#WorldArchaeology
Published 30 June 2022
ပီရူးနိုင်ငံမြောက်ပိုင်း ချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်ခင် ရဲတိုက်ကြီးရဲ့ အခမ်းအနားခန်းမမှာ သစ်သားရုပ်ထုတစ်ခုကို ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
#Yangon_Media_Group
Published 30 June 2022
ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ် ဂျုနီယာက ဇွန်လ(၃၀)ရက် ကြာသပတေးနေ့က နိုင်ငံ့ခေါင်းဆောင်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ဖခင်ဖြစ်သူ အာဏာရှင်မားကိုစ်ရဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာတွေကို ချီးကျူးလိုက်ပါတယ်။
အသက် ၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဒီနန် ဘွန်ဘွန် မားကို့စ် ဂျုနီယာဟာ ပြီးခဲ့တဲ့ လက ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ခဲ့ရပြီး ဒီ အနိုင်ရမှုဟာ သူ့ဖခင်ကို လူထူအုံကြွမှုကြီးနှင့်ဖယ်ရှားခဲ့တဲ့ ၁၉၈၆ခုနှစ် နောက်ပိုင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
သူဟာ ကြောက်မက်စရာ မူးယစ်စစ်ပွဲနှင့် နိုင်ငံတကာမှာ အရှက်ခွဲခံရပြီး ပြည်တွင်းမှာအလွန်လူကြိုက်များခဲ့တဲ့ သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့ အရိုက်အရာကို ဆက်ခံရတာပါ။
မနီလာမြို့တော်မှာကျင်းပတဲ့ သမ္မတအဖြစ်ကျမ်းသစ္စာဆိုလူထုအခမ်းအနားကို သံတမန်တွေ၊လူကုံထံတွေနှင့် သူ့ကို ထောက်ခံသူတွေနှင့်အတူ မိခင်ဖြစ်သူ အသက်၉၂နစ်အရွယ် အီမယ်လ်ဒါမားကို့စ် ဟာ မီတာအနည်းငယ်အကွာမှာ တက်ရောက်ခဲ့ပါတယ်။
“ ကျွန်တော်ဟာ လွတ်လပ်ရေးရပြီးကတည်းက အနည်းအကျဉ်းပဲ တိုးတက်မှုရှိခဲ့တာကိုတွေ့ခဲ့ရတဲ့ လူတစ်ဦးကို တစ်ခါတုန်းက ကျွန်တော်သိခဲ့တယ်။ ဒါပေမယ့် သူဟာ အများကြီးလုပ်သွားတယ်” လို့ ဖခင်မားကို့စ်ကိုချီးကျူးပြောဆိုပါတယ်။ သူ့ဖခင်ဟာ သူ့ကိုဆက်ခံခဲ့တဲ့သူတွေထက် လမ်းတွေ အများကြီးဖောက်သွားတယ်။ ဆန်တွေ အများကြီးစိုက်ပျိုးထုတ်လုပ်သွားတယ် လို့လည်းသူကပြောပါတယ်။
အဲဒါကြောင့် သူသားတစ်ဦးအနေနှင့် ခင်ဗျားတို့ဟာ ကျွန်တော့်ဆီက ဆင်ခြေဘာတစ်ခုမှ ရမှာမဟုတ်ပါဘူး” လို့လည်း သူက ကတိပေးသွားပါတယ်။
ကျမ်းသစ္စာ မကျိန်မှီ နှာခေါင်းစည်းတပ်ပြီး ရိုးရာ ဝတ်စုံဝတ်ထားတဲ့ တာဝန်ပြီးဆုံးတော့မယ့် အသက်၇၇နှစ်အရွယ် သမ္မတ ဒူတာတီးဟာ မားကို့စ်ဂျုနီယာကို သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒူတာတီးရဲ့သမီးဆာရာဒူတာတီးဟာ ဒုသမ္မတ တစ်ဦးအဖြစ် မားကိုစ့်ဂျူနီယာရဲ့အစိုးရမှာ တာဝန်ယူမှာလည်းဖြစ်ပါတယ်။
Source AFP
#DailyNews
Published - 30 June 2022
၁။ မြန်မာ့အိုးစည်၊ ဒိုးပတ်များကို ပြည်ပရောက်မြန်မာများ အော်ဒါမှာယူမှုများနေ
၂။ မြဝတီနယ်စပ်မှ ပြည်ပပို့ကုန်များအတွက် ကန်ဒေါ်လာဖြင့်သာ ဈေးနှုန်းသတ်မှတ်ခွင့်ပြုမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပီရူးနိုင်ငံချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်မီ ရဲတိုက်ခံတပ်တွင် ရှေးဟောင်းပန်းပုရုပ်ထုတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldMilitary
Published 30 June 2022
ယူကရိန်းကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံဟာ အနောက်နိုင်ငံရဲ့လုံခြုံရေးကိုပါ အကြီးမားဆုံးခြိမ်းခြောက်လာကြောင်း နေတိုး(NATO)အဖွဲ့က ဗုဒ္ဓဟူးနေ့က သတ်မှတ်လိုက်ပါတယ်။
ရုရှားတပ်တွေဝိုင်းရံခံထားရတဲ့ ယူကရိန်းတပ်များကို ခေတ်မီလက်နက်များတပ်ဆင်ပေးဖို့ အစီအစဉ်များကို သဘောတူညီလိုက်ကာ တိုင်းပြည်ကိုရွပ်ရွပ်ချွံချွံခုခံနေတဲ့ ယူကရိန်းတွေဘက်က မားမားမတ်မတ်ရပ်တည်ကြောင်း ကြေညာလိုက်ပါတယ်။
ကျူးကျော်မှုဖြစ်ပွားခြင်းနဲ့ စစ်ပွဲပြဿနာများနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ နေတိုးက ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့ကိုပါ ဖိတ်ခေါ်ခဲ့ပြီး ဥရောပအရှေ့ခြမ်းမှာ ကြုံတွေ့ရနိုင်တဲ့ ရုရှားရန်ကိုကာကွယ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်ကစပြီး စစ်ရေးအင်အား ၇ ဆမြှင့်တင်ဖို့ ကတိပြုခဲ့ပါတယ်။
ဆွီဒင်နဲ့ဖင်လန်တို့ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်အဖွဲ့ထဲဝင်ပြီး နိုင်ငံအတွင်း နေတိုးအခြေခံအဆောက်အအုံများကို ဆောက်လုပ်မယ်ဆိုရင်တောင် အဆိုပါနိုင်ငံများနဲ့ရင်းနှီးစွာ ဆက်လက်ဆက်ဆံသွားမှာဖြစ်ကြောင်း ရုရှားသမ္မတ’ဗလာဒီမီယာပူတင်’က တုန့်ပြန်လိုက်ပါတယ်။
ဆွီဒင်နဲ့ဖင်လန်တို့ နေတိုးအဖွဲ့ထဲဝင်မယ်ဆိုရင် ရုရှားနဲ့ဆက်ဆံရေးတင်းမာမှု မမြင့်လာအောင် ထိန်းသိမ်းသွားမယ်လို့ ‘ပူတင်’ရဲ့ပြောကြားချက်ကို ရုရှားသတင်းဌာနကဖော်ပြခဲ့ပါတယ်။
ဥရောပအနောက်ဘက် စပိန်ကစလို့ ယူကရိန်းနဲ့ထိစပ်နေတဲ့ ရိုမေးနီးယားနဲ့ပိုလန်တို့အထိ ဥရောပတလျှောက်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတပ်ဖြန့်ထားခြင်းများပြုလုပ်ဖို့ အမေရိကန်သမ္မတ’ဂျိုးဘိုင်ဒန်’က ကြေညာခဲ့ပါတယ်။
ပိုလန်နိုင်ငံမှာ တပ်ရင်းတစ်ရင်းနဲ့ အခြေစိုက်စစ်ဌာနချုပ်ထားရှိသွားမှာဖြစ်ပြီး နေတိုးအရှေ့ဘက်ပိုင်းမှာ အမေရိကန်က ပထမဆုံးအနေနဲ့ အမြဲတမ်းတပ်ဖွဲ့နေရာချခြင်းဖြစ်လာပါလိမ့်မယ်။
ယူကရိန်းကို ရုရှားကျူးကျော်လိုက်ခြင်းက ဥရောပငြိမ်းချမ်းရေးကို ပျက်စီးစေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပလုံခြုံရေးကိုအကြီးမားဆုံးခြိမ်းခြောက်လာတာဖြစ်ကြောင်း၊ နေတိုးက စည်းစည်းလုံးလုံးအင်ပြည့် အားပြည့်တုန့်ပြန်ထားကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်’ယန်းစ်စတိုလ်တန်ဘာ့ဂ်’က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လေကြောင်းကာကွယ်ရေးလက်နက်များ၊ လေကြောင်းယာဉ်များ၊ အီလက်ထရောနစ်စစ်ရေး ကိရိယာများအပါအဝင် ၁ ဘီလီယံပေါင်တန်ဖိုးရှိတဲ့ စစ်ရေးထောက်ပံ့မှုများကို ယူကရိန်းအတွက်ကူညီသွားမယ်လို့ ဗြိတိန်ကကြေညာထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Health_Tips
Published 30 June 2022
စောစီးစွာအသက်ဆုံးရှုံးနိုင်ချေရှိတဲ့ လက္ခဏာအင်္ဂါရပ်များကို ပညာရှင်များက ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
ဘရာဇီးလ်ကျွမ်းကျင်ပညာရှင်များက အသက် ၅၀ မှ ၇၅ နှစ်အတွင်းရှိလူပေါင်း ၂ ထောင်ဖြင့်လေ့လာခဲ့ရာ 'ကြိုးကြာနီ'စမ်းသပ်မှုကို မအောင်မြင်ခဲ့တဲ့လူ ၈၄ ရာခိုင်နှုန်းဟာအောင်မြင်ခဲ့တဲ့လူတွေနဲ့ယှဉ်ရင် စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ပိုများနေပါတယ်။
ကျန်းမာရေးညံ့နေကြောင်း သိရှိနိုင်မယ့် နည်းလမ်းအချို့ကို Mail Online က ဖော်ပြပေးလိုက်ပါတယ်။
*ခြေတစ်ဖက်တည်းဖြင့်ဟန်ချက်ထိန်းခြင်း
ခြေထောက်တစ်ဖက်တည်းနဲ့ မတ်တတ်မရပ်နိုင်ဘူးဆိုရင် ကျန်းမာရေးအန္တရာယ်ရှိနေပါတယ်။
သုတေသီတွေရဲ့ဖော်ပြချက်မှာ 'ကြိုးကြာနီ'လေ့ကျင့်ခန်းကိုမလုပ်နိုင်တဲ့သူတွေက အောင်မြင်အောင်လုပ်နိုင်သူတွေထက် စောစီးစွာသေဆုံးနိုင်ချေ ၂ ဆပိုများကြောင်းသိရှိရပါတယ်။
ခြေတစ်ဖက်ကိုကွေး၊ တခြားတစ်ဖက်ရဲ့အနောက်ဘက်မှာထား၊ လက်တွေကိုဘေးမှာချ၊ ရှေ့တည့်တည့်ကြည့်၊ အခြားအထောက်အကူမပါဘဲ ၁၀ စက္ကန့်လောက်မတ်တတ်ရပ်ရတဲ့စမ်းသပ်မှုဖြစ်ပါတယ်။
နေ့စဉ်လှုပ်ရှားမှုများအတွက် ဟန်ချက်ထိန်းနိုင်ခြင်းကအရေးပါပြီး ဟန်ချက်မထိန်းနိုင်ပါက ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
*လမ်းလျှောက်အမြန်နှုန်း
အသက်ကြီးသူတွေမှာ နှေးနှေးကွေးကွေးသာလမ်းလျှောက်နိုင်ခြင်းကလည်း စောစောစီးစီးအသက်ဆုံးနိုင်တဲ့လက္ခဏာဖြစ်ပါတယ်။
ပြင်သစ်အမျိုးသားကျန်းမာရေးသုတေသနက အသက် ၆၅ နှစ်အထက်လူပေါင်း ၃,၂၀၀ ကို ၅ နှစ်တာစောင့်ကြည့်လေ့လာခဲ့ပါတယ်။
အနှေးဆုံးလျှောက်လေ့ရှိတဲ့လူတွေက အမြန်ဆုံးလျှောက်လေ့ရှိတဲ့သူတွေထက် အသက်ဆုံးရှုံးနိုင်ချေ ၄၄ ရာခိုင်နှုန်းပိုများတာကို တွေ့ရှိခဲ့ရပါတယ်။
ခပ်သွက်သွက်လျှောက်နိုင်သူတွေက ကျန်းမာရေးကောင်းပြီး နှလုံးသွေကြောကျန်းမာရေးလည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။
*ထိုင်ရာမှထခြင်း
ထိုင်နေရာကနေ ဘယ်အရာကိုမှမထောက်ဘဲ မတ်တတ်ရပ်နိုင်တယ်ဆိုရင် အသက်ရှည်ကျန်းမာတယ်လို့ယူဆရပါတယ်။
ထိုင်ခြင်းထခြင်းပြုလုပ်ရာမှာ ထောက်ပြုနေရတယ်ဆိုရင် ငယ်ရွယ်စဉ်မှာပဲ သေဆုံးနိုင်ချေ ၅ ဆပိုများကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
အသက်အရွယ်အရ လှုပ်ရှားနိုင်မှု၊ ခန္ဓာကိုယ်ကွေးဆန့်နိုင်မှု၊ ကြွက်သားသန်မာမှုတိုဆုံးရှုံးလာတာဟာ ကျန်းမာရေးမကောင်းတဲ့လက္ခဏာတွေဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။
*လှေကားထစ်တက်ခြင်း
လှေကား ၄ ထစ်လောက်ကို အခက်အခဲမရှိတက်နိုင်ခြင်းက ကျန်းမာရေးကောင်းတယ်ဆိုတဲ့လက္ခဏာပါပဲ။
လေ့ကျင့်ခန်းစမ်းသပ်မှုတွေကို အောင်မြင်အောင်လုပ်နိုင်ခဲ့သူ ၁.၂ ရာခိုင်နှုန်းသာ စောစီးစွာအသက်သေဆုံးနိုင်ချေရှိခဲ့ပြီး လေ့ကျင့်ခန်းလုပ်ရာမှာခက်ခဲနေခဲ့တဲ့သူ ၃.၂ ရာခိုင်နှုန်း စောစီးစွာ သေဆုံးနိုင်ချေရှိနေပါတယ်။
လှေကားတက်ရာမှာ ခက်ခဲတဲ့သူတွေအနေနဲ့ ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးပေါင်ချိန်ထိန်းခြင်းတို့ကို ပြုလုပ်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။
*ဒိုက်ထိုးခြင်း
၁၀ ကြိမ်ပြည့်အောင်ဒိုက်ထိုးဖို့ ရုန်းကန်နေရသူတွေဟာ အကြိမ် ၄၀ ဒိုက်ထိုးနိုင်တဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၂ ဆနီးပါးပိုများပါတယ်။
Source: DailyMail
#Yangon_Media_Group
Published 30 June 2022
ဂရမ်မီဆုရှင် R&B အဆိုတော် အာရ်ကယ်လီကို သူ့ရဲ့အောင်မြင်ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုတွေကို အမြတ်ထုတ်ပြီး သူ့ရဲ့ လိင်မှာနယ်ပယ်ထဲ အမျိုးသမီးတွေနှင့် အသက်မပြည့်သေးတဲ့မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းခဲ့တာ ပြစ်မှုထင်ရှားလို့ ဇွန်လ(၂၉)ရက် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် အနှစ်(၃၀) ချမှတ်ခံလိုက်ရပါတယ်။
အသက်၅၅နှစ်ရှိပြီဖြစ်တဲ့ ကယ်လီဟာ တရားမဝင်လုပ်ငန်းဖြင့်အသက်မွေးမှုနှင့် လိင်ရာဇဝတ်မှုတွေကြောင့် ကိုးလကြာ အမှုရင်ဆိုင်နေရပြီးနောက် ယခုလိုထောင်ဒဏ်အပြစ်ပေးခံရတာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုခန့်က "I Believe I Can Fly" ဆိုတဲ့ နာမည်ကျော်တေးအယ်ဘမ်နှင့် ဂရမ်မီဆုရခဲ့တာဖြစ်ပါတယ်။
ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံံးက အမေရိကန်ခရိုင်တရားသူကြီး အန်း ဒွန်နယ်လီက ကယ်လီရဲ့ လူသားတွေ ထိခိုက်ခံစားရအောင် ဥပက္ခာပြမူခြင်းနှင့် ကျူးလွန်ခံရသူတွေကို လူသားမဆန်စွာရက်စက်ခြင်းတွေလုပ်ခဲ့တာတွေဟာ အထောက်အထားတွေမှာ ပေါ်လွင်နေတယ်လို့ ပြောပါတယ်။
“ဒီအမှုဟာ လိင်သက်သက်မဟုတ်ဘူး။အကြမ်းဖက်မှု၊ကြမ်းတမ်းရက်စက်မှုနှင့်ထိန်းချုပ်မှုတွေအကြောင်းဖြစ်တယ်” လို့ တရားသူကြီးကပြောပါတယ်။
နာမည်အပြည့်အစုံအရ ရောဘတ်ဆိုင်ဗက်စတားကယ်လီလို့ပေးထားတဲ့ ကယ်လီဟာ ဗုဒ္ဓဟူးနေ့ကြားနာပွဲမှာ စကားမပြောခဲ့ပါဘူး။ဒါပေမယ့် သူဟာ လိင်အကြမ်းဖက်မှုစွပ်စွဲချက်တွေကိုတော့ ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပါတယ်။
ထောင်ဒဏ်အမိန့်ဖတ်ကြားအပြီးမှာ ထောင်ဒဏ်ဟာ စိတ်ထိခိုက်စရာကောင်းပြီး အယူခံဝင်မယ်။ ထောင်အနှစ်၃၀ဆိုတာ သူ့ကို ထောင်ဒဏ်တစ်သက်ချလိုက်တာနှင့်အတူတူပဲလို့ သူ့ရှေ့နေ ဂျနီဖာဘွန်ဂျိန်းက ပြောပါတယ်။
“ဆယ်ကျော်သက်တစ်ဦးအနေနှင့် အာရ်ကယ်လီက သူ့ကို ပါးစပ်နှင့်ဆက်ဆံပေးဖို့ပြောတဲ့အခါ ‘ဟင့်အင်း” လို့ ကျွန်မ ဘယ်လိုပြောရမှန်းတောင်မသိဘူး” လို့ ဂျိန်းဒိုးအမှတ်(၂)လို့ အမည်သတ်မှတ်ထားတဲ့ အမျိုးသမီးကပြောပါတယ်။
အဲဒီနောက်သူမက စကားကိုခေတ္တရပ်လိုက်ပါတယ်။ အဲဒီနောက် ကယ်လီကိုစေ့စေ့ကြည့်ပြီး” ရှင်ဒါကိုမှတ်မိလား” လို့ မေးလိုက်ပါတယ်။
ကယ်လီဟာ နှာခေါင်းစည်း အမည်းရောင်တပ်ဆင်ထားပြီး ထောင်ဝတ်စုံဝတ်ဆင်ထားပါတယ်။
ငါးပတ်ခွဲကြာ စစ်ဆေးမှုမှာ စွပ်စွဲသူ တော်တော်များများက ကယ်လီဟာ သူတို့ကို သူ့စည်းမျည်းတွေအတိုင်း တိတိကျကျလိုက်နာဖို့ ဘယ်လိုတောင်းဆိုတယ်ဆိုတာတွေကို ထွက်ဆိုခဲ့ပါတယ်။
Source Reuters
#WorldHealth
Published 30 June 2022
တုပ်ကွေးကာကွယ်ဆေးအနည်းဆုံး ၁ ကြိမ်ထိုးနှံထားသူတွေဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ယှဉ်ရင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပေါ်နိုင်ချေ ၄၀ ရာခိုင်နှုန်းပိုမိုနည်းပါးကြောင်း ၄ နှစ်တာလေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ရတယ်လို့ UTHealth Houston က ဖော်ပြခဲ့ပါတယ်။
ထိုလေ့လာမှုမှာ အမေရိကန်မှ အသက် ၆၅ နှစ်နဲ့အထက်လူကြီး ၁ သန်းနီးပါးကိုလေ့လာခဲ့ပြီး တုပ်ကွေးကာကွယ်ဆေးအနည်းဆုံး ၁ ကြိမ်ထိုးထားသူတွေနဲ့ မထိုးထားသူတွေကို အယ်လ်ဇိုင်းမားရောဂါဖြစ်ပေါ်နိုင်မှုနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းနဲ့ အယ်လ်ဇိုင်းမားဝေဒနာလျော့ကျခြင်းတို့ကြား ဆက်စပ်မှုကို UTHealth Houston မှ သုတေသီများက အရင် ၂ နှစ်လောက်ကတည်းကတွေ့ရှိခဲ့ပြီးနောက် အခုလိုလေ့လာဖော်ထုတ်လာကြတာဖြစ်ပါတယ်။
အခုတစ်ခါလေ့လာမှုက အရင်လေ့လာမှုထက် နမူနာလူများပိုမိုပါဝင်လာပြီး တုပ်ကွေးကာကွယ်ဆေးထိုးထားသူ ၉၃၅,၈၈၇ ဦးနဲ့ ကာကွယ်ဆေးမထိုးထားသူ ၉၃၅,၈၈၇ ဦးတို့ပါဝင်ခဲ့ပါတယ်။
“တုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့ သက်ကြီးရွယ်အိုတွေမှာ နှစ်တွေအတော်ကြာတဲ့တိုင်အောင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်၊ နှစ်စဉ်ကာကွယ်ဆေးထိုးတိုင်း ထိရောက်မှုက နှစ်တွေကြာတဲ့အထိ တာရှည်ခံပါတယ်၊ ဒါကြောင့်နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးနေသူများက အယ်လ်ဇိုင်းမားဖြစ်နိုင်ချေအနည်းဆုံးဖြစ်နေပါတယ်” လို့ သုတေသနအဖွဲ့မှ ‘ဘက်ခ်ဘိုင်ဒါ’က ပြောပြခဲ့ပါတယ်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းက အယ်လ်ဇိုင်းမားလက္ခဏာများခံစားရတဲ့လူတွေမှာလည်း ဘယ်လိုပတ်သက်နေမလဲဆိုတာကို လေ့လာသွားဦးမှာဖြစ်ပါတယ်။
၄ နှစ်တာလေ့လာချက်မှာတော့ တုပ်ကွေးကာကွယ်ဆေးထိုးထားသူ ၅.၁ ရာခိုင်နှုန်းဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားလာပြီး ကာကွယ်ဆေးမထိုးထားသူ ၈.၅ ရာခိုင်နှုန်းကတော့ ရောဂါဖြစ်ပွားလာခဲ့ပါတယ်။
ကာကွယ်ဆေးအများအပြားက အယ်လ်ဇိုင်းမားလက္ခဏာဖြစ်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိနေပြီး တုပ်ကွေးကာကွယ်ဆေးတစ်မျိုးတည်းမဟုတ်ပါဘူး။
လျှော့ချပေးနိုင်ခြင်းရှိ/မရှိက ရှုပ်ထွေးတဲ့ကိုယ်ခံအားစနစ်အပေါ်လည်း မူတည်နေပါတယ်။
အချို့ရောဂါများကြောင့် အယ်လ်ဇိုင်းမားပိုဆိုးတာမျိုးရှိသလို အချို့အခြေအနေတွေကလည်း ကာကွယ်ပေးနိုင်တာမျိုးရှိပါတယ်။
အခုခေတ်မှာ အယ်လ်ဇိုင်းမားရောဂါအကြောင်း ဦးစားပေးလေ့လာနေကြသလို မှတ်ဉာဏ်ချို့တဲ့တဲ့ ဝေဒနာတွေအကြောင်း ရှာဖွေနေကြပါတယ်။
ထိုလေ့လာမှုတွေကနေ ကုသဖို့နည်းလမ်းတွေတွေ့ရှိဖို့ မျှော်လင့်နေကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 715 of 863