#Daily_News
Published_ 14 March 2024
၁။ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမြန်မာ-ဆီးရီးယားပွဲစဥ် ရက်ပိုင်းအတွင်းကန်မည်၊ သုဝဏ္ဏကွင်းနှင့်ရုပ်သံလိုင်း၌တိုက်ရိုက်ကြည့်ရှုနိုင်
၂။ ပို့ကုန်မူဝါဒဖြေလျော့ပေးသည့်အတွက် ပြောင်းဈေးအနည်းငယ်ပြန်တက်
၃။ တညင်းကုန်းလက်ကားဈေးတွင် မကြာခင်ဖွင့်လှစ်တော့မည့် ဈေးရုံအမှတ်(၅) ရှိ ဆိုင်ခန်းနေရာများကို မတ်လ ၁၇ ရက်တွင် မဲနှိုက်ရွေးချယ်ပေးသွားမည်ဟုဆို
၄။ အီရန်နိုင်ငံမှသဘာဝဓာတ်ငွေ့ဖိအားတိုးမြှင့်ထုတ်လုပ်ရန် ကန်ထရိုက်တာများနှင့်ရေနံဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 14 March 2024
နေတိုး(NATO) မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်ပြီဖြစ်တဲ့ ဖင်လန်နိုင်ငံနယ်စပ်အနီးမှာ တပ်ဖွဲ့များနဲ့ တိုက်ခိုက်ရေးစနစ်များ ဖြန့်ကျက်ထားရှိသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီရာသတင်းဌာနက ဖော်ပြသွားပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့အနေဖြင့် နေတိုးအဖွဲ့ထဲ ဝင်ရောက်ပူးပေါင်းတာဟာ ယင်းတို့အကျိုးစီးပွားရှုထောင့်အရ ကြည့်မယ်ဆိုရင် လုံးဝအဓိပ္ပာယ်မရှိတဲ့ ခြေလှမ်းတစ်ခုသာဖြစ်ပြီး ဖင်လန်နယ်စပ်အနီးမှာ ရုရှားတပ်သားများနဲ့ တိုက်ခိုက်ဖျက်ဆီးရေး စနစ်များ နေရာချသွားမယ်လို့ ပူတင်က ရုရှားနိုင်ငံသတင်းဌာန RIA နဲ့ ရိုစီယာ-၁ ရုပ်သံဌာန အင်တာဗျူးတို့မှာ ပြောကြားသွားပါတယ်။
ယခင်က ထိုနယ်စပ်မှာ တပ်သားတွေ၊ တိုက်ခိုက်ရေးစနစ်တွေ မရှိခဲ့ပေမယ့် အခုတော့ ဖြန့်ကျက်သွားတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။
ကာလကြာရှည်စွာ ကြားနေရပ်တည်ခဲ့တဲ့ ဆွီဒင်က လွန်ခဲ့တဲ့ ၂ နှစ်ကျော် ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ပြီးနောက်မှာတော့ နေတိုးအဖွဲ့ထဲသို့ ကြာသပတေးနေ့မှာ ဝင်ရောက်ခဲ့ပြီး ယခုနောက်ဆုံး အဖွဲ့ဝင်အသစ် ဖြစ်လာပါတယ်။
ဆွီဒင်နိုင်ငံဟာ သဘောတူညီချက် စာရွက်စာတမ်း တင်သွင်းခဲ့ပြီးနောက်မှာ တရားဝင်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
အခုဆိုရင် ဆွီဒင်ဟာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပိုဒ်ခွဲနံပါတ် ၅ မှာအကျုံးဝင်နေပြီဖြစ်ပြီး တိုက်ခိုက်မှုတစ်ခုခု ခံရပါက အဖွဲ့ဝင်အားလုံး အချင်းချင်းကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
တရားဝင်အဖွဲ့ဝင် ထပ်တိုးလာခြင်းကို အောင်ပွဲခံတဲ့အနေဖြင့် ဘရူဆဲလ်မြို့ရှိ နေတိုးမဟာမိတ်ဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့က အလံလွှင့်တင်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
ဖင်လန်နိုင်ငံဟာ ယမန်နှစ် ဧပြီ ၄ ရက်နေ့က နေတိုးအဖွဲ့ဝင် ဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့ ပါဝင်လာခြင်းကြောင့် နေတိုးအဖွဲ့ကြီးဟာ ဘော်လ်တိတ်ပင်လယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံမှာ လက်နက်ထုတ်လုပ်ရေး အများအပြားနဲ့ သေချာပြင်ဆင်ထားတဲ့ စစ်တပ်ရှိနေပါတယ်။
ယခုနှစ် ကာကွယ်ရေးအတွက် တိုင်းပြည် GDP ရဲ့ ၂.၁ ရာခိုင်နှုန်းကို သုံးစွဲသွားရန် ရည်မှန်းထားပြီး ၂၀၂၀ ခုနှစ်ကထက် ၂ ဆပိုများတဲ့ ပမာဏဖြစ်ပါတယ်။
#World_News #ဖင်လန်နိုင်ငံနယ်စပ်အနီး #ရုရှားတပ်များနှင့်တိုက်ခိုက်ရေးစနစ် #Source: NDTV
#World_Health
Published 14 March 2024
မိုက်ခရိုပလတ်စတစ်၊ နာနိုပလတ်စတစ်တွေဟာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာဖြစ်ခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်အများအပြားမှာ တွေ့ရှိထားပါတယ်။
သွေးကြောထဲမှာ နာနိုပလတ်စတစ် ရှိနေတဲ့သူတွေဟာ နောက် ၃ နှစ်အတွင်း နှလုံးပြဿနာများ ဖြစ်နိုင်ခြေ ၂ ဆပိုများကြောင်း နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
နှလုံးသို့ သွေးသွားတဲ့ သွေးကြောတွေထဲမှာ ကိုလက်စ်ထရောလ်အဆီတွေ စုပြုံပိတ်ဆို့လာတာကို နှလုံးအဆီပိတ်တယ်လို့ ခေါ်ပါတယ်။
ဒီလေ့လာမှုက ပလတ်စတစ်အမှုန် ကူးစက်ဝင်ရောက်ခြင်းနဲ့ လူ့ရောဂါများကြား ဆက်စပ်မှုကို ပထမဆုံးလေ့လာခြင်း ဖြစ်တယ်လို့ အီတလီနိုင်ငံ ကမ်ပါနီယာလူဂီဗန်ဗစ်တယ်လီ တက္ကသိုလ်မှ ပရော်ဖက်ဆာ ရာဖေးလ်မာဖယ်လာက ပြောပြသွားပါတယ်။
မိုက်ခရိုပလတ်စတစ်တွေဟာ ၀.၂ လက်မအောက်ရှိတဲ့ ပိုလီမာအပိုင်းအစများ ဖြစ်ပြီး ထိုထက်ပိုမိုသေးငယ်တာကို နာနိုပလတ်စတစ်လို့ ခေါ်ကာ နာနိုပလတ်စတစ်တွေက လူ့ကျန်းမာရေးကို ပိုမိုခြိမ်းခြောက်နေတယ်လို့ ပညာရှင်များ ယူဆနေကြပါတယ်။
ကြွက်တွေကို လေ့လာရာမှာ ကြွက်အမေတွေက ပလတ်စတစ်အမှုန်များကို ရှူသွင်းမိပြီးနောက် ၂၄ နာရီအတွင်းမှာပဲ သန္ဓေသားရဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်တို့မှာ ပလတ်စတစ်ဓာတု ပစ္စည်းများကို တွေ့ရှိခဲ့ပါတယ်။
လူသားတွေရဲ့ သွေး၊ အဆုတ်၊ အသည်း၊ တစ်ရှူး၊ ဆီး၊ မစင်၊ မိခင်နို့၊ အချင်းတို့မှာ နာနိုအမှုန်များ တွေ့ထားပေမယ့် ခန္ဓာကိုယ် အတွင်းအင်္ဂါများနဲ့ လုပ်ဆောင်ချက်များအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာတော့ အထောက်အထား မရရှိသေးပါဘူး။
မိုက်ခရိုနဲ့ နာနိုပလတ်စတစ်တွေဟာ ယခင်ကယူဆထားတာထက် ဆဲလ်တွေထဲမှာ ကြာရှည်စွာ ရှင်သန်နေပါတယ်။
ဒါ့အပြင် ထိုအမှုန်တွေက ကင်ဆာဆဲလ်များ အခြားအစိတ်အပိုင်းများသို့ ကူးစက်ပျံ့နှံ့ခြင်းကို ဖြစ်စေနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။
#World_Health #မိုက်ခရိုပလတ်စတစ် #နာနိုပလတ်စတစ်များ #Source: WION
#World_Health
Published 14 March 2024
ဂျင်းပြုတ်ရည်ဟာ ထူးခြားပြီး ပူစပ်တဲ့အရသာ ပေးစွမ်းနိုင်တဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်တာကြောင့် ရာစုနှစ်တွေတိုင်အောင် သောက်သုံးလာခဲ့ကြပါတယ်။
ရေနွေးပူပူထဲမှာ ဂျင်းကိုစိမ်ထားခြင်းဖြင့် ဂျင်းပြုတ်ရည်ရရှိမှာဖြစ်ပြီး ယင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) ဂျင်ဂျရောလ် ဇီဝသတ္တိကြွဒြပ်ပေါင်းများက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
(၂) ဂျင်းပြုတ်ရည်က မူးဝေခြင်းကို သက်သာစေသလို အစာခြေဖျက်မှုကို ထောက်ပံ့ပေးပါတယ်။
(၃) ရောင်ရမ်းဆန့်ကျင် အစွမ်းသတ္တိကြောင့် ကြွက်သားနာခြင်း၊ ကြွက်သားရောင်ခြင်းတို့ကို သက်သာစေပါတယ်။
(၄) သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
(၅) ဂျင်းပြုတ်ရည်ကို ပုံမှန်သောက်သုံးပေးပါက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေရန် ကူညီပေးပါတယ်။
(၆) ဂျင်းမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ကိုယ်ခံအားမြင့်မားစေပြီး ရောဂါကူးစက်မှုများကို ခံနိုင်ရည်ရှိစေပါတယ်။
(၇) ကြွက်သားပြေလျော့စေတဲ့ အစွမ်းသတ္တိကြောင့် ဓမ္မတာကိုက်ခဲခြင်းများကို သက်သာစေပါတယ်။
(၈) ပူနွေးရှိန်းမြတဲ့ အာနိသင်ကြောင့် အသက်ရှူလမ်းကြောင်း ပြဿနာများ ပြေလျော့ကာ ရင်ကြပ်ခြင်းကို သက်သာစေပါတယ်။
(၉) ဂျင်းက ဗိုက်ပြည့်ဝသလို ခံစားရစေတာကြောင့် လေ့ကျင့်ခန်းတွဲလုပ်ပါက ကိုယ်အလေးချိန်ကျစေရန် အထောက်အကူ ဖြစ်စေပါတယ်။
(၁၀) ဂျင်းရဲ့အနံ့က စိတ်ဖိစီးမှု ပြေလျော့စေနိုင်တယ်လို့ တွေ့ရှိထားကာ စိတ်အခြေအနေကို တိုးတက်စေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဂျင်းပြုတ်ရည်ကို သင့်လျော်ရုံပမာဏ သောက်သုံးခြင်းက အကျိုးကျေးဇူးရရှိစေမှာ ဖြစ်ပါတယ်။
#World_Health #ဂျင်းပြုတ်ရည်ပုံမှန်သောက်သုံးသင့် #Source: DoctorNDTV
စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ
တနင်္လာနေ့မှာ စတင်တဲ့ မွတ်ဆလင်တိုရဲ့ ရာမာဒန်ဥပုသ်လကို အောင်ပွဲခံတဲ့အနေနဲ့ အီဂျစ်မြို့တော်ကိုင်ရိုရှိ ဈေးတွေမှာ ရောင်စုံမီးအိမ်များဝယ်ယူကြပြီး နေအိမ်တွေ လူအများနေရာတွေမှာ အလှဆင်ကြပါတယ်။
#World_Event
Published_ 13 March 2024
#အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင် #ရောင်စုံမီးအိမ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 13 March 2024
၁။ မလေးရှားရှိ မြန်မာသံရုံးတွင် CI လျှောက်ထားမှုကို လာမည့် မတ်လ၁၈ ရက်မှစပြီး အွန်လိုင်းမှ QR code ရက်ချိန်းရယူသည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးမည်ဟုဆို
၂။ ယခုနှစ်ကြံကြိတ်ခွဲရာသီအတွက် ကြံကြိတ်ခွဲမှု ၅၀%ခန့်သာပြီးစီး
၃။ YBS ယာဉ်အနုကြမ်းစီးပြီး လုယက်ခံရခြင်းမဟုတ်သလို လုံခြုံရေးလည်းစီမံပေးထား၍ ခရီးသွားပြည်သူများ မစိုးရိမ်ရန်ပြော
၄။ စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 13 March 2024
ယူကရိန်းစစ်ပွဲကို အခြေအနေ ပိုမိုဆိုးရွားစေနိုင်ပြီး နေတိုး(NATO)အဖွဲ့အစည်းဆီကိုပါ စစ်ပွဲပျံ့နှံ့လာစေနိုင်တဲ့ မည်သည့်လုပ်ရပ်မဆို ရှောင်ရှားရမယ်လို့ တူရကီသမ္မတ တေယစ်ပ်အာဒိုဂန်က အင်္ဂါနေ့မှာ သတိပေးလိုက်ကာ ယခုလရွေးကောက်ပွဲအပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဧည့်ခံတွေ့ဆုံသွားမယ်လို့ ဆိုလိုက်ပါတယ်။
နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ တူရကီနိုင်ငံဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထောက်ခံသလို ရုရှားနဲ့လည်း ဆက်ဆံရေးကောင်း ထိန်းသိမ်းထားပြီး ပဋိပက္ခအတွင်း နှစ်ဖက်စလုံးနဲ့ ပုံမှန်ဆက်ဆံနေပါတယ်။
ယူကရိန်းကို စစ်ရေးနဲ့ နိုင်ငံရေးကူညီမှုများ ထောက်ပံ့နေသလို ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ကန့်ကွက်ခဲ့ပါတယ်။
တူရကီသမ္မတက မြို့တော်အန်ကာရာမှာ နိုင်ငံခြားသံအမတ်များနဲ့ ညစာစားစဥ် ပြောကြားရာမှာ ယင်းကြားဝင်ညှိနှိုင်းပေးခဲ့ပြီး အရာမထင်ခဲ့တဲ့ ပင်လယ်နက်ဂျုံစပါး သဘောတူညီမှုကို ပြန်လည်အသက်သွင်းရန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ထောက်ခံသလို ရုရှားမပါဝင်ဘဲ ငြိမ်းချမ်းရေး စီစဥ်နေတာတွေက အရာရောက်မှာ မဟုတ်ဘူးလို့ ပြောပြသွားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြီးခဲ့တဲ့ရက်သတ္တပတ်က အစ္စတန်ဘူလ်သို့ သွားရောက်ခဲ့ပြီး အာဒိုဂန်က ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးပွဲ လက်ခံကျင်းပရန် ကမ်းလှမ်းလိုက်ပါတယ်။
ပူတင်ကလည်း မတ်လရွေးကောက်ပွဲများအပြီး တူရကီသို့ လာရောက်ဖွယ်ရှိပါတယ်။
တူရကီက ၂၀၂၂ ခုနှစ်မှာ ရုရှားနဲ့ ယူကရိန်းတို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လက်ခံကျင်းပခဲ့ပေမယ့် အခြေအနေကို တိုးတက်စေမယ့် သံတမန်ရေးရာ ခြေလှမ်းများ မတွေ့ခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖိုင်ဒန်က နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်း ဆွေးနွေးဖို့ စဥ်းစားသင့်ပြီဖြစ်ပေမယ့် ရုရှားသိမ်းပိုက်ထားတာတွေကို အသိအမှတ်ပြုတဲ့ သဘောမဟုတ်ကြောင်း ပြောပြသွားပါတယ်။
#World_News #ပိုမိုဆိုးရွားလာ #တူရကီသမ္မတသတိပေး #Source: Reuters
Page 328 of 971