၂၄ မေ ၂၀၂၄
မကွေးတိုင်းဒေသကြီးတွင် ကျေးရွာတစ်ရွာ သစ်တောသစ်ပင် အနည်းဆုံး (၂)ဧကစီစိုက်ပျိုးကြရန်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီးတာဝန်ရှိသူတွေကို မှာကြားပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေလ ၂၄ရက် မွန်းလွဲပိုင်းတွင် မကွေးမြို့ ၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်တယ်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းအတွင်း၌ ပါဝင်သည်ကိုတွေ့ရ ကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင် ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာ
ဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင် မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ထို့ပြင်ရာသီဥတုပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ျန်းမာရေး အားနည်းသူများအနေဖြင့် အပူဒဏ်ရှောင်နိုင်ရေးအတွက် အပူဒဏ်ကိုခံနိုင်မည့် အဆောက်အဦများဆောက်လုပ်ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
လူဦးရေ အများအပြားဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလှိုဏ်ပါစေတီပုထိုးများ တည်ထား ကိုးကွယ်ခြင်းအားဖြင့် ကုသိုလ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်ကို အသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များတပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့် တယ်လို့လည်း နစက ဥက္ကဋ္ဌက ဥပမာပေးပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် ဗိုလ်ချူပ်မှူးကြီးသည် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊မွေးမြူရေ၊ပညာရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စစသည်တို့ကိုလည်း ဆက်လက်ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့်မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးကိစ္စများကို တင်ပြခဲ့ကြပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး၊ဇနီးဒေါ်ကြူကြးလှနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊ သာသနာ့ဗိမာန် တော် ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
၂၄ မေ ၂၀၂၄
အိန္ဒိယနိုင်ငံရဲ့ နက္ခတ်ဗေဒင်ပညာရှင် ကူရှဲလ်ကူမားက ရက်သတ္တပတ်အနည်းငယ်မှာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
သူကသူ့ရဲ့ဟောကိန်းကို Medium မှာ ပို့စ်တင်ခဲ့တဲ့အပြင် LinkedIn မှာလည်းထပ်မံမျှဝေခဲ့ပါတယ်။ သူဟာ ဗီဒစ် နက္ခတ်ဗေဒပညာရှင်တစ်ဦးဖြစ်ကြောင်းနှင့် အနာဂတ်ဖြစ်ရပ်တွေကို ဂြိုဟ်သွားဂြိုလ်လာတွေကို တွက်ချက်ပြီး ခန့်မှန်းဟောကိန်းထုတ်သူဖြစ်တယ်လို့ LinkedIn မှာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကိုတင်ထားပါတယ်။
“ ၂၀၂၄ခုနှစ်ဟာ တစ်ကမ္ဘာလုံးက အရေးကြီးနေရာတွေမှာ စစ်ပွဲအခြေအနေတွေနှင့်ဆက်နွယ်ပြီး အကြီးအကျယ်သောက ဖြစ်ရမယ့်နှစ်ဖြစ်တယ်။အထူးသဖြင့် မေလ ၈ရက်နေ့ ဝန်းကျင်မှာဖြစ်တယ်။ ကိုရီးယားနိုင်ငံတွေ၊ တရုတ်-တိုင်ဝမ်၊ အစ္စရေး နှင့် ပတ်သက်တဲ့ အရှေ့အလယ်ပိုင်းနှင့်အခြားအရှေ့အလယ်ပိုင်နေရာတွေ ပြီးတော့ ယူကရိန်း-ရုရှား။ နေတိုးရဲ့ဒေါသတွေဟာ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတယ်” လို့သူကပြောပါတယ်။
“အချို့နိုင်ငံတွေမှာ အစိုးရတွေဟာ ပေါ်ပေါက်လာတဲ့ အကြီးအကျယ်သောကရောက်စရာတွေကို ဖြေရှင်းဖို့ ခက်ခဲလာ နိုင်တယ်။ အချို့ခေါင်းဆောင်များ အကြီးအကျယ်နေမကောင်းဖြစ်ပြီး ရာထူးမှပင်နှုတ်ထွက်နိုင်တယ်။ နိုင်ငံရေး မြင်ကွင်းတွေ မှာ ထကြွမှုတွေဟာ မရှောင်လွှဲနိုင်ဖြစ်နိုင်တယ်၊ အတိုချုပ်ပြောရရင် စစ်တပ်ဟာ အလုံးချုပ်ထိန်းချုပ်ဖို့ ဝင်ရောက်လာလိမ့် မယ်ဆိုပြီး ဂြိုဟ်တွေရဲ့သွားလာမှုကညွှန့်ပြနေတယ်” လို့ သူကဆက်လက်ဟောကိန်းထုတ်ပါတယ်။
အဲဒီနောက်သူဟာ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်လာနိုင်မယ်လို့သူထင်ထားတဲ့ ရက်ကို ပြောပါတယ်။
“၂၀၂၄ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဂြိုဟ်တွေရဲလှုံ့ဆော်မှုဟာ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဇန် ၁၀ ရက်နှင့် ၁၉ ရက်တွေကိုလည်း သတိထားရမယ်” လို့ သူကသူ့ဆောင်းပါးမှာရေးပါတယ်။
ယခုလိုဟောကိန်းထုတ်တာဟာ အရေးပေါ်ဖြစ်လာရင်အဆင်သင့်ဖြစ်အောင် ရိက္ခာ ဆေးဝါးတွေ စုဆောင်းသိုလှောင်ထားကြဖို့ ဗြိတိန်အစိုးရအရာရှိကြီးတွေက သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပြီး သိပ်မကြာခင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Source: NDTV
၂၃ မေ ၂၀၂၄
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို နစက၏ ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၅/၂၀၂၄)ဖြင့်ဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့ကဆောင်ရွက်ကြမည်ဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးပါဝင်ကြပါတယ်။
အဆိုပါအဖွဲ့ဟာ လုပ်ငန်းတာဝန်(၅)ရပ်ကို ဆောင်ရွက်ရမှာဖြစ််တယ်လို့သိရပါတယ်။
အဲဒါတွေကတော့
(က) SPIC Yunnan International Power Investment Co, Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊
( ခ ) SPIC Yunnan International Power Investment Co.Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊
( ဂ ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ရန်၊
(ဃ) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊
( င ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်
တို့ဖြစ်တယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
@ymg/knl
၂၂ မေ ၂၀၂၄
နီပေါနိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာအုပ်စုရဲ့ပိုင်ရှင်ကို နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နှင့် အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ အေပီသတင်းကဖော်ပြထားပါတယ်။
ကန်တီပါမီဒီယာအုပ်စုရဲ့ ပိုင်ရှင် ကိုင်လက်ရှ်ဆီရိုဟီယာဟာ သူ့ကိုတရားစွဲဆိုထားတဲ့ နီပေါနိုင်ငံ တောင်ပိုင်းက ခရိုင်တရားရုံး တစ်ခုမှာ ဗုဒ္ဓဟူးနေ့ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။
သူဟာ နီပေါနိုင်ငံ မြို့တော်ကတ္တမန်ဒူမှာရှိတဲ့ သူ့ရဲ့ ကန်တီပါရုံးမှာ အဖမ်းခံရတာဖြစ်ပါတယ်။ ကန်တီပါမီဒီယာအုပ်စုဟာ သတင်းစာတွေ၊ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ဌာနတွေ၊ မဂ္ဂဇင်းတွေနှင့် အွန်လိုင်းသတင်းဌာနတွေ တည်ထောင်ထားပါ တယ်။
သူဘာမှအမှားမလုပ်ခဲ့ဘူးလို့ ဆီရိုဟီယာက ငြင်းဆိုလိုက်ပြီး ဒါဟာ ပြည်ထဲရေးဝန်ကြီး ရာဘီလမ်မီချိန်းရဲ့ သူ့အပေါ် ကလဲ့စား ချေမှု တစ်ခုဖြစ်တယ်လို့ ပြန်ပြီးစွပ်စွဲလိုက်ပါတယ်။ငွေကြေး မလျော်မကန်ဆောင်ရွက်မှုတွေမှာ ပြည်ထဲရေးဝန်ကြီး ပါဝင် ပတ် သက်နေတယ်ဆိုတဲ့ သတင်းတွေကို သူ့မီဒီယာအုပ်စုုက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
အတိုက်အခံနိုင်ငံရေးပါတီတွေက လမ်မီချိန်းကို ငွေကြေးမလျော်မကန်ဆောင်ရွက်မှုတွေကြောင့် ရာထူးမှဆင်းပေးဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆီရိုဟီရာရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနံပါတ်ဟာ တစ်ခြားသူတစ်ဦးရဲ့နံပါတ်နှင့်တူနေပြီး ဒါဟာ နိုင်ငံသားဖြစ်မှုဥပဒေနှင့် ညိစွန်း နေတယ်လို့ရဲကပြောပါတယ်။
နီပေါနိုင်ငံမှာ အထူးသဖြင့် အိန္ဒိယနယ်စပ်ဖြစ်တဲ့ နီပေါတောင်ပိုင်းမှာ လူတော်တော်များများဟာ နိုင်ငံသားမှတ်ပုံတင်အတု ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။၏
Source AP
၂၂ မေ ၂၀၂၄
နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ ရေပြင်နှင့်ဝေဟင်ပိုင်နက်တွေကို ပိုင်နိုင်စွာစိုးမိုးထားဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
မေလ ၂၁ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်တဲ့ အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်း သူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောဆို သွားတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို ပထဝီအနေအထား အရလည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုး ထားနိုင်ရန်လိုအပ်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
နစကအနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အနာဂတ်နိုင်ငံတော်အရေး မျှော်မှန်းပြီး ပြည်ပ နိုင်ငံများမှာ ပညာတော်သင်များအဖြစ် စေလွှတ်လျက်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌက လူငယ်တွေကို ပြောကြားပါတယ်။
အဲဒီနောက် ရေကြောင်းလူငယ်သင်တန်းမှ မနန်းစုစန္ဒီအောင်နှင့် လေကြောင်း လူငယ်သင်တန်းမှ မသဉ္ဇာနိုင်တိုက သင်တန်း အတွေ့အကြုံတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
၂၁ မေ ၂၀၂၄
အမေရိကန်နိုင်ငံသားတွေနှင့်ဗြိတိန်နိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသားအတော်များများပါဝင်တဲ့ အာဏာသိမ်းဖို့ကြံစည်တဲ့ အုပ်စုတစ်စုကို တနင်္ဂနွေနေ့ မနက်လင်းအားကြီးအချိန်မှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ နှိမ်နှင်းလိုက်နိုင်တယ်လို့ ကွန်ဂိုအစိုးရကသတင်းထုတ်ပြန်ပါတယ်။
အဆိုပါအာဏာသိမ်းအုပ်စုကို ကွန်ဂိုလူမျိုး အမေရိကန်နိုင်ငံသားခံယူထားတဲ့ ခရစ်ရှန် မာလန်ဂါဆိုသူက ကြိုး ကိုင်ခဲ့တာဖြစ်ပြီး သူဟာ လုံခြုံရေးတပ်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ကြစဉ်အတွင်း သေဆုံးသွား တယ်လို့ ကွန်ဂိုစစ်တပ်ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ကြီး ဆိုင်ဗိန်းအက်ကင့်ရှ်က အတည်ပြုပြောကြားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မြို့တော် ကင်ရှာဆာ၊ ဂွမ်ဘီဧရိယာရှိ ကွန်ဂိုစီးပွားရေးဝန်ကြီး ဗစ်တဲလ်ကမာဟီ ရဲ့ အိမ်အပြင်ဘက်မှာဖြစ်ပွားခဲ့တာပါ။အဲဒီအိမ်ဟာ သမ္မတ ဖီလစ် ရှီဆက်ကီဒီရဲ့ ရုံးတွေရှိတဲ့ နိုင်ငံတော် သမ္မတ အိမ်တော်ဝင်းအနီးမှာတည်ရှိပါတယ်။
လူ ၄၀ ဦးခန့်ပါဝင်တဲ့ အဆိုပါ တိုက်ခိုက်သူတွေကိုဖမ်းဆီးမိပြီး အဲဒီအထဲက မာလန်ဂါအပါအဝင် (၄)ဦးဟာ ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားခဲ့ပါတယ်။
ဖမ်းဆီးမိသူတွေအထဲမှာ ဗြိတိန်နိုင်ငံသားတစ်ဦးပါဝင်ပြီး သူဟာ အဲဒီအာဏာသိမ်းအုပ်စုမှာ ဒုတိယ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။မာလာဂါရဲ့သားဖြစ်သူ မာဆယ်မာလန်ဂါလည်း အာဏာသိမ်း ဖို့ကြံစည်တဲ့အုပ်စုထဲမှာ ပါဝင်တယ်လို့ ဗိုလ်ချုပ်ကြီးအက်ကင့်ရှ်ကပြောပါတယ်။
တိုက်ခိုက်မှုတွေမှာ ဝန်ကြီးကမာဟီနှင့်မိသားစု လွတ်မြောက်သွားခဲ့ပေမယ့် အစောင့်ရဲနှစ်ဦးကတော့ သေဆုံးသွားခဲ့ရပါတယ်လို့ ဝန်ကြီးရဲ့ အနီးကပ်သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။
အာဏာသိမ်းရန်ကြံစည်သူတွေဟာ အသစ်ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ် ဂျူဒစ် ဆူမင်ဝါနှင့် ပြည်ထဲရေး ဝန်ကြီး ယွန်းပီယဲဘမ်ဘာတို့ရဲ့အိမ်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ်။ဒါပေ မယ့် သူတို့ဟာ ဝန်ကြီးချုပ်အိမ်ဘယ်မှာရှိသလဲ ရှာမရခဲ့ဖြစ်ခဲ့ရပြီး ဘမ်ဘာကိုလည်း သူ့အိမ်မှာရှာမတွေ့ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။
ဝန်ကြီးအိမ်မှာ တိုက်ခိုက်မှုမအောင်မြင်ဖြစ်ပြီးနောက် သူတို့ဟာ သမ္မတနန်းတော်ဖက်ကို ဇိုင်ယာအလံ ကိုင်ဆောင်ပြီးဆက်သွားခဲ့ကြပါတယ်။ ဇိုင်ယာဆိုတာ ၁၉၉၇ခုနှစ်မှာ ရာထူးမှဖြုတ်ချခံရတဲ့ အာဏာရှင် မိုဘူတူးဆီဆီဆီကို အုပ်ချုပ်ခဲ့တုန်းက ကွန်ဂိုရဲ့ယခင်အမည်ဟောင်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့အဖွဲ့ကို လုံခြံရေးတပ်ဖွဲ့တွေက ဟန့်တားနှိမ်နှင်းနိုင်ခဲ့ပါတယ်။
ကွန်ဂိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက သူမအနေနှင့် သတင်းကြားရတာ အတော်တုန်လှုပ်သွားတယ်လို့ပြောပြီး အာဖရိက သမဂ္ဂကတော့ အာဏာသိမ်းရန် ကြံ့စည်မှုကိုရှုတ်ချထားပါတယ်။
အာဏာပိုင်တွေက အာဏာသိမ်းမှုနှင့်ပတ်သက်လို့ အသေးစိတ်နားလည်အောင် အချက်အလက်တွေ ကြိုးစား ရှာဖွေနေဆဲဖြစ်ကြောင်းသိရပါတယ်။
Source: Hindustan Times
@ymg/knl
၂၀ မေ ၂၀၂၄
မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်
၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။
၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။
၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။
၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
@ymg/knl
Page 22 of 201