတိုင်းလက်လှမ်းမီနိုင်တဲ့ နေရာမှာထားပေးထားပါတယ်။
C919ဟာ ဆီစားသက်သာတဲ့အတွက် ကာဘွန်ထုတ်လုပ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုတဲ့ ပစ္စည်းတွေ ထည့်ထားပေးတယ် လို့ သူကဆိုပါတယ်။
ဒီလေယာဉ်ကို ပြည်တွင်းအတွက်သာမက နိုင်ငံတကာဈေးကွက်အတွက်ပါ ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။
လေယာဉ်ဟာ ၁၅၈ခုံမှ ၁၆၈ခုံအထိရှိပါတယ်။ ဝယ်ယူသူ ၂၈ နေရာမှ အစီးရေ ၈၁၅ စီးကြိုတင်အမှာရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
Source CCTV+
Published 2 Oct 2022
ပေါ်တူဂီ ဘောလုံးအကျော်ဇေယျဖြစ်တဲ့ လူးဝစ် ဖီဂိုနှင့် နိုင်ငံတကာ ဘောလုံးသမားတွေပါဝင်တဲ့ အသင်းတစ်သင်းဟာ အမြင့်မှာကစားတဲ့ ဘောလုံးပွဲအတွက် ဂင်းနက်စ်၏ ကမ္ဘာ့မှတ်တမ်းစံချိန်ချိုးဖို့ ကမ္ဘာ့ဆွဲအားသုည(ကမ္ဘာ့ဆွဲအားမရှိ)တဲ့ အခြေအနေတစ်ခုမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသခဲ့ကြပါတယ်။
မာစတာကတ်က ကမကထပြုလုပ်ပေးတဲ့ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်ကြိုးပမ်းမှုအဖြစ် ဖီဂိုနှင့် ကမ္ဘာတစ်လွှားက အားကစားသမားတွေဟာ ဩဂုတ်လ(၂၀)ရက်မှာလေယာဉ်ပေါ် ဘောလုံးကွင်းတစ်ကွင်း အထူးဖန်တီးပေးထားတဲ့ လေယာဉ်တစ်စီးဖြင့် လိုက်ပါ ခဲ့ကြပါတယ်။ အမြင့်ပေ ၂၀၂၃၀ မှာ ကမ္ဘာ့ဆွဲအားကင်းမဲ့ဘောလုံးကစားနိုင်အောင် လေယာဉ်ဟာ မျဉ်းကွေး ပျံသန်းမှု လမ်းကြောင်း parabolic flight path အတိုင်း ပျံသန်းပေးပြီး သုညကမ္ဘာ့ဆွဲအားဖြစ်အောင် ဖန်တီးပေးပါတယ်။ လေယာဉ် ပေါ်ပါ ဘောလုံးကွင်း ကလေးထဲမှာ သူတို့ အသင်းနှစ်သင်းခွဲ ဘောလုံး ကစားခဲ့ကြပါတယ်။ သူတို့ဟာ ကမ္ဘာ့ဆွဲအားသုညparabolic flight path ဖြင့် အမြင့်ဆုံးပျံသန်း ဘောလုံးကစားကြသူများအဖြစ် ဂင်းနက်စ် မှတ်တမ်း စံချိန်ချိုးခဲ့ပါတယ်။
“ဘောလုံးဟာ နယ်စည်းတွေကို ကျော်လွန်ပြီး ကမ္ဘာအနှံ့က ပြည်သူတွေကို ညီညွတ်စေတယ်။ ယဉ်ကျေးမှုတွေ၊ နိုင်ငံသားတွေဆိုတာတွေကို ဖြတ်ကျော်ပြီး စိတ်လှုပ်ရှားမှုတွေပြင်းထန်ပေါက်ကွဲတဲ့ သွင်းပြင်အခြေအနေရှိတဲ့ ဘောလုံး ကွင်းတွေမှာ ကျွန်တော် ဘောလုံးကစားကြတယ်။ မြေပြင်အထက် အမြင့်ပေနှစ်သောင်းမှာ ဒီ လှပတဲ့ ကစားပွဲကစားရ တာ အတွေ့အကြုံအတူတူလို့ခံစားရတယ်။ ကြောက်ရွံခြင်းကင်းတဲ့ ဘောလုံးအရူးအမူးဖြစ်သူတွေဟာ မကြုံစဖူး အမြင့် မှာ အားကစားပွဲအတွက် သူတို့ရဲ့ ပြင်းပြတဲ့ ဇောအဟုန်တွေနှင့် ကစားခဲ့ကြတယ်” လို့ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီဂိုက သတင်းထုတ်ပြန်ပါတယ်။
လေယာဉ်ပျံအတွင်းထဲမှာ တည်ဆောက်ထားတဲ့ ဘောလုံးကွင်းက ၇၅ စတုရန်းမီတာကျယ်ဝန်းပါတယ်။လေယာဉ်ကို အပေါ်တက်အောက်ဆင်း စက်ဝန်းပြတ်ပုံစံပျံသန်းပေးခြင်း parabolic flight path ဖြင့် ကမ္ဘာ့ဆွဲအားမဲ့အောင်ဖန်တီးယူ ရတာဖြစ်ပါတယ်။
တစ်ဖက်လေးဦးစီနှင်ကစားကြရမှာ ဖီဂိုပါတဲ့ အသင်းက နှစ်ဂိုး တစ်ဂိုးနှင့် အနိုင်ရရှိခဲ့ပါတယ်။ သူနင့်အတူ ကစားကြသူတွေဟာ ဥရောပ၊လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းကကစားသမားတွေဖြစ်ကြပါတယ်။
Source UPI/ESPN
#Oddly_News
#Zero_gravity_Soccer
#Luis_Figo
Published 2 Oct 2022
အိန္ဒိယနိုင်ငံ ချာတီစကားပြည်နယ်က တူဆီလို့ခေါ်တဲ့ရွာငယ်ကလေးဟာ ယခု ယူကျုရွာYouTube Villageလို့ လူသိများနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရွာလုံးရဲ့ သုံးပုံတစ်ပုံဟာ ယူကျဗွီဒီယိုတွေလုပ်ပြီး ပိုက်ဆံရှာနေကြလို့ဖြစ်ပါတယ်တဲ့။
အွန်လိုင်းဗွီဒီယိုတွေဟာ အခုလောက် လူကြိုက်များတာမျိုး ယခင်မရှိသေးပါဘူး။ တစ်ကမ္ဘာလုံးက သန်းပေါင်းများစွာသော လူတွေဟာ ဗွီဒီယိုဖန်တီးသူတွေအဖြစ် ရပ်တည်နိုင်အောင် အပင်ပန်းခံကြိုးစားနေကြပါတယ်။ ယူကျုသမားတွေဖြစ်အောင် ဘယ်လောက်ပဲ အာရုံစိုက်လုပ်ဆောင်နေကြပေမယ့် တူဆီရွာကိုတော့ မီကြမှာမဟုတ်ပါဘူး။ တူဆီရွာဟာ ချာတီစကားပြည်နယ်က ကျေးရွာဇနပုဒ်ကလေးသာဖြစ်ပါတယ်။
ရွာလူဦးရေ ၃၀၀၀ ခန့်ရဲ့ သုံးပုံတစ်ပုံဟာ ဝင်ငွေရအောင် ဗွီဒီယိုတွေသက်ဝင်လှုပ်ရှားရိုက်ကူးနေကြပြီး ယူကျကိုတင်နေကြပါတယ်။ အဲဒီသုံးပုံတစ်ပုံတည်းမှာ အတော်များများဟာ လယ်သမားတွေပါ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေက ယူကျုမှာ ဗွီဒီယိုတင်တဲ့အတွက် ဝင်ငွေတွေ နှစ်ဆ ဒါမှမဟုတ် သုံးဆခန့်တိုးလာတာကို ကြားလိုက်ရပြီးနောက် ကျန်သူတွေကလည်း ယူကျုနှင့်စီးပွားရှာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ယူကျုရွာရဲ့ အစကတော့ သူငယ်ချင်းနှစ်ယောက်နှင့်ပါ။ ဂျန်ဒရာရှုကလာနှင့် ဂျေး ဗာမာဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သူတို့ရဲ့ နက်ဝတ်ဒ် အင်ဂျင်နီယာနှင့် ကျောင်းဆရာ အလုပ်ကထွက်ပြီး ဗွီဒီယိုတွေ စဖန်တီးခဲ့ကြပါတယ်။ သိပ်မကြာပါဘူး။ သူတို့ဟာ သူတို့ရဲ့ဗွီဒီယိုတွေကနေ ပိုက်ဆံတွေစတင်ရရှိခဲ့ကြပါတယ်။ သူတို့ရဲ့ အောင်မြင်မှုသတင်းဟာ တစ်ရွာလုံးကို ပျံ့နှံ့သွားပါတော့တယ်။ အဲဒီအခါ အခြားသူတွေကလည်း သူတို့ခြေရာနောက် လိုက်ပါလာကြပါတော့တယ်။
“အရင်က ကျွန်တော် အက်စ်ဘီအိုင်မှာ နက်ဝတ်အင်ဂျင်နီယာတစ်ဦးအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော့်ရုံးမှာက မြန်နှုန်းမြင့် အင်တာနက်ရှိတော့ အဲဒီမှာ ကျွန်တော်ဟာ ယူကျုဗွီဒီယိုတွေအမြဲကြည့်ဖြစ်ခဲ့ပါတယ်” လို့ ရှူကာက အေ အင်န်အိုင် သတင်းအေဂျင်စီကိုပြောပါတယ်။
“ကျွန်တော်က ရုပ်ရှင်တွေသိပ်ကြိုက်ခဲ့တာ။ ၂၀၁၁-၁၂ မှာ ယူကျု ဗားရှင်းအသစ်လွှင့်ပါတယ်။ အဲဒီတုန်းက ယူကျုမှာ ချယ်နယ်လ်နည်းနည်းလေးပဲရှိပါသေးတယ်။ ကျွန်တော်ဟာ မနက်၉နာရီ ညနေငါးနာရီ ကျွန်တော့်အလုပ်ကြီးကို မကျေနပ်ဘူး။ အဲဒါကြောင့် အလုပ်ကထွက်ခဲ့တယ်။ပြီးတော့ ယူကျုလုပ်ခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။
တစ်ရွာလုံးရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ အခု ယူကျု၊ တစ်တော့နှင့်အင်စတာဂရမ်တို့ လို ပလက်ဖောင်းတွေအတွက် ဗွီဒီယိုတွေလုပ်နေကြပါတယ်။ အငယ်ဆုံး အသက်၁၅နှစ်ကနေ အသက်အကြီးဆုံး ၈၅နှစ်အရွယ်ဖွားဖွားကြီးအထိ ပါဝင်ကြပါတယ်။တူဆီရွာမှာ လုပ်တဲ့ အဓိက ဗွီဒီယိုချယ်နယ်တွေက လေးဆယ်နှင့်အထက်ရှိပါတယ်။ ဟာသကနေ တေးသီချင်း၊ပညာရေးနှင့် ကိုယ်တိုင်လုပ်ကြည့် DIY တွေအထိအမျိုးမျိုးပါဝင်ပါတယ်။ လူကြိုက်အများဆုံးချယ်နယ်လ်ဟာ ယူကျုတစ်ခုတည်းတင် စာရင်းသွင်းကြည့်ရှုသူပေါင်း တစ်သိန်းကျော်နေပါသတဲ့။ အဲသလိုဆိုတော့ ယူကျုရွာလို့အမည်ပေးကြတာ မလွန်ကြောင်းပါ။
Source: India-Times
#YouTube_Village
#India
#Tulsi_Chhattisgarh
Page 708 of 950