#World_Environment
Published 20 September 2022
စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချခြင်းအစီအစဉ် ရှားပါးတဲ့ဗင်နီဇွဲလားနိုင်ငံမှာ ပလတ်စတစ်ဗူးခွံတွေမှ အဖုံးများဖြင့် စီခြယ်ရေးဆွဲထားတဲ့ နံရံပန်းချီကားကြီးဟာ ၂၇၀ မီတာရှည်လျားပါတယ်။
#Yangon_Media_Group
Published 20 Sept 2022
ထရပ်ဘီလူးကြီးတစ်စီးက ကားလေးတွေအပေါ် တက်နင်းကြိတ်ချေပြနေတဲ့မြင်ကွင်းကို ဒက်ထရွိုက် ကားပြပွဲမှာ ပရိဿတ်တွေက အကြိုက်တွေ့နေကြပါတယ်။ Bigfoot 20 လို့အမည်ပေးထားတဲ့ အဲဒီထရပ်ဘီလူးကြီးဟာ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်နှင့်မောင်းနှင်တဲ့ ဧရာမ ထရပ်ကားဖြစ်ပါတယ်။ အဲဒီကားဘီလူးကြီးဟာ အလေးချိန်ပေါင်တစ်သောင်းတစ်ထောင် ရှိပြီး ယခုနှစ်မှာ ထုတ်လုပ်မှု ၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအပြင် ဘက်ထရီအားသုံး လျှပ်စစ်မော်တာနှင့်မောင်းနှင်တဲ့ တစ်ခုတည်းသော ထရပ်ဘီလူးကြီးပါ။
Source AFP
#Electric_monster_truck
#Bigfoot_20
#Detroit_Auto_Show
#DailyNews
Published _ 20 September 2022
၁။ ရွှေလီမြို့ကို Lockdown ချထားသော်လည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ထိခိုက်မှုမရှိဟုဆို
၂။ ဆန်လက်လီ၊ လက်ကား ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၀၀၀၀၀ ဖြင့် ရောင်းချလျက်ရှိနေ
၃။ သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုသုတေသနပြတိုက် မကြာမီဖွင့်လှစ်မည်
၄။ ပင်လယ်ရေညစ်ညမ်းမှုလျှော့ချနိုင်ရန် ဗင်နီဇွဲလားတွင် ပလတ်စတစ်ဗူးအဖုံးများဖြင့် နံရံပန်းချီဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Health
Published 20 September 2022
အီး-စီးကရက် ပုံမှန်သောက်သုံးသူတွေဟာ အဆုတ်ထဲသို့သွားတဲ့ အသက်ရှူလမ်းကြောင်းတွေမှာ ပိတ်ဆို့လာတတ်ကြပြီး ရင်ကြပ်ကဲ့သို့ ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်းလူတွေကြား စီးကရက်အတုစက်တွေ ထင်ရှားကျော်ကြားလာကာ ရေရှည်သောက်သုံးသူတွေအနေနဲ့ အဆုတ်မှာပြင်းထန်စွာ ထိခိုက်စေနိုင်တယ်လို့ ဟားဗတ်ဒ်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
အမေရိကန်လူမျိုး ၁၀ ရာခိုင်နှုန်းနီးပါးနဲ့ အထက်တန်းကျောင်းသား ၄ ယောက်မှာ ၁ ယောက်နှုန်းက စီးကရက်အတု ပုံမှန်အသုံးပြုသူတွေဖြစ်ပါတယ်။
အစိုးရအဖွဲ့ကလည်း ဒီစက်တွေကို ပစ်မှတ်ထားနေပြီး လာမယ့်ဆယ်စုနှစ်များအတွင်း အဆုတ်နဲ့ပတ်သက်တဲ့ရောဂါများ အဖြစ်များလာမှာကို စိုးရိမ်နေကြပါတယ်။
ယခုတွေ့ရှိချက်တွေက အဆန်းတကြယ်မဟုတ်ပေမယ့် စီးကရက်အတုဟာ အဆုတ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေပြီး လူအများထင်ထားတာထက် ပိုပြီးအန္တရာယ်များကြောင်း မယ်ရီလန်း ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ ဒေါက်တာ'ပါနာဂျစ်ဂါလီယာဆာတိုစ်'က ပြောပြသွားပါတယ်။
စူးစမ်းလေ့လာချက်တွေအရ စီးကရက်အတုကြာရှည်သောက်သုံးရင် နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ တွေ့ရှိထားကြောင်း ဒေါက်တာ'ဒေးဗစ်ခရစ္စရှန်နီ'က ဆိုပါတယ်။
လေ့လာမှုအတွက် စီးကရက်အတုသုံးစွဲနေသူ ၄ ဦးကို လေ့လာခဲ့ရာ သုံးစွဲနေတာ ၃ နှစ်ကနေ ၈ နှစ်အတွင်းရှိနေပြီး ၄ ယောက်စလုံးမှာ နာတာရှည်အဆုတ်ရောဂါ တစ်မျိုးမျိုးရှိနေပါတယ်။
လူနာအားလုံး အဆုတ်ထိခိုက်မှုဖြစ်နေပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေကြပါတယ်။
ဒီလိုပိတ်ဆို့တဲ့အခါ အသက်ရှူထုတ်ရခက်ခဲလာကာ ချောင်းဆိုးဝေဒနာဖြစ်လာနိုင်ပါတယ်။
တစ်ခုရှိတာက ထိခိုက်မှုက ပြန်မကောင်းနိုင်တာတော့ မဟုတ်ပါဘူး။
စီးကရက်အတုသောက်ခြင်းကို တစ်နှစ်ကနေ သုံးနှစ်လောက်နားလိုက်ရင် အချို့ထိခိုက်မှုတွေက အလိုအလျောက်သက်သာတတ်ပါတယ်။
စိတ်ပူစရာရှိတာကတော့ ငယ်ရွယ်သူတွေသောက်သုံးတဲ့အခါ အရွယ်မရောက်ခင်မှာပဲ အဆုတ်ကိုပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။
အဆုတ်တွေက အသက် ၃၅ နှစ်လောက်အထိ ဖွံ့ဖြိုးနေတာကြောင့် စောစောစီးစီး အဆုတ်ထိခိုက်မယ်ဆိုရင် နာတာရှည်လူနာတွေ ဖြစ်သွားနိုင်ပါတယ်။
အမေရိကန်ရှိ ဆယ်ကျော်သက်တွေကြား စီးကရက်အတုသုံးစွဲမှု လတ်တလောနှစ်များအတွင်း မြင့်တက်လာပြီး ငယ်ရွယ်သူ ၂ သန်းခန့်လောက် သုံးစွဲနေကြပါတယ်။
စီးကရက်အစစ်တွေလို ကင်ဆာမဖြစ်နိုင်ပေမယ့် စီးကရက်အတုရဲ့အန္တရာယ်တွေကိုလည်း မသိကြပါဘူး။
သုံးစွဲမှုလျှော့ချနိုင်ရန်အတွက် FDA က အသီးအနံ့ပါဝင်တဲ့ စီးကရက်အတုများကို တားမြစ်လိုက်ကာ အရောင်းဆိုင်များမှ ယာယီရုတ်သိမ်းထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Military
Published 20 September 2022
ထိုင်ဝမ်ကျွန်းကို တရုတ်က ရေတပ်ဖြင့်လုံးဝပိတ်ဆို့ထားနိုင်လောက်တယ်လို့ အမေရိကန်ရေတပ်(၇)မှ ဒုဗိုလ်ချုပ်ကြီး'ကားလ်သောမတ်စ်'က The Wall Street ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ကြောင်း တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
"တရုတ်မှာ အင်အားများပြားလှတဲ့ ရေတပ်ကြီးရှိနေပြီးတော့ ထိုင်ဝမ်နားမှာ သင်္ဘောတွေနေရာချပြီး အနိုင်ကျင့်ချင်တယ်ဆိုရင် ကျင့်လို့ရလောက်တဲ့ အနေအထားပါ"လို့ ပြောကြားသွားပါတယ်။
တရုတ်ရေတပ်ဟာ အင်အားကြီးမားပြီး ခေတ်မီစွာတည်ဆောက်ထားသလို ပေကျင်းကနေလွှတ်နေတဲ့ စစ်သင်္ဘောတွေ ပိုပိုများလာကြောင်း၊ တရုတ်က ထိုင်ဝမ်ကို တကယ်ကျူးကျော်ဖို့ လုပ်နေတာလားဆိုတာ သေချာမသိနိုင်ကြောင်း 'သောမတ်စ်'က ရှင်းပြခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို တရုတ်ပိုင်နယ်မြေအဖြစ် မှတ်ယူထားကာ အင်အားပြည့်ကျူးကျော်လာမှာလား ဒါမှမဟုတ် ရေတပ်နဲ့ပိတ်ဆို့ထားမှာလား စောင့်ကြည့်သွားရမှာပါ။
"သိပ်ပြီး မထိခိုက်စေချင်ဘူးဆိုရင် သူတို့ရေတပ်နဲ့ ပိတ်ဆို့တာလောက်ပဲ လုပ်မယ်ဆိုတာ ရှင်းပါတယ်၊ ဒီလိုဆိုရင်တော့ နိုင်ငံတကာကလည်း ပါဝင်လာနိုင်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ အတူတကွဆောင်ရွက်နိုင်မှာပါ" လို့ ရှင်းပြသွားပါတယ်။
ထိုင်ဝမ်အနောက်တောင်ဘက်သို့သွားရာ အသွားအလာများတဲ့ တောင်တရုတ်ပင်လယ်မှာလည်း တရုတ်က စစ်တပ်အင်အားဖြည့်တင်းထားပါတယ်။
အဆိုပါရေလမ်းကြောင်းတလျှောက်မှာရှိတဲ့ ကျွန်းတွေကို စစ်အုပ်ချုပ်ရေးအောက် သိမ်းသွင်းထားပြီလို့လည်း ထောက်ပြလိုက်ပါတယ်။
"သူတို့ဆီမှာ ကတုတ်ကျင်းတွေရှိတယ်၊ လောင်စာဆီအလုံအလောက်ရှိတယ်၊ တပ်တွေအတွက် နေစရာတွေရှိတယ်၊ ဒုံးကျည်တွေ၊ ရေဒါစနစ်တွေ၊ အာရုံခံစနစ်တွေ ရှိပါတယ်" အမေရိကန်- တရုတ်ဆက်ဆံရေးအကြား ထိုင်ဝမ်ကပြဿနာတစ်ရပ်ဖြစ်နေတာဟာ ဆယ်စုနှစ်တွေ ကြာနေပါပြီ။
ဩဂုတ်လအတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးနောက် တရုတ်ဘက်က တင်းမာမှုတွေပိုပြီးမြင့်တက်ခဲ့ပါတယ်။
တရုတ်က အကြိမ်ကြိမ်သတိပေးထားတဲ့ကြားက 'ပယ်လိုစီ'ဟာ လျစ်လျူရှုခဲ့တာဖြစ်ပြီး ၂၅ နှစ်ကာလအတွင်း အမေရိကန်ဘက်မှ ရာထူးဩဇာအမြင့်ဆုံးပုဂ္ဂိုလ်တစ်ယောက်က ထိုင်ဝမ်ကျွန်းကို ပထမဆုံးလာရောက်ခဲ့တာဖြစ်ပါတယ်။
တရုတ်အမျိုးသားရေးဝါဒီများက ပြည်တွင်းစစ်အတွင်း ကွန်မြူနစ်တွေကိုရှုံးနိမ့်ခဲ့ပြီးနောက် ပြည်မကြီးကနေ ထွက်ခွာလာကာ ၁၉၄၉ ခုနှစ်ကတည်းက ထိုင်ဝမ်ကျွန်းမှာ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့ပါတယ်။
အမေရိကန်တိုက ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ တရုတ်တစ်သွေးတစ်သံတည်းမူဝါဒကို တရားဝင်အသိအမှတ်ပြုထားသလို ထိုင်ဝမ်နဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့ပါတယ်။
တရုတ်ကတော့ ပြန်လည်ပေါင်းစည်းရေးအတွက် အကြိမ်ကြိမ်အသိပေးထားခဲ့ပြီး လိုအပ်လာရင် အင်အားသုံးမယ့် အခြေအနေရှိနေပါတယ်။
#Source: RT
#Yangon_Media_Group
#World_Health
Published 20 September 2022
သွေးတွင်းသကြားဓာတ်ကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးပြီး ဆီးချိုရောဂါပါ ကုသနိုင်ဖွယ်ရှိတဲ့ အသုံးများတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးကို သိပ္ပံပညာရှင်များ ဖော်ထုတ်ခဲ့ကြပါတယ်။
ကြက်သွန်နီညှစ်ပြီး ရရှိတဲ့အရည်ဟာ မက်ဖော်မင်ပါဝင်တဲ့ ဆီးချိုပျောက်ဆေးတွေနဲ့ တွဲအသုံးပြုတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏနဲ့ ကိုလက်စ်ထရောပမာဏတို့ကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဆီးချိုရောဂါဒုတိယအမျိုးအစား ဖြစ်တဲ့လူတွေမှာ ပန်ကရိယကနေ အင်ဆူလင်အလုံအလောက်မထုတ်လုပ်နိုင်ဘဲ သွေးတွင်းသကြားဓာတ်အလွန်မြင့်မားလာပါတယ်။
ယနေ့ခေတ်နေထိုင်စားသောက်မှုပုံစံအရ ဆီးချိုရောဂါဟာ ကမ္ဘာတဝှမ်းရှိ လူအများအပြားမှာ ဖြစ်ပွားနေကြပါပြီ။
လတ်တလော အစ္စရေးလ်မှာဆိုရင် ဆီးချိုရောဂါရှိသူ ၅၅၀,၀၀၀ နီးပါးရှိနေပြီး ရောဂါအစပျိုးနေသူ ၅၅၀,၀၀၀ ရှိနေပါတယ်။
ဆီးချိုရောဂါနဲ့ အသက်အန္တရာယ်ကို အဟာရဓာတ်ပုံမှန်စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
ကြက်သွန်နီက ဈေးကြီးတဲ့ပစ္စည်းမဟုတ်သလို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အဟာရဖြည့်စွက်စာအဖြစ် သုံးစွဲနိုင်တဲ့အပြင် ဆီးချိုကိုလည်း ကုသနိုင်ချေရှိနေကြောင်း နိုက်ဂျီးရီးယားမှ ဒေါက်တာ'အန်သိုနီအိုဂျီယာ'က ရှင်းပြခဲ့ပါတယ်။
သုတေသီတွေက ဒီကိစ္စအတွက် ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။
ဆီးချိုရောဂါအခြေအနေရှိနေတဲ့ ကြွက်တွေကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ကြက်သွန်နီရည်ပမာဏ အမျိုးမျိုးပေးခဲ့ပြီး ဆေးရဲ့အာနိသင်စွမ်းရည်ကို လေ့လာခဲ့ကြပါတယ်။
ဒါ့အပြင် ဆီးချိုမရှိတဲ့ကြွက်တွေမှာလည်း ဆေးနဲ့ ကြက်သွန်နီတိုကို အသုံးပြုစေခဲ့ပါတယ်။
အဲဒီထဲကမှ ကြက်သွန်နီရည်အများဆုံးပမာဏပေးခဲ့တဲ့ ဆီးချိုကြွက်တွေမှာ သွေးတွင်းသကြားဓာတ်က ၅၀ ကနေ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
ဆီးချိုမရှိတဲ့ကြွက်တွေမှာတော့ ကြက်သွန်နီရည်ကြောင့် ကိုယ်အလေးချိန်ပြည့်ဖြိုးလာစေပါတယ်။
ကြက်သွန်နီက ကယ်လိုရီနည်းပေမယ့် ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်ကို အားပေးကာ ဆာလောင်စိတ်ကိုဖြစ်ပေါ်စေတာကြောင့် အစားပိုစားဖြစ်တယ်လို့ 'အိုဂျီယာ'က ရှင်းပြထားပါတယ်။
ကြက်သွန်နီကထုတ်ယူတဲ့အရည်ဟာ ဘာလိုသွေးထဲကဂလူးကိုစ်ဓာတ်ကို လျှော့ချပေးနိုင်တာလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ နောက်ထပ်လေ့လာရဦးမှာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 19 Sept 2022
၁၉ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကြီးကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ သောကြာနေ့မှ တနင်္လာနေ့အထိ ကျင်းပခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅၉.၀၂ ဘီလျံနှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၄၁၃ ဘီလျံတန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၆၇ ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ RCEP အခွင့်အလမ်းသစ်တွေမျှဝေ၊ တရုတ်-အာဆီယံလွတ်လပ်ကုန်သွယ်ဒေသဗားရှင်း-၃ တည်ဆောက်” ဆိုတဲ့ အာဘော်နှင့် ပြသတဲ့ ဒီနှစ်ကုန်စည်ပြပွဲကြီးဟာ ၂၀၂၁ခုနှစ် ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟောမိတ်ဖက်ပြုခြင်းနှင့် ဒေသဆိုင်ရာ ကျယ်ပြန့်သောစီးပွားမိတ်ဖက် RCEP အစီအစဉ်များကြေညာအပြီး ပထမဆုံးကျင်းပတဲ့ကုန်စည်ပြပွဲဖြစ်ပါတယ်။
အဲဒါကြောင့် တရုတ်-အာဆီယံ လွတ်လပ်ကုန်သွယ်ဧရိယာနှင့် RCEP ပြခန်းကို ပထမဆုံးပြသထားပါတယ်။ တရုတ်နို်ငံနှင့် အာဆီယံတို့အကြား ပို့ကုန်နှင့်သွင်းကုန်ပမာဏတွေဟာ ဒီနှစ်ပထမ(၈)လအတွင်း ၁၄ရာခိုင်နှုန်းနှင့် ၇.၅ ရာခိုင်နှုန်းစီ အသီးသီးတိုးတက်လာတယ်လို့ တရုတ် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန ရဲ့ ကိန်းဂဏန်းအချက်အလက်များအရ သိရပါတယ်။
RCEP ရဲမူဘောင်အောက်မှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖိုရှန်းမြို့ကနေ အာဆီယံနိုင်ငံတွေအကြား ပို့ကုန်သွင်းကုန်တန်ဖိုးဟာ ၁၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
“ဇန်နဝါရီကနေ ဩဂုတ်အထိ ဖိုရှန်းအကောက်ခွန်ဌာနဟာ RCEP ရဲ့အောက်ကနေ အမေရိကန်ဒေါ်လာ ၂၂၂ သန်းရှိတတဲ့ ၄၅၅၇ လက်မှတ်တွေထုတ်ပေးခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ အခွန်ငွေနှင့် အုပ်ချုပ်ရေစရိတ်စကစုစုပေါင်း ယွမ်ငွေ ၃၅.၆ သန်း သက်သာခဲ့ပါတယ်” လို့ ဖိုရှန်အကောက်ခွန်ဌာနမှ အရာရှိ ဝမ်ချင်းက ပြောပါတယ်။
ပထမ(၇)လမှာ ကွမ်ရှီးနှင့် ဘရူးနိုင်း၊မြန်မာ ၊ကမ္ဘောဒီးယားတို့အကြား ပို့ကုန် ၃၇၄.၇ ရာခိုင်နှုန်းနှင့် သွင်းကုန် ပမာဏ ၁၆၈.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပါတယ်။ ကွမ်ရှီးဟာ အာဆီယံနိုင်ငံတွေဆီက သစ်သီးတန်ချိန်ပေါင်း (၃)သိန်း(၅)သောင်း လေးထောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးရှိနေသည့်ကြားထဲက RCEP အဖွဲ့ဝင်နိုင်ငံတွေအကြား ပို့ကုန်သွင်းကုန်တွေ တိုးတက်လာနေပါတယ်။ ဒါဟာ ဒေသတွင်းစီးပွားရေးတွေဟာ ကြံ့ကြံခံနိုင်တယ်ဆိုတာနှင့် ဒေသတွင်း ထောက်ပို့ကွင်းဆက်ကို ခိုင်မာစေဖို့ RCEPရဲ့ အပြုသဘောအခန်းကဏ္ဍကိုပြသနေတာဖြစ်ပါတယ်။
“ RCEP ရဲ့အကျိုးရလာဒ်တွေဟာ ပိုပြီးသိသာထင်ရှားလာတယ်။ RCEPဟာ ပွင့်လင်းမှု၊အားလုံးပါဝင်မှုနှင့် ရလာဒ်ခွဲဝေခံစားမှုဆိုတဲ့ အခြေခံသဘောတရားအပေါ်ရပ်တည်ထားတယ်။ ဒေသထဲက ဖွံ့ဖြိုးပြီးနိုင်ငံတွေသာမက ဖွံဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေအတွက်ပါ အကျိုးရှိစေပါတယ်” လို့ တရုတ်(ဟိုင်နန်) ပြုပြင်ပြောင်းလဲရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ချီဖုလင်က ပြောကြားပါတယ်။
Source: CCTV+
#China_ASEAN_Expo
#RCEP
#China_ASEAN_FTA
Page 634 of 864