၁၅ ဇွန် ၂၀၂၄
လာမည့် ၂၀၂၅နှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားပါတယ်။
မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်အတွင်ငးရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖ များအား ယနေ့ ဇွန်လ ၁၅ ရက်မနက်က မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးက ယင်းကိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
“ လာမည့် အောက်တိုဘာလအတွင်း လူဦးရေးနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း” ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက်ကို နစက သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
နိုင်ငံရေးကိုအကြောင်းပြုပြီး မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကိုဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက် မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း၊အဲဒါကြောင့်မိတ္ထီလာဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့တွင် ရှိပြီးသား ဖြစ်သည့်အခြေခံကောင်းများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒေသတစ်ခုတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သည့် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုသည်သာလျင် အဓိကကျတယ်လို့လည်းဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် မိတ္ထီလာခရိုင်၏ ဒေသဖွံ့ဖြိုတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပညာရေးကဏ္ဍများတွင် ဆောင်ရွက်ရန်ကိစ္စတွေကို အသေးစိတ်မှာကြားခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ မိတ္ထီလာခရိုင်အတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်လုပ်ငန်းတွေကိုလည်း ဆက်လက်ကြည့်ရှုအားပေးခဲ့ရာ ဦးမြဟန် ဆိတ်နှင့်သိုးမွေးမြူရေးလုပ်ငန်း၊Garden Familyဆိတ်မွေးမြူရေး လုပ်ငန်း၊ ကောင်းထက်စံနို့စားနွားမွေးမြူရေလုပ်ငန်း၊Leader of Textile Public Company နှင့်ကိန္နရီ ချည်ချော လုံချည် ထုတ်လုပ်ရေးလုပ်ငန်းစုတို့မှ တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြပြီး လိုအပ်သည်များဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် နစကအဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများနှင့် အခြားတာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့ သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
@knl/ymg
၁၀ ဇွန် ၂၀၂၄
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် ရန်ကုန်UG အဖွဲ့ဝင် (၉) ဦးတို့ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ဇွန်လ ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကျင်းပရာသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန်စီစဉ်လျက်ရှိကြောင်း သတင်းရရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
ရန်ကုန်UGအဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင်(၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း(၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာကာလင်း(၂၆)နှစ်တို့ ၇ ဦးအား ၁ဝ၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက် ၊သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ရဲ့ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင်ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်း ကောင်း၊ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့အဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်အရ Brigate Drone Force PDFအဖွဲ့ဝင် အာကာမင်း မှ ၂၀၂၄ ခုနှစ်၊ ဧပြီလတတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ပြီး အာကာမင်းမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါ တယ်။၊
သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲကိုပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖြူနှင်း အေး(ခ)မီးအိမ်ရှင် မှ စိန်ကြီး(ခ)အောင်ထွေး အား ဆက်သွယ်၍ ၁၀၇ မမရှော့တိုက် ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့်စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင် တို့ ၃ ဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ)ကျား ၂ ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။ ဖြူနှင်းအေး(ခ) မီးအိမ်ရှင်မှာ လွတ်မြောက် နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာ အနီး တစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီနောက်၁၀၇ မမ ရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊မ ၁ ဦး ပေါင်း ၉ ဦးတို့နှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ် ပစ္စည်းများအားဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
@ymg/knl
၉ ဇွန် ၂၀၂၄
မြန်မာနိုင်ငံမှာ ထိုင်းကွန်ဒိုဝယ်ယူမှုတွေအပေါ် ဖမ်းဆီးအရေးယူနေတဲ့ အတွက် ထိုင်းနိုင်ငမှာ ယခုနှစ်ဒုတိယနှင့် တတိယ လေးလပတ်ကာလတွေမှာ ကွန်ဒိုအဝယ်သိသိသာသာကျဆင်းသွားလိမ့်မယ်လို့ ထိုင်း ကွန်ဒိုမီနီယမ်အသင်းကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
မြန်မာအစိုးရရဲ့ဖမ်းဆီးအရေးယူမှုတွေကြောင့် ဧပြီလနှင့်မေလတွေမှာ ဘတ်ငွေ တစ်ဘီလျံကျော်တန်ကွန်ဒိုတွေတွေ မြန်မာနိုင်ငံက ဝယ်လက်တွေဝယ်ကြတာ ပိတ်သွားတယ်လို့ အဲဒီအသင်းဥက္ကဋ္ဌ ပရာဆတ်တရက်ဒူလာယာဆာတစ်က ပြောပါ တယ်။
“ ထိုင်းကွန်ဒိုတွေဝယ်ကြတဲ့ နိုင်ငံခြားဝယ်လက်တွေကြားထဲမှာ မြန်မာဟာ ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်နေတဲ့အတွက် အဲဒီနှိမ်နှင်းအရေးယူမှုတွေကြောင့် မြန်မာတွေ ဝယ်ဖို့ခက်ခဲသွားလိမ့်မယ်။ ဒုတိယနှင့်တတိယလေးလပတ်မှာ ကွန်ဒိုအရောင်း အပေါ် သိသိသာသာ အကျိုးဆက်ဖြစ်မှာ အသေအချာပဲ” လို့သူကပြောပါတယ်။
တရုတ်ရဲ့ကွန်ဒိုအဝယ်တွေကျဆင်းလာနေတဲ့အချိန်မှာ တိုးတက်လာနေတဲ့မြန်မာတွေရဲ့ ကွန်ဒိုဝယ်ယူမှု အရေအတွက် နှင့်တန်ဖိုးကို ကျွန်တော်တို့လျစ်လျူရှုလို့ကိုမရဘူး လို့လည်း သူကဆက်ပြောပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းကွန်ဒိုတွေကို ၂၀၂၂ခုနှစ်ကစတင်ဝယ်ယူလာကြတာဖြစ်ပြီး ထိပ်တန်း၁၀နိုင်ငံအပြင်ဘက် ကနေ ထိပ်တန်းငါးနိုင်ငံစာရင်းထဲ ဝင်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအိမ်ခြေံမြေသတင်းအချက်အလက်စင်တာမှ သိရပါ တယ်။
၂၀၂၂ခုနှစ်မှာ မြန်မာဟာ ကွန်ဒိုဝယ်ယူမှု အရေအတွက်အရ အဆင့် (၆)နှင့် တန်ဖိုးအရ အဆင့်(၃)ရခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ၂.၅၅ ဘီလျံဘတ်ရှိတဲ့ ကွန်ဒိုပေါင်း ၃၄၉ ခန်း ဝယ်ခဲ့ကြပါတယ်။ ၂၀၂၃မှာ မြန်မာဟာ အဆင့်(၄)ရောက်လာပြီး စုစုပေါင်း တန်ဖိုး ၃.၇ ဘီလျံဘတ်ငွေရှိတဲ့ ကွန်ဒိုပေါင်း ၅၆၄ ခန်းဝယ်ခဲ့ကြပါတယ်။
ယခုနှစ်မှာ မြန်မာဈေးကွက်ဟာ ဆက်လက်တိုးတက်လာခဲ့ပြီး ပထမလေးလပတ်မှာ အဆင့် (၂) ရောက်လာပါတယ်။ တန်ဖိုး ၂.၂ ဘီလျံဘတ်ငွေရှိတဲ့ ကွန်ဒိုပေါင်း ၃၉၂ခန်းဝယ်ခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၂-၂၀၂၃မှာ မြန်မာတွေကွန်ဒိုဝယ်ကြတာဟာ နိုင်ငံခြားသားစုစုပေါင်းဝယ်ကြတာရဲ့ ၃ရာခိုင်နှုန်းနှင့် ၄ရာခိုင်နှုန်း အကြားသာရှိခဲ့ရာမှ အရေအတွက်အရေ ၁၀ရာခိုင်နှုန်းနှင့် တန်ဖိုးအရ ၁၂ ရာခိုင်နှုန်းအထိ အချိုးအစားမြင့်တက်ခဲ့ပါတယ်။
“ မြန်မာနိုင်ငံကအဝယ်တွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာတွေစကတည်းက တိုးလာခဲ့တာပါ။ မကြာသေးခင်က တောင် မြန်မာတွေရဲ့ ကွန်ဒိုအဝယ်ဟာ စုစုပေါင်းရဲ့ တစ်ဝက်ရှိတယ်လို့ အချို့ ဆောက်လုပ်ရေးကုမ္ပဏီတွေကပြောကြတယ်” လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ ခေတ္တ ညွှန်ချုပ် ဗီချိုင်း ဗီရက်ကာပန်က ပြောပါတယ်။
မြန်မာတွေအကြိုက်အတွေ့ဆုံးက မဟာဘန်ကောက်ဧရိယာဖြစ်ပြီး တစ်နှစ်တစ်နှစ်မှာ မြန်မာတွေကို ကွန်ဒိုရောင်းရတာ မြင့်တက်လာပြီး ၂၀၂၄ ပထမလေးလပတ်မှာ တန်ဖိုး ၂.၁ဘီလျံဘတ်ရှိတဲ့ အခန်းပေါင်း ၃၆၆ ခန်းရောင်းရပြီး အရေအတွက် အားဖြင့် ၄၄၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။
“ မြန်မာဝယ်လက်တွေကို ပစ်မှတ်ထားနေတဲ့ ကွန်ဒိုရောင်းကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ အိမ်အရောင်းပြပွဲတွေဘက် အာရုံစူးစိုက်သင့်တယ်” လို့ မစ္စတာ ပရာဆတ်ကပြောပါတယ်။ “ သူတို့ဟာ နိုင်ငံခြားငွေအလွှဲအပြောင်းကို အချိန်ယူလုပ် ကြရတော့ မှာမို့ အသင့်နေကွန်ဒိုတွေထက် ကြိုပွိုင့်တွေဘက် ပြောင်းသွားလိမ့်မယ်” လို့ သူကပြောပါတယ်။
“ ထိုင်းကွန်ဒိုတွေကို ဝယ်ယူရာမှာ ငွေအပြည့် မထုတ်ယူရသေးတဲ့ ကြိုပွိုင့်ဝယ်ထားသူတွေနှင့် ဝယ်လက်အသစ်တွေကို အကျိုးသက်ရောက်မှုရှိလိမ့်မယ်”လို့ မစ္စတာဒီအင်န်အေအိမ်ခြံမြေကုမ္ပဏီအကြံပေး နှင့် မန်နေးဂျင်းဒါရိုက်တာ ဆူရာချက် ကွန်ချိက ပြောပါတယ်။
အဲဒီလိုဝယ်ထားသူတွေဟာ ပိုက်ဆံပြန်ထုတ်ဖို့ အခြားနည်းလမ်း သို့မဟုတ် လမ်းကြောင်းရှာထားဖို့လိုတယ်။ဒီလိုမလုပ် နိုင်ရင် ပြန်ညှိနှိုင်းရတာတွေနှင့် လိုအပ်ရင် ဖျက်သိမ်းရတာတွေအထိရှိလာနိုင်တယ်” လို့ မစ္စတာ ဆူရာချက်က ဆက်ပြောပါတယ်။
Source BKK Post
၈ ဇွန် ၂၀၂၄
သန်လျင်တံတားအမှတ်(၃)လေးလမ်းသွားတံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်လာမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဇွန်၈ရက်နံနက်က ကျင်းပတဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ဖွင့်ပွဲတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးတက်ရောက်အမှာစကားပြောကြားရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် အဆိုပါ ဒေသတွေ လူမှုစီးပွားတိုးတက်လာမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ယင်းအပြင်သန်လျင်တံတားအမှတ်(၁)တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည်ဖြစ် သည့်အပြင် နောင်အခါတွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့ အထိ ဆက်စပ် သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာ မက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောကြောင်း နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုဖွင့်လှစ်လိုက်တဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင် ၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ် ညှိ နှိင်းချက်များအရပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်ဒါပေမယ့်ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံ
တော်မှကျပ်(၄၆) ဘီလီယံကျော်ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေးဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါ တယ်။
တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ပါတယ်။ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိပါတယ်။ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ပါတယ်။
တံတားသည် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Boxအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်းသိရှိရပါတယ်။
@ymg/knl
၇ ဇွန် ၂၀၂၄
မြန်မာငွေတန်ဖိုး ကျဆင်းစေရေးအတွက် မည်သို့မျှမဖြစ်နိုင်သည့် ရွှေနှင့်ငွေကြေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်း ပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန်ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခဲ့ကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ယနေ့ ဇွန်လ(၇) ရက်က နေပြည်တော်မှာကျင်းပတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၄) တွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောင်စီဝင်များကို ပြောကြားရာမှာ အဆိုပါအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဧပြီလအတွင်း ရွှေဈေးနှင့်ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲအဆမတန် ပြောင်းလဲလာသည်ကိုတွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့်ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှင့်ငွေကြေးဈေးများသည့်ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့် ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းရှိလာခဲ့ပြီလို့လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားကြောင်း နစကရဲ့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေး ကမောက်ကမဖြစ်အောင်ဆောင်ရွက်ခြင်းများကိုမိမိတို့အနေဖြင့်ကြုံတွေ့ခဲ့ရပြီးထိုသို့သောအခက်အခဲအကြပ် အတည်းများကြားမှနိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိပြန်လည်ဦးမော့လာအောင်ဆောင်ရွက်နိုင်ခဲ့တယ် လို့ လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ထင်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပြီး နိုင်ငံ့စီးပွားရေးကျဆင်းစေရန်ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်လို့ ငွေဈေး တည်ငြိမ်ရန်အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ ရက်များမှာ ရွှေဈေး၊ဒေါ်လာဈေးများ ထူးခြားစွာမြင့်တက်ခဲ့ခြင်းနှင့်ဆက်စပ်၍ ရွှေလုပ်ငန်းရှင်အချို့၊ ရွှေကုန်သည်အချို့၊ ငွေကြေးကစားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပြင် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ရောင်းချသူနှင့်ဝယ်ယူသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ယင်းတို့အထဲတွင် အချို့မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်းလည်း နစကသတင်းထုတ်ပြန်ချက်များမှာဖော်ပြခဲ့ပါတယ်။
@ymg/knl
၇ ဇွန် ၂၀၂၄
အိန္ဒိယရဲ့ နာရင်ဒရာမိုဒီကို ယနေ့ ဇွန်လ ၇ရက်နေ့ သောကြာနေ့မှာ သူ့ရဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် ( အင်န်ဒီအေ)ရဲ့ အမတ်တွေက ဝန်ကြီးချုပ်အဖြစ် တရားဝင်တင်မြှောက်လိုက်ကြတဲ့အတွက် သူဟာ တတိယသက်တမ်းဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်သွားပါတယ်။ ယခုဆိုကမ္ဘာ့ လူဦးရေအထူထပ်ဆုံးအိန္ဒိယ နိုင်ငံဟာ ညွန့်ပေါင်းအုပ်ချုပ်တဲ့အစိုးရတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားရတာလည်းဖြစ်ပါတယ်။
မိုဒီဟာ ဒီနေ့နှောင်းပိုင်းမှာ သမ္မတ ဒရိုပါဒီမာမူးနှင့်တွေ့ဆုံပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းဖို့တင်ပြဖို့ရှိတယ်လို့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။ သူဟာ တနင်္ဂနွေညနေခင်းမှာ ကျမ်းသစ္စာကျိန်ဆိုဖို့ရှိမယ်လို့လည်း သူက ပြောပါတယ်။
မိုဒီရဲ့ ဘီဂျေပီပါတီဟာ အစိုးရဖွဲ့ဖို့ ဒေသဆိုင်ရာပါတီတွေနှင့် ထောက်ခံချက်ရယူရတာ ဆယ်စုနှစ်တစ်စု အတွင်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သူ့ပါတီဟာ အစိုးရဖွဲ့ဖို့ အမတ်နေရာ ၂၇၂ နေရာ လိုအပ်ခဲ့တာ ပါ။
အင်န်ဒီအေဟာ လော့ခ်ဆာဘာလို့ခေါ်တဲ့ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာထဲမှာ ၂၉၃နေရာ နိုင်ခဲ့ပါတယ်။ ရာဟူးဂန္ဒီရဲ့ စင်ထရစ်ကွန်ဂရက် ပါတီက နေရာ၂၃၀ကျော်နိုင်ခဲ့ပြီး ခန့်မှန်းထာထက် ပိုနိုင်ခဲ့ တာဖြစ်ပါတယ်။
ဘီဂျေပီနှင့် တီဒီပီနှင့် ဂျန်နာတာဒါ(ယူနိုက်တက်)ပါတီတွေပါဝင်တဲ့ ယင်းရဲ့မဟာမိတ်တွေက မိုဒီကို ခေါင်းဆောင်အဖြစ် ကန့်ကွက်သူမရှိဘဲ တစ်ခဲနက်မဲပေးခဲ့ကြတာပါ။
မိုဒီရဲ့အမည်ကို ရာထူးစွန့်လွှတ်တော့မယ့် ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက တင်သွင်းခဲ့ပြီး တာဝန်ပြီးဆုံး တော့မယ့် ဝန်ကြီးတွေနှင့် မဟာမိတ်ပါတီခေါင်းဆောင်တွေက ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
အမတ်အသစ်တွေနှင့် မဟာမိတ်အဖွဲ့တွေရဲ့ ဝါရင့်ခေါင်းဆောင်တွေက မိုဒီကို တစ်ခဲနက်ထောက်ခံကြပြီး မိုဒီ မိုဒီလို့ ပါလီမန်အဆောက်အဦဟောင်းရဲ့ ဗဟိုခန်းမအတွင်း ဟစ်ကြွေးခဲ့ကြပါတယ်။ ဘီဂျေပီက နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ပြည်ထဲရေးနှင့်ဘဏ္ဍာရေး အဓိကဝန်ကြီးဌာနလေးခုကိုရယူဖို့ရှိနိုင်ပြီး မဟာမိတ်တွေက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ မျက်စေ့ကျနေကြပါတယ်လို့ အိန္ဒိယမီဒီယာတွေက သတင်းရေးသားကြပါ တယ်။
Source Reuters
၇ ဇွန် ၂၀၂၄
ကင်မရွန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ဖီလီမွန်ယန်းကို ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘာပတိအဖြစ် ဇွန်လ ၆ ရက်နေ့က တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။
ယန်းဟာ ၇၈ကြိမ်မြောက်ညီလာခံရဲ့သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ထရင်နီဒက်နှင့်တိုဘာဂိုနိုင်ငံမှ ဒင်းနစ်ဖရန်စစ် ထံကနေ စက်တင်ဘာ၁၀ရက်နေ့ ညီလာခံဖွင့်တဲ့အခါ တာဝန်လွှဲယူမှာဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းကို ဗဟုဝါဒတိုးမြှင့်ကြဖို့ ရွေးကောက်တင်မြှောက်ခံရတဲ့ သဘာပတိအသစ်က တိုက်တွန်း ပြောကြားပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့အခြေခံမူတွေနှင့် ပဋိညာဉ်အုတ်မြစ်ကိုလည်း သူကအလေးပေးပြောပါတယ်။
ယန်းဟာ ၁၉၄၇ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပြီး ၂၀၀၉ မှ ၂၀၁၉အထိ ကင်မရွန်ဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်မှစကာ သမ္မတရဲ့ အမျိုးသားဂုဏ်ထူးဆောင်ဆု အဓိပတိကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ကင်မရွန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် ရွေးချယ်ခံရတဲ့ အာဖရိကနိုင်ငံတွေထဲမှာ ၁၃နိုင်ငံမြောက် ဖြစ်ပါတယ်။ ၂၀၁၄မှာ ယူဂန်ဒါနှင့် ၂၀၁၉ မှာ နိုင်ဂျီးရီးယားတို့ အရွေးခံခဲ့ရပါတယ်။
Source Xinhua
Page 20 of 201