#World_News
Published 14 October 2023
အစ္စရေးလ်တို့က ဂါဇာမြို့ကို မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်လာရန်ရှိတဲ့အတွက် အရပ်သား ၁ သန်းခန့်ကို ဂါဇာမြို့တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် အစ္စရေးလ်စစ်တပ်က မှာကြားလိုက်သဖြင့် ပါလက်စ်တိုင်းအရပ်သားတွေဟာ သောကြာနေ့က ဂါဇာမြောက်ပိုင်းကနေ လူအလုံးအရင်းဖြင့် ထွက်ပြေးလာကြပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ဂါဇာလူဦးရေ တဝက်ခန့်ဟာ စစ်ဘေးဒဏ်ကြုံတွေ့ရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပြီး တိုက်ခိုက်မှုပြုလုပ်မယ့် အစီအစဥ်ကို ပြောင်းလဲပေးရန် အစ္စရေးလ်ကို တိုက်တွန်းလိုက်ပါတယ်။
ဂါဇာမြို့ကို တစ်နေ့လုံး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် မိသားစုတွေက ကားတွေ၊ ထရပ်ကားတွေ၊ မြည်းလှည်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို ထုပ်ပိုးသယ်ဆောင်ပြီး မြို့အထွက်လမ်းမကြီးအတိုင်း ထွက်ပြေးနေကြပါတယ်။
စစ်လေယာဥ်တွေက တောင်ပိုင်းသို့ ထွက်ပြေးနေတဲ့ ကားတွေကို ပစ်ခတ်ခဲ့ရာ လူ ၇၀ ကျော်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်မီဒီယာရုံးမှ ဆိုလိုက်ပါတယ်။
အစ္စရေးလ်တပ်တွေကတော့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ မြို့ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဟားမတ်စ်တို့ ပြန်ပေးဆွဲသွားတဲ့ ဓားစာခံ ၁၅၀ ခန့်ကို ရှာဖွေဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။
အစ္စရေးလ်တပ်များက ဂါဇာမြို့နားတဝိုက်ရှိ ဟားမတ်စ်တို့ရဲ့ မြေအောက်ပုန်းခိုရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဥ်နေတာ ဖြစ်ပါတယ်။
ဟားမတ်စ်တွေက အစ္စရေးလ်တို့ ထွက်ပြေးခိုင်းတာကို အရေးမထားဖို့ ပါလက်စ်တိုင်းပြည်သူတွေကို ပြောကြားလိုက်ပေမယ့် ဂါဇာမှလူတွေက အရေးမနိုင်နိုင်တော့တာကို မြင်တွေ့နေရပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။
အစ္စရေးလ်ဘက်က ပိတ်ဆို့ထားမှုကြောင့် ဂါဇာမှာ အစားအစာ၊ ရေ၊ ဆေးဝါးများ မရရှိတော့သလို လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်နေကာ အစိုးရိမ်ရဆုံးက သေမလား ရှင်မလားဆိုတာပဲဖြစ်နေပါတယ်။
ဂါဇာသို့ အစ္စရေးလ်တပ်များ ကျူးကျော်ပြီးနောက် ပြန်လည်ဆုတ်ခွာလာခဲ့ပါတယ်။
ထွက်ပြေးရန် အမိန့်ပေးလိုက်တာဟာ အစ္စရေးလ်တို့ မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မယ့် အလားအလာ ရှိနေပြီး ဂါဇာနယ်စပ်တလျှောက် တပ်အင်အား တိုးချဲ့နေပါတယ်။
ဟားမတ်စ်တွေကို ဖျက်ဆီးသွားမှာဖြစ်ပြီး ဒါဟာ အစပဲရှိသေးကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက သောကြာနေ့မိန့်ခွန်းမှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အရပ်သားများ ထိခိုက်ခြင်းမရှိစေရန် စစ်တပ်က အထူးကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စစ်ပွဲပြီးဆုံးပါက ပြန်လာခွင့်ရှိကြောင်း အစ္စရေးလ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ကွန်ရီကပ်စ်က ပြောပြသွားပါတယ်။
ဟားမတ်စ်တို့ဟာ ပါလက်စ်တိုင်းပြည်သူတွေကို လူသားဒိုင်းများအဖြစ် အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲနေတာ ကြာခဲ့ပြီဖြစ်ပြီး ဟားမတ်စ်စစ်သွေးကြွတွေနဲ့ အရပ်သားတွေကို အစ္စရေးလ်က ခွဲခြားချင်နေတာဖြစ်ကြောင်း၊ ဒါကြောင့် အသက်ရှင်ချင်သူတွေအနေနဲ့ တောင်ပိုင်းသို့ သွားရောက်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ပြောကြားခဲ့ပါတယ်။
#World_News #ပါလက်စ်တိုင်း #ဂါဇာမြောက်ပိုင်း #Source: AP News
#World_Science
Published 14 October 2023
ယခုနှစ်အတွင်း အန္တာတိကအထက်ရှိ အိုဇုန်းလွှားအပေါက်ကြီးဟာ မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်လာကြောင်း ဂြိုဟ်တုအချက်အလက်များအရ သိရပါတယ်။
ဒါဟာ ၂၀၂၂ အစောပိုင်းက တွန်ဂါရေအောက်မီးတောင် ပေါက်ကွဲခဲ့ခြင်းကြောင့် ဒီလိုအပေါက်ကြီး ဖြစ်လာနိုင်တယ်လို့ ပညာရှင်များ ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ရေအောက်မီးတောင်ကြီးကြောင့် တွန်ဂါလှုပ်ခတ်သွားပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ သတိပေးချက်များ ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါမီးတောင်ကြီး ပေါက်ကွဲမှုကြီးကို ဂြိုဟ်တုပုံရိပ်တွေကနေ မြင်တွေ့ခဲ့ရကာ လေထဲသို့ မီးခိုးများ ပြာမှုန်များ လွင့်တက်နေခဲ့ပါတယ်။
၂၀၂၃ စက်တင်ဘာ ၁၆ ရက်နေ့မှာ အိုဇုန်းလွှာအပေါက်က စတုရန်းကီလိုမီတာ ၂၆ သန်း အရွယ်အစားနီးပါး ရှိလာကြောင်း ESA ရဲ့ Copernicus Sentinel-5P ဂြိုဟ်တုဖြင့် တွေ့ရှိခဲ့ပါတယ်။
ဒါဟာ တွေ့ဖူးသမျှထဲမှာ အကြီးမားဆုံး အိုဇုန်းလွှာအပေါက်ကြီး ဖြစ်နေပြီး ယခင်အကြီးဆုံးက ၂၀၀၀ ခုနှစ်မှာ စတုရန်းကီလိုမီတာ ၂၈.၄ သန်းဖြစ်ခဲ့ဖူးပါတယ်။
ယခု အိုဇုန်းမရှိတဲ့ အပေါက်ကြီးရဲ့ အရွယ်အစားဟာ ဘရာဇီးလ်နိင်ငံ အရွယ်အစားရဲ့ ၃ ဆလောက်ရှိနေတယ်လို့ သိပ္ပံပညာရှင်များ ဆိုကြပါတယ်။
ဝင်ရိုးစွန်းလေပွေက စတင်အားနည်းလာပြီး ကမ္ဘာ့တောင်ဘက်ခြမ်း အပူချိန်က စတင်မြင့်မားနေပါတယ်။
ဒီဇင်ဘာလကုန်လောက်မှာ အိုဇုန်းလွှာအခြေအနေ ပုံမှန်ပြန်ဖြစ်လာမယ်လို့ ESA က ခန့်မှန်းလိုက်ပါတယ်။
အိုဇုန်းလွှာဟာ အခြေခံအားဖြင့် ကမ္ဘာမြေရဲ့ လေထုအပေါ်လွှာဖြစ်ပြီး နေရဲ့ ခရမ်းလွန်ရောင်ခြည် အများစုကို စုပ်ယူပေးပါတယ်။
ကမ္ဘာ့လေထုကို တိုင်းတာစောင့်ကြည့်ရန် ရည်ရွယ်တဲ့ Copernicus Sentinel-5P ဂြိုဟ်တုကို အသုံးပြုခြင်းဖြင့် မြေပြင်အချက်အလက် တိုင်းတာမှုများနဲ့ ယှဥ်ရင် ပိုမိုတိကျကာ အိုဇုန်းလွှာကို အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
#World_Science #ဘရာဇီးလ်နိုင်ငံ #အိုဇုန်းလွှာ #Source: WION
#World_Health
Published 14 October 2023
ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အဏုဇီဝ အာဟာရဓာတ် ဇင့်နဲ့ အူထဲရှိ အာရုံခံပရိုတိန်းတစ်မျိုးတို့ကြား ဆက်စပ်မှုကို လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
ဒီဆက်စပ်မှုကနေ အစာအိမ်ရောဂါ အမျိုးမျိုး ထိန်းချုပ်ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
ပရော်ဖက်ဆာ ခရစ္စတာဟော့စထရန်း ဦးဆောင်တဲ့ နိုင်ငံတကာ သုတေသနအဖွဲ့က လူသားနဲ့ ကြွက်တို့မှ ပင်မစတမ်ဆဲလ်များဖြင့် အစာအိမ်အူလမ်းကြောင်း အသေးစား ဖန်တီးခဲ့ကြပါတယ်။
ထိုလေ့လာချက်မှာ အစာအိမ်ထဲရှိ အာဟာရဓာတ်များ၊ ဆေးဝါးများ၊ အဆိပ်အတောက်များကို တုန့်ပြန်စေတဲ့ AHR အာရုံခံပရိုတိန်းနဲ့ ဇင့်တို့ရဲ့ အခန်းကဏ္ဍများကို လေ့လာတာဖြစ်ပါတယ်။
ဇင့်ကြွယ်ဝသော အစားအစာများ စားရတဲ့ ကြွက်တွေမှာ AHR လှုံ့ဆော်မှု များပြားပြီး အစာအိမ်ရောင်ရမ်းခြင်း လက္ခဏာတွေ သက်သာစေခဲ့ကာ ဇင့်ချို့တဲ့တဲ့ ကြွက်တွေကတော့ AHR လှုံ့ဆော်မှုအပိုင်းမှာ အကျိုးကျေးဇူး မရရှိခဲ့ပါဘူး။
AHR ကိုလှုံ့ဆော်ပေးတဲ့ ဇီဝသတ္တိကြွ ဒြပ်ပေါင်းတွေနဲ့ ဇင့်ဖြည့်စွက်စာများဟာ ထိုကဲ့သို့ရောဂါမျိုးကို ထိန်းချုပ်နိုင်စွမ်းရှိနေပါတယ်။
အူအစာအိမ်ရဲ့ အဓိကလုပ်ဆောင်ချက်တစ်ခုက ရောဂါပိုးမွှားများထံမှ တားဆီးပေးတဲ့ အကာအကွယ်တစ်ခု ဖြစ်ပါတယ်။
အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခု ဖြစ်ပွားတဲ့အခါ ထိုရောဂါပိုးမွှားများကို မကာကွယ်နိုင်တော့ဘဲ ရောင်ရမ်းခြင်း၊ အတွင်းအင်္ဂါထိခိုက်ခြင်း၊ ရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းတို့ ဖြစ်လာစေပါတယ်။
အစာအိမ်အူလမ်းကြောင်း ပြဿနာဖြစ်တဲ့အခါ စားသုံးသင့်တဲ့ ဇင့်ပါဝင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
- ကြက်ဥ
ကြက်ဥမှာ ဇင့်ပမာဏ သင့်တင့်စွာပါဝင်ပြီး ကြက်ဥကြီးတစ်လုံးမှာ နေ့စဥ်လိုအပ်ချက်ရဲ့ ၅ ရာခိုင်နှုန်းခန့် ပါဝင်နေပါတယ်။
- အခွံမာသီးများနှင့် အစေ့များ
ဗာဒံသီးနဲ့ သီဟိုဠ်စေ့တို့မှာ ဇင့်ပမာဏ အများအပြားပါဝင်ပါတယ်။
လျှော်စေ့ ၃ ဇွန်းမှာ ဇင့် ၃ မီလီဂရမ်ပါဝင်ပြီး ဖရုံစေ့ ၁ အောင်စမှာ ဇင့် ၂.၂ မီလီဂရမ်ပါဝင်ပါတယ်။
နှမ်းစေ့၊ မြေပဲတို့ဟာလည်း ဇင့်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
- ပဲအမျိုးမျိုး
ပဲတွေမှာ အမျှင်ဓာတ်နဲ့ ပရိုတိန်းသာမက ဇင့်လည်း ပါဝင်ပါတယ်။
ထိုပဲတွေထဲမှာ ပဲနီလေး၊ ကုလားပဲ၊ ပဲစေ့တို့ ပါဝင်ပါတယ်။
- ကြက်သား
ကြက်သားမှာ အခြားအာဟာရဓာတ်များအပြင် ဇင့်လည်း ပါဝင်ပါတယ်။
ဇင့်ပါဝင်တဲ့ အခြားစားစရာတွေထဲမှာ ဒိန်ချဥ်၊ ကမာကောင်၊ ချောကလက်နက်တို့ ပါဝင်ပါတယ်။
#World_Health #ဇင့်ချို့တဲ့ခြင်း #အစာအိမ်အူလမ်းကြောင်းပြဿနာ #ဇင့်ကြွယ်ဝသည့်စားစရာများ
#Source: India Today
ရှန်ဟိုင်း၊ တရုတ်ယူနန်အနောက်တောင်ဘက် မြို့တော်ကူမင်း၊ လာအိုမြို့တော် ဗီယန်ကျင်းတို့ကို ဆက်သွယ်ထားတဲ့ ကုန်တင်ရထားဝန်ဆောင်မှု လမ်းကြောင်းဟာ တနင်္ဂနွေနေ့မှာ စတင်ပြေးဆွဲလိုက်ပြီ ဖြစ်ပါတယ်။
Published_ 13 October 2023
#Asia_Transport
#တရုတ်နှင့်လာအို #ကုန်တင်ရထားလမ်းသစ်ဖွင့်လှစ်
#Daily_News
Published_ 13 October 2023
၁။ မိုးမပြတ်သေး၍ ဧရာဝတီ၊ ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများ တိုးမည်ဖြစ်သော်လည်း စိုးရိမ်စရာမရှိဟုဆို
၂။ လှည်ကူးမြို့နယ်အတွင်း ငါးရက်ကြာသည်အထိ ရေပြန်မကျသေးတာကြောင့်ရေဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးစခန်းများတွင်သာနေထိုင်ရ
၃။ မြန်မာ MOU လုပ်သားများကို နယ်စပ်လမ်းကြောင်းအပြင် လေကြောင်းမှလည်း စေလွှတ်နိုင်ရေးဆွေးနွေးနေ
၄။ တရုတ်နှင့်လာအိုချိတ်ဆက်ထားသည့် ကုန်တင်ရထားလမ်းသစ်စတင်ဖွင့်လှစ်ပြေးဆွဲ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 13 October 2023
အစ္စရေးလ်ရဲ့ တိုက်ခိုက်မှုများကြောင့် ဆီးရီးယား အဓိကလေဆိပ် ၂ ခု ကြာသပတေးနေ့က လည်ပတ်မှုယန္တရား ရပ်ဆိုင်းသွားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြလိုက်ပါတယ်။
ဒါဟာ ပါလက်စ်တိုင်းမှ ဟားမတ်စ်စစ်သွေးကြွများ အစ္စရေးလ်ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် အပြင်းအထန် ပစ်ခတ်နေတဲ့ ရက်ပိုင်းအတွင်း ပထမဆုံး တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။
အစ္စရေးလ်တို့ အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ဆီးရီးယားအစိုးရမှ ထိန်းချုပ်ထားတဲ့ ဆီးရီးယားမြို့တော် ဒါမတ်စ်ကပ်စ်နဲ့ မြောက်ပိုင်းမြို့အလက်ပိုတို့ရှိ လေဆိပ်တွေမှာ လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခဲ့ရပါတယ်။
လေဆိပ်နှစ်ခုစလုံးမှာ တပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဥ်ဆင်းသက်ရာ လမ်းကြောင်းများ ထိခိုက်ပျက်စီးခဲ့ကာ ယန္တရားလည်ပတ်မှု ရပ်ဆိုင်းလိုက်ရကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဟားမတ်စ်စစ်သွေးကြွ သေနတ်သမား ရာဂဏန်းခန့်ဟာ စနေနေ့က ဂါဇာနယ်စပ်ကို ချိုးဖောက်ကာ အစ္စရေးလ်ဘက်သို့ ဝင်ရောက်လာပြီး အရပ်သားအများစု ပါဝင်တဲ့ လူပေါင်း ၁,၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီးနောက် ဟားမတ်စ်နဲ့ အစ္စရေးလ်တို့ အပြန်အလှန် ပစ်ခတ်နေကြတာ ၆ ရက်မြောက် ရှိလာပါပြီ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အစ္စရေးလ်သို့ ရောက်ရှိခဲ့ပြီး အီရန်သမ္မတ အီဘရာဟင်ရစ်ဆီနဲ့ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အက်ဆက်ဒ်တို့ တယ်လီဖုန်းပြောဆိုကာ အာရပ်နဲ့ အစ္စလာမ်နိုင်ငံများအနေဖြင့် အစ္စရေးလ်ကို ပူးပေါင်းရင်ဆိုင်ဖို့ တောင်းဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အခုလို ဆီးရီးယားဘက်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံပိုင် မီဒီယာရဲ့ အဆိုအရ ဆီးရီးယားကို တိုက်ခိုက်တာဟာ ဂါဇာမှာ ဟားမတ်စ်တို့နဲ့ ပဋိပက္ခဖြစ်နေရာကနေ အစ္စရေးလ်တို့ အာရုံလွှဲဖို့ ကြိုးပမ်းတာဖြစ်နိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း ဆယ်စုနှစ်တစ်ခုကျော် စစ်ပွဲဖြစ်ပွားနေစဥ် အစ္စရေးလ်တို့က လေကြောင်းတိုက်ခိုက်မှုပေါင်း ရာနဲ့ချီပြုလုပ်ခဲ့ကာ အီရန်ကျောထောက် နောက်ခံပြု တပ်များ၊ လက်ဘနွန် ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ၊ ဆီးရီးယားစစ်တပ် အခြေချစခန်းများကို အဓိကပစ်မှတ်ထားခဲ့ပါတယ်။
ဆီးရီးယားအပေါ် တိုက်ခိုက်မှုများအကြောင်း အစ္စရေးလ်ဘက်က မှတ်ချက်ပြုခြင်း မရှိပေမယ့် အီရန်အနေဖြင့် ဆီးရီးယားအစိုးရကို ထောက်ပံ့တာမျိုး ခွင့်မပြုနိုင်ဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ဖူးပါတယ်။
ဟားမတ်စ်တို့ကို့ ထောက်ပံ့ကူညီထားတဲ့ အီရန်ဟာ အစ္စရေးလ်ဘက်ကို တိုက်ခိုက်ရာမှာ မပတ်သက်ဘူးလို့ ဆိုထားပေမယ့် အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး စနေနေ့က အောင်ပွဲခံခဲ့ပါတယ်။
#World_News #အစ္စရေးလ် #ဆီးရီးယား #လေဆိပ်နှစ်ခုလည်ပတ်မှုရပ်တန့် #Source: NDTV
#World_Health
Published 13 October 2023
ကိုလက်စ်ထရောလ်များခြင်းအတွက် ဆေးသောက်သုံးသူတွေမှာ မကောင်းတဲ့ LDL ကိုလက်စ်ထရောလ်က ၂၁ မှတ်ခန့်လျော့ကျသွားပေမယ့် အရွယ်ရောက်ပြီးသူတွေမှာ ကိုလက်စ်ထရောလ် မြင့်မားနေတဲ့သူတွေ များပြားနေဆဲ ဖြစ်ပါတယ်။
ကိုလက်စ်ထရောလ် များပါက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါတို့ ဖြစ်နိုင်ချေ များပါတယ်။
ကိုလက်စ်ထရောလ် ပမာဏလျော့ကျစေရန် ဆေးဝါးများအပြင် ဖြည့်စွက်စာများလည်း စားသုံးနိုင်ပါတယ်။
- တစေးနီထမင်း
စပါးပင်တွေမှာ ကြီးထွားတဲ့ တစေးတစ်မျိုးနဲ့ ထမင်းကို ရောနှောထားတာဖြစ်ပါတယ်။
မိုနာကိုလင်-ကေ ဆိုတဲ့ စွမ်းအားမြင့် စတက်တင်တစ်မျိုး ပါဝင်ကာ LDL ကိုလက်စ်ထရောလ်ကို လျှော့ချပေးပါတယ်။
သာမန်အားဖြင့် စားသုံးဖို့ဘေးကင်းပေမယ့် စတက်တင်ဆေးတွေလိုမျိုး အစာအိမ် မအီမသာဖြစ်ခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
- ဂေါ်ဖီထုပ်ကဲ့သို့ အရွက်ထုပ်ဟင်းရွက်
ထိုအရွက်မှ ညှစ်ထုတ်ရရှိတဲ့အရည်မှာ ဆင်နာရင်ဒြပ်ပေါင်း ပါဝင်ပြီး သည်းခြေရည် စီးဆင်းမှုကို အားကောင်းစေကာ ကိုလက်စ်ထရောလ်ကို ကူညီရှင်းလင်းပေးပါတယ်။
- အပင်စတီရောလ်များ
အစေ့အဆန်ပင်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ဟင်းရွက်ဆီများမှာ ပါဝင်တဲ့ ဖိုင်တိုစတီရောလ်များက ကိုလက်စ်ထရောလ်ပမာဏကို လျှော့ချပေးပါတယ်။
ဖိုင်တိုစတီရောလ် ၂ ဂရမ် နေ့စဥ်စားသုံးခြင်းဖြင့် LDL ကိုလက်စ်ထရောလ် ၁၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရပြီး စတက်တင်၊ အက်ဇီတီမိုက်ဆေးတွေ သုံးစွဲနေရတဲ့သူတွေမှာလည်း အကျိုးရှိစေပါတယ်။
- ဒိန်ရည်ပရိုတိန်း
ဒိန်ရည်ပရိုတိန်း ဖြည့်စွက်စာတွေဟာလည်း ကိုလက်စ်ထရောလ်ကို ကျစေတယ်လို့ တွေ့ရှိထားပါတယ်။
အမှုန့်ဖျော်သောက်မယ်ဆိုရင်တော့ သကြားဓာတ်နည်းအောင် ရွေးချယ်သောက်သုံးသင့်ပါတယ်။
- Psyllium အမျှင်
အမျှင်ဖြည့်စွက်စာများဟာ Psyllium၊ မီသိုင်းဆဲလူးလို့စ်၊ ဒိန်ရည်ဒက်စ်ထရို့စ်၊ ကယ်လ်စီယမ် ပိုလီကာဘိုဖီလ်အနေဖြင့် စားသုံးနိုင်ပါတယ်။
Psyllium ပုံမှန်သုံးစွဲခြင်းဖြင့် ကိုလက်စ်ထရောလ် လျော့ကျစေတဲ့အပြင် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဆီးချိုလူနာတွေမှာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။
- နိုင်ယာစင်
ဗိုက်တာမင်-ဘီ၃လည်းဖြစ်တဲ့ နိုင်ယာစင်ကို ကိုလက်စ်ထရောလ်များတဲ့ လူတွေမှာ အသုံးပြုပါတယ်။
ကောင်းတဲ့ HDL ကိုလက်စ်ထရောလ်တွေကို များစေပြီး သွေးကြောပိတ်ဆို့စေတဲ့ ထရိုင်ဂလစ်စရိုက်တွေကို လျော့နည်းစေပါတယ်။
- ပိုက်ဆံလျှော်စေ့
လျှော်စေ့တွေမှာ အမျှင်ဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး အစေ့တစ်ခုလုံးကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာကြောင့် အဆီ ဒါမှမဟုတ် ထုခွဲပြီးသားကို စားသုံးတာ အကောင်းဆုံးဖြစ်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။
ကိုလက်စ်ထရောလ်များတဲ့ သူတွေက ဆေးဝါး၊ သဘာဝစားစရာတွေကိုသာ မှီခိုမနေသင့်ဘဲ ကျန်းမာရေး ပညာရှင်များနဲ့လည်း တိုင်ပင်သင့်ပါတယ်။
ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ မှီဝဲပေးဖို့ကလည်း အရေးကြီးနေပါတယ်။
#World_Health #ကိုလက်စ်ထရောလ် #သဘာဝအတိုင်းကျဆင်း
Source: New York Post
Page 431 of 965