နေပြည်တော်- မတ်၂၉၊၂၀၂၆

စက်သုံးဆီဝယ်ယူရာတွင် အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများပြုလုပ်ခဲ့သူများကို ဆက်လက်အရေးယူလျက်ရှိရာ စက်သုံးဆီ အရောင်းဆိုင် (၃)ဆိုင်ကို ထပ်မံ၍ လိုင်စင်များယာယီပိတ်သိမ်း ခဲ့ပြီးအရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများအား ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဆိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၂၅၉၇)၊ မန္တလေးတိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၇၃၀)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန် မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “အောင်သိဒ္ဓိ” စက်သုံးဆီ  အရောင်းဆိုင်၊ လိုင်စင် အမှတ်(၀၄၈၀)တို့ဖြစ်ကြောင်းသိရပါတယ်။

ယင်းအပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာတဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာ လမ်းသွယ်(ကျူးကျော်)နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင်  ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေခြင်း၊ Taxi ယာဉ်များသည် ခွဲတမ်း  ပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်း ဆိုင်များတွင် ယာဉ်များတန်းစီမှု ပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

မတ်လ ၂၉ရက် ယနေ့မှစတင်၍ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန် လမ်းမ ကြီးတစ်လျှောက်တွင် Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း ဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်းသိရသည်။

#ymg/knl