၃၀ ဩဂုတ် ၂၀၂၃
ဂါဘွန်နိုင်ငံတွင် ရွေးကောက်ပွဲရလဒ်ကြေညာအပြီးတွင် အဆိုပါရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းပြီး ဂါဘွန် စစ်သားအုပ်စုတစ်စုက အာဏာသိမ်းယူလိုက်ကြောင်း ဩဂုတ် ၃၀ ရက် ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ပါတယ်။
ကြေညာနေစဉ်အတွင်း ဂါဘွန်နိုင်ငံမြို့တော် လစ်ဘရီဗီလီတွင် သေနတ်သံတွေကြားရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်များက ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းကြောင်းကြေညာတဲ့ စစ်သားများထဲမှ တစ်ဦးက “ သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ပါ ပြောကြားပါတယ်။
“ လက်ရှိအစိုးရကို နိဂုံးချုပ်ပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ဂါဘွန် ၂၄ ရုပ်သံမှကြေညာရာတွင် စစ်သားတစ်ဦးက ပြောပါတယ်။ သူဟာ “ အဖွဲ့အစည်းများ အသွင်ကူးပြောင်းရေး နှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ” ကိုယ်စားပြုပြောကြားတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ အဲဒါကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှင့် အဲဒီရွေးကောက်ပွဲရဲ့ရလဒ်တွေကို ဖျက်သိမ်းပါတယ်” လို့သူကဖြည့်စွက်ပြောပါတယ်။
“သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းအားလုံးဖျက်သိမ်းပါတယ်။ အစိုးရ၊ဆီးနိတ်၊ အမျိုးသားလွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတွေဖြစ်ကြတယ်” လို့ သူကပြောပြီး နောက်ထပ်မကြေညာမချင်း နယ်စပ်တွေပါပိတ်လိုက်တယ်လို့ပါ ကြေညာသွားပါတယ်။
အဲဒီစစ်သားတွေထဲမှာ သမ္မတအစောင့်တွေနှင့် ပုံမှန်စစ်တပ် စစ်သားတွေနှင့်ရဲအရာရှိတွေပါဝင်ပါတယ်။
အမျိုးသားရွေးကောက်ပွဲကော်မရှင်က အာဏာ ၁၄နှစ်အထိရယူထားတဲ့ ဘွန်ဂိုဟာ တတိယမြောက်သက်တမ်းအတွက် ရွေးကောက်ပွဲမဲ ၆၄.၂၇ ရာခိုင်နှုန်းနှင့်ထပ်မံအရွေးခံရတယ်လို့ ကြေငြာအပြီး သိပ်မကြာခင်မှာပဲ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဘွန်ဂိုရဲ့ပြိုင်ဘက် အဲလ်ဘတ်အွန်ဒိုအိုဆာဟာ ၃၀.၇၇ ရာခိုင်နှုန်းပဲမဲရခဲ့တယ်လို့ ရွေးကောက်ပွဲရလဒ်ကြေညာချက်အရ သိရပါတယ်။
ရွေးကောက်ပွဲမှာ ဘွန်ဂိုရဲ့ အဖွဲ့တွေ လိမ်လည်မှုတွေကြိုးကိုင်လှုပ်ရှားခဲ့ကြတယ်လို့ မဲပေးမှုမပိတ်ခင် အွန်ဒိုအိုဆာက ရှုတ်ချပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့တုန်းက အွန်ဒိုအိုဆာရဲ့ မဲဆွယ်ပွဲ မန်နေဂျာ မိုက်ဂျောတိန်းက ဘွန်ဂို့ကို သွေးထွက်သံယိုမဖြစ်စဘဲ အာဏာလွှဲပေးဖို့ပြောခဲ့ပါတယ်။ သူက အထောက်အထားအတိအကျမပြဘဲ မဲတစ်စိတ်တစ်ပိုင်းရေတွက်မှုအပြီးမှာ အွန်ဒိုအိုတာက ရှင်းရှင်းလင်းလင်းအနိုင်ရနေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ မနက် ၃နာရီ ၃၀ မိနစ်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။
စနေနေ့ မဲပေးမှုမပြီးဆုံးခင် ဘွန်ဂိုအစိုးရက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့အင်တာနက်တွေပိတ်ခဲ့ ပါတယ်။ အကြောင်းပြချက်က သတင်းမှားတွေ ပျံ့နှံသွားမှာ နှင့် အကြမ်းဖက်မှုတွေဖြစ်လာနိုင်တာကို ကြိုတင်ဟန့်တားဖို့လို့ဆိုပါတယ်။
ဂါဘွန်အာဏာသိမ်းမှုဟာ အနောက်နှင့်အလယ်အာဖရိကဒေသမှာ ၂၀၂၀ပြည့်နှစ်ကတည်းကဆိုရင် (၈)ခုမြောက် ဖြစ်ပါတယ်။ ယခုမတိုင်ခင်က နိုင်ဂျာနိုင်ငံမှာ ဇူလိုင်ကအာဏာသိမ်းခဲ့ပါတယ်။ အဲဒီမတိုင်ခင်က မာလီ၊ဂူအင်နီယာ၊ ဘာကီနာဖာဆိုနှင့် ချက်ဒ်တို့မှာ အာဏာသိမ်းမှုတွေဖြစ်ခဲ့ပါတယ်။
Source NDTV/Reuters/CNN
၂၈ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲအထွေထွေဆေးရုံမှာ ဆေးဝါးတက်ရောက်ကုသခံယူနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံ ယနေ့ ဩဂုတ် ၂၈ ရက်မှာ ပထမဆုံးအဖြစ် သက်ဆင်ရဲ့ အထွေးဆုံးသမီး ဖယ်ထောင်တန် သွားရောက်သတင်းမေးမြန်းခဲ့တယ်လို့ ထိုင်းမီဒီယာများက သတင်းရေးသားကြပါတယ်။
သမီးထွေး ဖယ်ထောင်တန်ဟာ ဖခင်ဖြစ်သူသက်ဆင်နှင့် မိနစ် (၄၀)ကြာတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ တနင်္လာနေ့မှာ သက်ဆင်ထံ လူမမာသတင်းမေးမြန်းမည့်သူတွေကို အကျဉ်းဌာနက စတင်သွားရောက်ခွင့်ပြုတာဖြစ်ပါတယ်။ သက်ဆင်ဟာ ထောင်ဒဏ် (၈)နှစ် ကျခံခဲ့ရတာပါ။ သူဟာ ဩဂုတ် ၂၂ရက်မှာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ညတွင်းချင်းပဲ ဆိုးရွားလာတဲ့ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်ဆေးရုံကနေ ရဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်လို့ သတင်းများကဖော်ပြပါတယ်။
သက်ဆင်ဟာ ဆေးရုံမှာ အရေးကြီးပုဂ္ဂိုလ်အဆင့်အတန်းနှင့် စောင့်ရှောက်ဆက်ဆံမှုရနေတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ သူဟာ ရဲအထွေထွေဆေးရုံက ရဲအဆင့်မြင့်အရာရှိကြီးတွေကိုသာ ထားရှိတဲ့ ၁၄ထပ်မှာ ဆေးရုံတက်နေရတာဖြစ်ပါတယ်။
သမီးဖယ်ထောင်တန်ဟာ ရှေ့နေဖြစ်သူနှင့်အတူ ဖခင်ဆီသွားရောက်ခဲ့တာပါ။ သူမဟာ ဆေးရုံကို မွန်းလွဲ၁နာရီမှာ ရောက်ရှိခဲ့ပြီး မိနစ်၄၀အကြာမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
နေ့စဉ် သက်ဆင်ထံ လူ(၁၀)ဦး လာရောက်ခွင့်ပေးမှာဖြစ်ပြီး တစ်ဦးစီကို မိနစ်(၄၀) အချိန်ပေးထားပါတယ်။
Source: Thai media
ဩဂုတ် ၂၇ ၂၀၂၃
ဩစတြေလျနိုင်ငံမြောက်ပိုင်းကျွန်းတစ်ကျွန်းပေါ်အမေရိကန်မရိန်းတပ်သား ၂၃ ဦးပါတဲ့ လေယာဉ်တစ်စီး ယနေ့ ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ရေးလေ့ကျင့်ရင်းပျက်ကျရာ အနည်းဆုံး မရိန်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။ အနည်းဆုံး နောက်ထပ်(၅)ဦး ဟာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပါတယ်လို့ အေပီကသတင်းရေးသားပါတယ်။
ဒါဝင်မြို့မှ မိုင်၅၀အကွာမှာရှိတဲ့ အဆိုပါ မဲဗီလီကျွန်းပေါ် Bell Boeing V-22 Osprey အမျိုးအစား စစ်လေယာဉ်ဟာ တနင်္ဂနွေနေ့ မနက် ၉နာရီခွဲခန့်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ မရိန်းတပ်က အတည်ပြုသတင်းထုတ်ပြန်ပါတယ်။
ဒါဝင်ကနေ အသက်ရှင်ကျန်ရစ်သူတွေကယ်ဆယ်ကုသမှုပေးဖို့ လေယာဉ်တစ်စီးစေလွှတ်ထားပေမယ့် ကျန်တဲ့ မရိန်း တပ်သား ၁၅ ဦးဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုတော့ ယခုတိုင်သတင်းမထုတ်ပြန်နိုင်သေးပါဘူး။
ပျက်ကျတဲ့နေရာအနီးတစ်ဝိုက်မှာ ထင်ရှားတဲ့မီးလောင်ကျွမ်းမှုကြီးမြင်တွေ့ရတယ်လို့ အမေရိကန်စစ်အရာရှိတစ်ဦးက ဩစတြေလျ လေကြောင်းထိန်းသိမ်းရေးအရာရှိတွေကိုပြောတဲ့ အသံဖိုင်က နိုင်းနယူးရုပ်သံကထုတ်လွှင့်သွားခဲ့ပါတယ်။
Osprey လေယာဉ်ပျက်ကျသွားတဲ့အခါ လေယာဉ်ပျက်အထဲကနေ ကြီးမားတဲ့ အမဲရောင်မီးခိုးမှိုပွင့်ကြီးတက်လာတာ တွေ့ရတယ်လို့ ကမ်းခြေမှာ ငါးမျှားနေတဲ့ မဲဗီလီဒေသခံ ရှိန်းမာဖီက ရုပ်သံကိုပြောပါတယ်။ မြောက်ပိုင်ဒေသဝန်ကြီးချုပ် နာတာရှာဖိုင်းလေးစ်က ဒါဟာ ကြောက်စရာမတော်တဆဖြစ်မှုကြီးလို့ပြောပါတယ်။
အဲဒီနေရာမှာ Predators Run ဆိုတဲ့ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်နေတာဖြစ်ပြီး ထိခိုက်မှုတွေဖြစ်တာ အမေရိကန်တွေချည်းပဲဖြစ်တယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီးစ်က ပြောပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ဩစတြေလျ၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့် အရှေ့တီမောတပ်တွေပါဝင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။
Source AP
၂၇ ဩဂုတ် ၂၀၂၃
ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံပြန်လည်တက်ရောက်နိုင်ရေး သုံးသပ်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသခံတွေကို အသိပေးပြောကြားခဲ့ပါတယ်။
ဩဂုတ်လ ၂၇ရက်က နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ မြို့ဖများအပါအဝင် ဒေသတာဝန်ရှိသူတွေနှင့် ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌက ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသည့် ဘုရားဖူးသူများအနေဖြင့် ထီးလိုမင်းလိုဘုရားကြီး၏
အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကိုကြည်ညိုဖူးမြော်နိုင်ရေးနှင့် ပုဂံဒေသ၏ အလှအပများကိုကြည့်ရှုနိုင်ရေးအတွက် လူဦးရေ အကန့်အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည် တက်ရောက်ကြည်ညိုခွင့်ပြုပေးနိုင်ရေးအတွက်လည်း သုံးသပ်လျက်ရှိတယ်” လို့ ဗိုလ်ချုပ်မှူးကြီးကပြောခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ တွေ့ဆုံပွဲမတိုင်ခင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ဒေသတာဝန်ရှိသူတွေနှင့်အတူ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာလည်း အဆိုပါကိစ္စကို တိုက်တွန်းမှာကြားခဲ့ပါတယ်။
တက်ရောက်လာတဲ့ မြို့မိမြို့ဖဒေသခံတွေက ပုဂံဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေးဆောင်ရွက်ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးထံတင်ပြခဲ့တယ် လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးက ပုဂံ - ညောင်ဦးလေဆိပ်သည် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်းကြောင့် ပြည်ပမှ လေယာဉ်ကြီးများတိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင်တဲ့အတွက် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူ လေဆိပ်အား နိုင်ငံတကာ လေဆိပ် အဖြစ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပုဂံညောင်ဦး လေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့်စနစ်တကျ တွက်ချက် ဆောင်ရွက်ရန်လိုမယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
နစကသည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီးနိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်မှူးကြီးက ဒေသခံတွေကိုပြောပါတယ်။ အဲဒါကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူလူထုများအားလုံးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန်လိုလိမ့်မယ်လို့လည်း သူကဆက်လက်ပြောပါတယ်။
လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာ စေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်အားလုံးဆောင်ရွက်ပေးကြဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး ကပြောတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး များသည်ရှေးဟောင်း သမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ကြဖို့လည်း အသေးစိတ်မှာကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဗိုလ်ချူပ်မှူးကြိးသည် ် ဩဂုတ် ၂၇ ရက်ညပိုင်း၌ အဖွဲ့ဝင်များလိုက်ပါ၍နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်
ကြည်ညိုပြိး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။
-yt/knl
“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။”
၂၇ ဩဂုတ် ၂၀၂၃
မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့်အဖွဲ့ဝင်တွေအားလုံးကို မြန်မာနိုင်ငံမှ စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား အပြီးထွက်ခွာပေးရန် မြန်မာနစကအစိုးရက အကြောင်းကြားလိုက် ကြောင်းသိရပါတယ်။
“ တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့် အဖွဲ့တွေကို မြန်မာနိုင်ငံမှ စက်တင်ဘာ(၁)ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ အပြီးထွက်ခွာဖို့ အကြောင်းကြားပါမယ်။အဲဒီအကြောင်းကြားစာလည်း မကြာခင်ထွက်ပါမယ်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက Yangon Times ကိုပြောကြားပါတယ်။
“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တီမောက အမြဲတမ်းပြောတယ်။ မြန်မာနိုင်ငံရေးကို အာဆီယံက မဖြေရှင်းနိုင်ရင် အာဆီယံထဲဝင်ဖို့စဉ်းစားမယ်လို့ပြောတယ်။ ဒီပြောကြားချက်က ပြောင်းပြန်ပြောကြားချက်ပဲ။ အာဆီယံထဲသူဝင်ဖို့ဆိုတာ အာဆီယံ (၁၀)နိုင်ငံလုံး အာဆီယံရဲ့ ပဋိဉာဉ်တစ်ခုလုံးက စုံညီသဘောတူမှုရှိရမယ်။ (၁၀)နိုင်ငံလုံးသဘောတူမှရတာဖြစ်တယ်။ မြန်မာနိုင်ငံကိုယ်စားပြု မပါဝင်တဲ့ အာဆီယံအစည်းအဝေးက သူ့ကိုအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလို့ကိုမရဘူး။ဒါကိုအကြောင်းရှာပြီး လုပ် ခြင်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
၂၆ ဩဂုတ် ၂၀၂၃
သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ရဲ့ တရားခံမှတ်တမ်းကိုယ်တစ်ပိုင်း ဓာတ်ပုံကိုတွေ့ရပြီး သူဟာ လူချောပဲ လို့ ပြောလိုက် ကြောင်း သတင်းဌာနတွေက သတင်းရေးသားကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ပြန်ပြောင်းဖို့ကြိုးစားမှုနှင့် တရားစွဲခံရတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ဖမ်းဆီးခံပြီး ရဲက ရိုက်ထားတဲ့ တရားခံမှတ်တမ်းကိုယ်တစ်ပိုင်းပုံကို သူတွေ့လိုက်ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
“ လူချောပဲ။ အံ့အားသင့်စရာလူပဲ” လို့ တာဟိုးရေကန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အိမ်ဖြူတော်အရာရှိတွေနှင့်အတူ ထွက်လာတဲ့ ဘိုင်ဒင်က သတင်းထောက် တွေကို ဟာသလုပ်ခဲ့တာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။
ဘိုင်ဒင်ဟာ ထရမ့်ရဲ့အမှုတွေနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ အလွန်ရှောင်ရှားခဲ့သူဖြစ်ပါတယ်။ သူတို့အနေနှင့် တရားရုံးနှင့် တရားစီရင်မှုရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းပေးချင်လို့ဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ကြဖူးပါတယ်။
ထရမ့်ဟာ ကြာသပတေးနေ့ညက ဖူလ်တန်ခရိုင်အကျဉ်းထောင်မှာ အဖမ်းခံဖို့ ကြိုတင်စာရင်းပေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီညမှာ ဘိုင်ဒင်က ပြန်လည်ရွေးကောက်ပွဲဝင်ဖို့ စည်းရုံးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူက အဲဒီနေ့မှာ “ ဘာကိုမှမရည်ရွယ်ပါဘူး။ ဒီနေ့ဟာ ကျွန်တော့်ရဲ့ မဲဆွယ်စည်းရုံးပွဲအတွက် ကြီးကျယ်တဲ့နေ့တစ်နေ့ပဲ လို့ထင်ပါတယ်” လို့ တွစ်တာ (အိတ်စ်)မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
Source NDTV
Page 73 of 202