#World_News
Published 30 September 2023


အမေရိကန်ရှိ အစိုးရယန္တရားများ ရပ်ဆိုင်းတော့မယ့်အကြောင်း အစိုးရက အလုပ်သမားများကို အသိပေးလိုက်ပြီဖြစ်ပြီး ကွန်ဂရက်လွှတ်တော်မှ နောက်ဆုံးသဘောတူညီချက် မရသရွေ့ သန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းများနဲ့ စစ်မှုထမ်းများဟာ အိမ်ပြန်ပို့ခံရခြင်း ဒါမှမဟုတ် လစာမရဘဲ အလုပ်လုပ်ရခြင်းတို့ ကြုံတွေ့လာနိုင်ပါတယ်။

 

သဘောတူညီချက် မရခဲ့ဘူးဆိုရင် အစိုးရရန်ပုံငွေအများစုဟာ စနေနေ့ ညသန်းခေါင်ယံမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အစစအရာရာအတွက် အခက်အခဲများ ကြုံတွေ့လာနိုင်ကာ ယန္တရားရပ်ဆိုင်းမှု ရှည်ကြာလာပါက အမေရိကန်စီးပွားရေးကို ပိုမိုထိခိုက်လာစေမှာ ဖြစ်ပါတယ်။

 

ဒါတွေဟာ သဘောထားတင်းမာနေတဲ့ ရီပတ်ဘလစ်ကန် အနည်းစုကြောင့် ကွဲလွဲမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

ယန္တရားရပ်ဆိုင်းမည်ဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြရန် အချို့အစိုးရဝန်ထမ်းတွေကို အသိပေးထားတယ်လို့ AFP က ဖော်ပြလိုက်ပါတယ်။

 

အစိုးရဌာနတိုင်းနီးပါး လည်ပတ်မှုရပ်ဆိုင်းတော့မှာ ဖြစ်တာကြောင့် ဝန်ထမ်းလျှော့ချမှာ ဖြစ်ပေမယ့် အဓိကလုပ်ငန်းများကတော့ ဆက်လက်လည်ပတ်နေမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဌာနမှ ဝန်ထမ်းတစ်ဦးရရှိတဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။

 

အရေးပေါ်ဖြစ်လာနိုင်တဲ့ အစီအစဥ်များကိုလည်း ပြင်ဆင်ဖော်ပြလိုက်ကာ ကြိုတင်အကြောင်းကြားခံရတဲ့ ဝန်ထမ်းတွေဟာ ယာယီအလုပ်နားနေရမှာ ဖြစ်ပြီး ရပ်ဆိုင်းမှုပြီးမြောက်ပြီးနောက် နစ်နာကြေး ရရှိမှာဖြစ်တယ်လို့ အသိပေးစာမှာ ဖော်ပြထားပါတယ်။

 

အစိုးရယန္တရားရပ်ဆိုင်းတဲ့အခါ သန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေဟာ လစာမရရှိဘဲ အလုပ်နားနေရမှာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားဝန်ထမ်းတွေကတော့ လစာမရဘဲ အလုပ်ဆက်လုပ်နေရမှာ ဖြစ်ပါတယ်။

 

လုံခြုံရေးအစောင့်တွေလိုမျိုး နေရာတွေက ကိစ္စမရှိပေမယ့် လစာမရတဲ့သူတွေကတော့ တဖြည်းဖြည်းနဲ့ အလုပ်မလာတော့ဘဲ အချို့ကဏ္ဍကြီးတွေ ထိခိုက်လာမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဖက်ဒရယ်လေကြောင်းစီမံအုပ်ချုပ်ရေး (FAA)ဟာ လုပ်ပိုင်ခွင့် ပြန်လည်အပ်နှံခြင်း ကိစ္စနဲ့ပတ်သက်ပြီး ခေါင်းခဲနေရပါတယ်။

 

အခုအချိန်က အစိုးရယန္တရားများ ရပ်ဆိုင်းရန် သင့်လျော်တဲ့အချိန် မဟုတ်ကြောင်း၊ အကျိုးဆက်အနေနဲ့ ပျက်စီးရန်အန္တရာယ် ရှိနေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီ့တ်ဘွတ်တီဂျက်က ဗုဒ္ဓဟူးနေ့က ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ယန္တရားရပ်ဆိုင်းမှုဖြစ်ပေါ်ပါက ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီရဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ မလုံလောက်မှု ဖြစ်ပေါ်လာနိုင်ကာ တိုင်းပြည်အနှံ့ရှိ ရေရှည်ပြန်လည်ဖော်ဆောင်ရေး စီမံကိန်း ၂ ထောင်နီးပါး နှောင့်နှေးသွားနိုင်တယ်လို့ အိမ်ဖြူတော်က သတိပေးထုတ်ပြန်လိုက်ပါတယ်။

 

အထက်လွှတ်တော် လူများစုခေါင်းဆောင် ချက်ခ်ရှူမာက အောက်လွှတ်တော်ဥက္ကဌ မက်ကာသီဟာ လက်ယာစွန်းရောက် လက်တစ်ဆုပ်စာရဲ့ ဆန္ဒတွေကို ဦးစားပေးရွေးချယ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

 

ယန္တရားအလုံးစုံ ရပ်ဆိုင်းရပါက ထိုကာလအတွင်း အစိုးရဝန်ထမ်းပေါင်း ၁.၈ သန်းနီးပါးဟာ လစာရရှိမှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရဝန်ထမ်း ဖက်ဒရေးရှင်းသမဂ္ဂက ခန့်မှန်းလိုက်ပါတယ်။

 

#World_News #အမေရိကန်အစိုးရ #အစိုးရဝန်ထမ်းများကိုအသိပေး #Source: Bangkok Post