မတ်၃၁၊၂၀၂၆

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့အစည်းအဝေးဒုတိယနေ့ကို ယနေ့ မတ်၃၁ ရက်က ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ ကျင်းရာ ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှဒေါက်တာကျော်ဆွေတို့အနက်  ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို ထောက်ခံမဲ၂၄၇မဲ ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။

အလားတူ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မတ်၃၁ ရက်က အမျိုးသားလွှတ်တော် အဆောက်အအုံ ၌ ကျင်းပရာ အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဒေါ်နန်းနီနီအေးနှင့်ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါက်တာ မနမ်တူးဂျာတို့အနက် ဒေါ်နန်းနီနီအေးကို ထောက်ခံမဲ ၁၁၇ မဲ  ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။

ထို့ကြောင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေးတို့သည် ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်တို့မှ တင်မြှောက်သော ဒုတိယသမ္မတများဖြစ်လာသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတ အမည်ကို တရားဝင်ကြေညာခြင်းမရှိသေးပေ။ သို့သော် မီဒီယာအချို့က ဦးညိုစောဟုထင်ကြေးပေးထားကြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှရွေးကောက်တင်မြှောက်ထားသော ဒုတိယသမ္မတ အပါအဝင် ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတ(၃)ဦးထဲမှ နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။

ထောက်ခံမဲအများဆုံးရသူသည် သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ(၁)နှင့် တတိယ  မဲအများဆုံးရသူက ဒုတိယမ္မတ(၂) အဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းသိရသည်။

#ymg/knl