#World_News
Published 07 February 2024
အမေရိကန် ကန်းထရီးဂီတကြယ်ပွင့် တိုဘီကိသ်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အသက် ၆၂ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်ပြထားပါတယ်။
သူ့မှာ အစာအိမ်ကင်ဆာ ဖြစ်နေတယ်လို့ ကြေညာပြီး ၁၈ လအကြာမှာပဲ အခုလို အသက်ဆုံးပါးသွားတာ ဖြစ်ပါတယ်။
ကိသ်ဟာ မိသားစုအခြံအရံဖြင့် ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင်း၊ ကင်ဆာရောဂါကို သတ္တိရှိရှိ ရင်ဆိုင်သွားခဲ့ကြောင်း အင်္ဂါနေ့က သူ့အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။
ကွယ်လွန်တဲ့သတင်း ထွက်လာပြီးနောက် ကန်းထရီးကြယ်ပွင့်များမှ ချီးကျူးအောက်မေ့စကားများ ထွက်ပေါ်လာပါတယ်။
‘’ဒီနေ့က ကန်းထရီးဂီတနဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းဖွယ် နေ့တစ်နေ့ဖြစ်ပါတယ်။ တိုဘီက ကန်းထရီးလောကမှာ အရေးပါသူဖြစ်ပြီး အားလုံးကနေ လေးစားအားကျရသူ ဖြစ်ပါတယ်။ တိုဘီနဲ့ သူ့သီချင်းတွေကို အမြဲအမှတ်ရနေကြမှာပါ’’ လို့ ကန်းထရီးအဆိုတော် ဂျေဆန်အယ်လ်ဒင်းက အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
နာမည်ကျော် အိုးလ်ဒိုမီနီယံ ကန်းထရီးအဖွဲ့က တိုဘီကိသ်ကို ဦးဆောင်လမ်းဖောက်သူ အစစ်အမှန်လို့ ခေါ်ဝေါ်လိုက်ပြီး သူ့သီချင်းတွေက တသက်တာ ရှင်သန်နေမယ်လို့ ရေးသားခဲ့ပါတယ်။
တိုဘီကိသ်ဟာ အစာအိမ်ကင်ဆာ မတွေ့ရှိခင် ၆ လအလို ၂၀၂၂ ဇွန်လမှာ အနားယူဖို့ အချိန်လိုအပ်တယ်လို့ ကြေညာခဲ့ပါတယ်။
သူဟာ ၁၉၉၃ ခုနှစ်က Should’ve Been a Cowboy ဖြင့် အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာ အိုကလာဟိုမာမှာ မွေးဖွားခဲ့ပြီး ဂီတလမ်းကြောင်း မလျှောက်လှမ်းခင် ဆီစက်မှုလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပါတယ်။
တေးအယ်လ်ဘမ်ပေါင်း နှစ်ဒါဇင်ထွက်ရှိခဲ့ကာ Beer For My Horses ၊ Red Solo Cup တို့လို နာမည်ကြီးသီချင်းတွေ ပါဝင်ခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေ၊ သူ့အဖေ ကွယ်လွန်ခြင်းတို့နောက်ပိုင်းမှာ His Courtesy Of The Red ၊ White And Blue တို့ဟာ မျိုးချစ်တေးသီချင်းတွေ ဖြစ်လာပါတယ်။
ကန်းထရီးဂီတအကယ်ဒမီက ၂၀၀၂ နဲ့ ၂၀၀၃ တို့မှာ ကိသ်ကို အကောင်းဆုံးဖျော်ဖြေရေးဆု ၂ နှစ်ဆက်တိုက် ပေးအပ်ခဲ့ပါတယ်။
#World_News #အမေရိကန်ကန်းထရီးအဆိုတော်တိုဘီကိသ် #အစာအိမ်ကင်ဆာဖြင့်ကွယ်လွန် #Source: CNA
Published 07 February 2024
အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာများနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကြား ဆက်စပ်နေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
ဘွန်းတက္ကသိုလ်မှ သုတေသီများက ဩစတြေးလျလူမျိုး ၄၃၈ ဦးကို စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး လေ့လာရာမှာ ၁၀၈ ဦးက အယ်လ်ဇိုင်းမားလက္ခဏာများ တွေ့ရှိခဲ့ပြီးနောက် အခုလိုကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကတည်းက ထိုလူတွေကို စောင့်ကြည့်နေခဲ့ပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်လာခြင်းရှိမရှိ လေ့လာခဲ့ကြပါတယ်။
အယ်လ်ဇိုင်းမားလက္ခဏာ တွေ့ထားတဲ့သူတွေဟာ အသားသွတ်မုန့်များ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ပီဇာ၊ ဟမ်ဘာဂါများကို ပိုမိုစားသုံးကြပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် အစားနည်းတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် ထိုလူတွေဟာ ဝိုင်သောက်သုံးမှုနည်းပါးတာကိုလည်း တွေ့ရှိရပါတယ်။
ဒီမန်ရှာရောဂါက တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးပြဿနာ ဖြစ်နေပြီး လူပေါင်း ၅၅ သန်းခန့် ခံစားနေရကာ ၆၀ ရာခိုင်နှုန်းလောက်က ဝင်ငွေအလယ်အလတ်နဲ့ နည်းပါးတဲ့နိုင်ငံတွေမှ ဖြစ်ပါတယ်။
ဒီအရေအတွက်ကနေ လာမယ့် နှစ် ၂၀ အတွင်း ၈၂ သန်းအထိ ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
ထိုရောဂါအတွက် ကုသနည်းမရှိသလို လူငယ်တွေအနေနဲ့ အသီးအရွက်ပိုစားပြီး အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာများ လျှော့ချစားသုံးဖို့ လိုအပ်နေပါတယ်။
သက်လတ်ပိုင်းအရွယ်မှာ ဦးနှောက်အတွင်း အယ်လ်ဇိုင်းမားရောဂါ စတင်လာပြီး ငယ်စဥ်မှာ နေထိုင်စားသောက်မှုပုံစံ မထိန်းသိမ်းနိုင်တာကြောင့် ဖြစ်လာတာပါ။
ဒီလိုစားသောက်မှုပုံစံက ဦးနှောက်ကျန်းမာရေး ထိခိုက်စေပြီး သွေးကြောပြဿနာများ၊ အဝလွန်ခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။
Source: WION.
#World_Health
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 07 February 2024
နှလုံးကြွက်သားများသို့ အောက်ဆီဂျင်ပါတဲ့ သွေးတွေပံ့ပိုးပေးတဲ့ နှလုံးသွေးကြောတွေမှာ အဆီနဲ့ အစိုင်အခဲများ စုပြုံပိတ်ဆို့လာခြင်းကို နှလုံးသွေးကြောပိတ်ရောဂါလို့ ခေါ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အနည်တွေစုပြုံလာတဲ့အခါ သွေးကြောတွေကို ကျဥ်းမြောင်းပိတ်ဆို့သွားစေကာ နှလုံးသို့ သွေးစီးဆင်းမှု လျော့နည်းသွားပြီး ရင်ဘတ်အောင့်ခြင်း၊ နှလုံးဖောက်ခြင်း၊ အခြားနှလုံးသွေးကြောပြဿနာများ ဖြစ်လာနိုင်ပါတယ်။
အချို့သော အစားအစာတွေက နှလုံးရောဂါများ ဖြစ်လာနိုင်ခြေနဲ့ နှလုံးသွေးကြော ပိတ်နိုင်ခြေတို့ကို လျှော့ချပေးပါတယ်။
(၁) အစိမ်းရောင်ဟင်းရွက်များ
ဟင်းနုနွယ်၊ ကိုက်လံတို့လို အရွက်တွေဟာ နိုက်ထရိတ်ကြွယ်ဝပြီး သွေးစီးဆင်းမှု ကောင်းမွန်စေကာ သွေးပေါင်ချိန်ကျစေပါတယ်။
(၂) ဘယ်ရီသီးများ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့ ဘယ်ရီသီးတွေဟာ သွေးကြောပိတ်ဆို့ခြင်းများကို ကာကွယ်ပေးပြီး နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။
(၃) အဆီပါသောငါးများ
ဆယ်လ်မွန်နဲ့ မက်ကရယ်ငါးတွေမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး သွေးကြောအနည်ထိုင်ခြင်းကို လျှော့ချပေးကာ သွေးပေါင်ချိန်ကျစေပါတယ်။
(၄) အခွံမာသီးများ
ဗာဒံသီး၊ သစ်ကြားသီးတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများ၊ အမျှင်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ နှလုံးကျန်းမာရေးတိုးတက်စေပြီး ကိုလက်စ်ထရောလ် လျှော့ချပေးပါတယ်။
(၅) ကောက်ပဲသီးနှံများ
အုတ်စပါး၊ ဆန်ညို၊ ပေါင်မုန့်ကြမ်းတို့မှာ ပါဝင်တဲ့ အမျှင်က ကိုလက်စ်ထရောလ်ပမာဏ ကျဆင်းစေပြီး သွေးကြောကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
(၆) ပဲအမျိုးမျိုး
ပဲကြီး၊ ပဲနီလေး၊ ကုလားပဲတို့မှာ အမျှင်၊ ပရိုတိန်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၇) ထောပတ်သီး
မပြည့်ဝဆီပါဝင်တဲ့ ထောပတ်သီးဟာ မကောင်းတဲ့ LDL ကိုလက်စ်ထရောလ်ကို လျော့ကျစေပြီး ကောင်းတဲ့ HDL ကိုလက်စ်ထရောလ်ကို များစေပါတယ်။
(၈) သံလွင်ဆီ
သံလွင်ဆီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ မပြည့်ဝဆီများ ပါဝင်ကာ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ ကိုလက်စ်ထရောလ် ကျစေခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျှော့ချပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
(၉) ချောကလက်မည်း
ဖလေဗိုနွိုက်ပါဝင်တာကြောင့် သွေးပေါင်ချိန်လျော့စေပြီး သွေးကြောများထဲ အနည်စုပြုံခြင်းမှ ကာကွယ်ပေးပါတယ်။
(၁၀) လက်ဖက်စိမ်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် မကောင်းတဲ့ ကိုလက်စ်ထရောလ် လျော့ကျစေကာ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းစေပါတယ်။
နှလုံးကျန်းမာရေး ထိန်းသိမ်းဖို့ရာ အစားအသောက်အပြင် ပုံမှန်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ကလည်း အရေးကြီးပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကြား တရားမဝင် လူဝင်မှုတွေနဲ့ ပတ်သက်ပြီး တက္ကဆပ်အုပ်ချုပ်ရေးမှူး ဂရက်ဂ်အက်ဘော့နဲ့ သမ္မတဂျိုးဘိုင်ဒင်တို့ ပြိုင်ဆိုင်မှုများကြောင့် ကြားညပ်နေတဲ့ တက္ကဆပ် အီးဂဲလ်ပတ်စ်မှ ဒေသခံတွေဟာ နိုင်ငံရေးကိစ္စများကြောင့် အစိုးရနဲ့ ပြည်နယ်အာဏာပိုင်များက ပြိုင်ဆိုင်နေကြတာဖြစ်ပြီး ယင်းတို့ရဲ့ မြို့လုံခြုံရေးကို စိုးရိမ်ကြတာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
#World_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 6 February 2024
၁။ ပင်လယ်ဓားပြများ ဖမ်းခေါ်သွားသည့် စားအုန်းဆီသင်္ဘောပေါ်က မြန်မာသင်္ဘောသား (၈)ဦး ပြန်လွတ်လာပြီ
၂။ ရှမ်းပြည်နယ်မှ ပြောင်းစိုက်တောင်သူ ၂၀ရာခိုင်နှုန်းကျော် ကြံစိုက်ပျိုးမှုကို ပြောင်းလဲစိုက်ပျိုးလာဟုဆို
၃။ ပြည်ထောင်စု တံခွန်စိုက်မြင်းစီးပြိုင်ပွဲ၌ တိုင်းလေးတိုင်းမှ အားကစားသမား ရာကျော်လာရောက်ယှဉ်ပြိုင်နေ
၄။ တရားမဝင်နယ်စပ်ဖြတ်ကျော်ကိစ္စ အမေရိကန်အစိုးရကိုင်တွယ်မှု တက္ကဆပ်ပြည်သူများစိုးရိမ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 06 February 2024
အမျိုးသားများကြား ယင်းတို့ရဲ့ ကျားအင်္ဂါကို ပိုကြီးလာအောင် ဆွဲဆန့်နေကြတဲ့ ဖြစ်ရပ်ဟာ ပျံ့နှံ့နေပြီး ဒီလုပ်တာဟာ ဘေးအန္တရာယ် ဖြစ်စေနိုင်တယ်လို့ ပညာရှင်များက သတိပေးလိုက်ပါတယ်။
Jelqing ဆိုတဲ့လုပ်ရပ်ဟာ TikTok နဲ့ Reddit တို့လို ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားလာပါတယ်။
ဒီလုပ်ရပ်ကို အမျိုးသားအများစု ပြုလုပ်နေကြပြီး ဘေးအန္တရာယ်မရှိစေဘဲ ကျန်းမာစေတယ်လို့ ယူဆနေကြပါတယ်။
ကျားအင်္ဂါအနည်းငယ် ထောင်မတ်ချင်တဲ့အချိန်မှာ အရင်းကနေ လက်မ လက်ညိုးတို့ဖြင့် အရှေ့ဘက်သို့ ဖိဆွဲရတဲ့ ပုံစံဖြစ်ပြီး သွားတိုက်ဆေးဘူးလက်ကျန်ကို ညှစ်ထုတ်သကဲ့သို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းဖြင့် အတွင်းမှ အရည်စက်ငယ်များ ထွက်လာကာ ဒဏ်ရာသက်သာတဲ့အခါ အနည်းငယ် ပိုကြီးလာတယ်လို့ ယူဆကြပါတယ်။
ဒေါက်တာ ရီနာမာလစ်ကတော့ ဒီလိုလုပ်တာဟာ ကျားအင်္ဂါကို ပြန်ပြင်မရအောင် ထိခိုက်စေတယ်လို့ သတိပေးလိုက်ပါတယ်။
ကျားအင်္ဂါကိုသွားတဲ့ အာရုံကြောတွေ ထိခိုက်စေပြီး ထုံကြဥ်ခြင်းကို ဖြစ်စေနိုင်ကာ ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း၊ ထိခိုက်ဒဏ်ရာတွေနဲ့ သွေးကြောတွေ ပြဿနာဖြစ်စေကြောင်း သတိပေးသွားပါတယ်။
ဒါ့အပြင် ဝေဒနာပြင်းထန်ပြီး အမာရွတ်တစ်ရှူးများကြောင့် ထောင်မတ်ခြင်းကွေးသွားစေတဲ့ ပေရိုနီရောဂါလည်း ဖြစ်စေနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာအပြင် ပေရိုနီရောဂါဟာ ကျားအင်္ဂါထောင်မတ်တဲ့အခါ တိုသွားနိုင်ပါတယ်။
Source: New York Post
#World_Health
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 06 February 2024
အင်္ဂလန်နိုင်ငံမှ ဘုရင်ချားလ်စ်ဟာ ကင်ဆာရောဂါတစ်မျိုး ဖြစ်နေတယ်လို့ တွေ့ရှိခဲ့သဖြင့် ကုသမှုခံယူရန် တွေ့ဆုံဆွေးနွေးမှုများ ရွှေ့ဆိုင်းသွားမယ်လို့ ဘက်ကင်ဂမ်နန်းတော်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ နန်းတက်သက်တမ်း ၁၈ လမပြည့်သေးတဲ့ ဘုရင်ချားလ်စ်က ရောဂါနဲ့ပတ်သက်ပြီး ထိတ်လန့်နေတဲ့ပုံ မပေါ်ပါဘူး။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်ဟာ ဘုရင်မကြီး အယ်လိဇဘက် နတ်ရွာစံပြီးနောက် ၂၀၂၂ စက်တင်ဘာလမှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။
ဘုရင်ဟာ ကုသမှုများ စတင်ခံယူနေပြီဖြစ်ပြီး တာဝန်ဝတ္တရားများကို အမြန်ဆုံးပြန်လည် ထမ်းဆောင်ရန် မျှော်လင့်နေတယ်လို့ နန်းတော်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ဆီးကျိတ်အဖု ပြန်ပြင်ခြင်းလုပ်ဆောင်ခဲ့တဲ့ ဆေးရုံမှာ ၃ ညနေခဲ့ရပြီးနောက် ကင်ဆာအကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။
ဆေးရုံမှာရှိနေစဥ် နောက်ထပ်အခြေအနေတစ်ခု စိုးရိမ်းစရာ တွေ့ရှိခဲ့ရပေမယ့် ကင်ဆာတစ်မျိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိတာကလွဲပြီး နောက်ထပ် အသေးစိတ်အချက်အလက်များ မဖော်ပြခဲ့ပါဘူး။
ဒီကာလအတွင်း ဘုရင်မင်းမြတ်ဟာ တိုင်းပြည်စီးပွားရေးနဲ့ တရားဝင်အလုပ်များကို ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။
ချားလ်စ်ဘုရင်က ဝန်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ ဆက်လက်တွေ့ဆုံသွားမှာဖြစ်ပြီး ဘုရင်မ ကာမယ်လာကလည်း သူမတာဝန်များအတိုင်း ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
တော်ဝင်မိသားစုတွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိန်းသိမ်းပြောဆိုလေ့ရှိပေမယ့် ချားလ်စ်ကတော့ လက်ရှိကုသမှုများနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုထားပါတယ်။
ဩစတြေးလျနဲ့ ကနေဒါခေါင်းဆောင်များက ဘုရင်ကြီး အလျင်အမြန် သက်သာလာစေရန် ဆုမွန်ကောင်းတောင်းပေးကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ချားလ်စ်ရဲ့ ကျန်းမာရေးအကြောင်းကို ကြားသိပြီး စိုးရိမ်ပူပန်နေရကြောင်းနဲ့ နောက်ပိုင်းကျရင် ဖုန်းခေါ်ပြောကြားရန် စီစဥ်ထားကြောင်း ပြောပြခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 207 of 824