#Local_News
Published 22 July 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် (၅၄) ကြိမ်မြောက် ဝါတွင်းသုံးလကို ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ ဝါတွင်းသုံးလဖြစ်သည့် ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်)မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်)အထိ အပတ်စဉ် ဥပုသ်နေ့တိုင်းဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ သီလပေးတရားတော်ချီးမြှင့်ခြင်းနှင့် ဓမ္မပူဇာတရားပွဲများ ဟောကြားခြင်းတို့ကို စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။
■ ထိုသို့ကျင်းပရာတွင် ဝါတွင်းကာလဥပုသ်နေ့များတွင် နံနက် ၁၀နာရီခွဲ အချိန်တွင် သီလပေးတရားတော်များကို ဗိုလ်တထောင်မြို့နယ်ရှိ ဆရာတော်အရှင်သူမြတ်များက ဟောကြားကြားမည် ဖြစ်ပြီး မွန်းလွဲ ၁၂နာရီ ခွဲနှင့် ညနေ ၃ နာရီတို့တွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကတိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ နိုင်ငံကျော်ဓမ္မကထိကဆရာတော်ကြီးများက သစ္စာလေးပါးမြတ်တရားနှင့် ခန္ဓာဉာဏ်ရောက် နိဗ္ဗာန်ပေါက်တရားတော်မြတ်တို့ကို ဟောကြားချီးမြှင့်ကြမည်ဖြစ်သည် ။
■ အဆိုပါ ဥပုသ်နေ့များတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသော အလှူရှင်များ၊ သီလဆောက်တည်သောယောဂီများနှင့် ဘုရားဖူးလာပြည်သူအတွက် စားဖွယ်သောက်ဖွယ်ရာအာဟာရဒါနများ လှူဒါန်းခြင်းများကို အလှူရှင်များနှင့် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ပူးပေါင်းကာ စီစဉ်ထားရှိကြောင်းလည်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 July 2026
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၏ စီးပွားရေးထုတ်လုပ်မှု၊ ဒေသတွင်း GDP နှင့် စားနပ်ရိက္ခာဖူလုံမှု တိုးတက်စေရန် ဒေသအာဏာပိုင်များက ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင်၂၁ ရက်က တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်၂၁ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ရန်ကုန်နှင့် ပဲခူးသည် နိုင်ငံ၏ စီးပွားရေးအားကောင်းသည့် အဓိကတိုင်းဒေသကြီး ခြောက်ခုတွင် ပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME စီးပွားရေးလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ရန်လိုကြောင်း သမ္မတကပြောကြားခဲ့သည်။
■ ထုတ်လုပ်မှုတွင် အရေအတွက်ထက် အရည်အသွေး ကို ဦးစားပေးရမည်ဖြစ်ပြီး ကုန်ပစ္စည်းအမျိုးအစားတူပါက ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်းတူပါကအရည်အသွေးပိုမိုကောင်းမွန်ရန်လိုကြောင်းလည်းဆိုသည်။
■ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လူဦးရေများပြားသည့် ဒေသအတွက် အသားနှင့် ငါးထုတ်လုပ်မှု တိုးမြှင့်ရန်၊ စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြတိုးချဲ့မှုများကို Town Plan များဖြင့် ရေရှည်တွက်ချက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ လမ်း၊ လျှပ်စစ်၊ ရေမြောင်း၊ ဆက်သွယ်ရေး ကြိုးနှင့် မြေအောက်ကေဘယ်လ်စနစ်များကို စနစ်တကျဖော်ဆောင်ရန်နှင့် အမှိုက်စွန့်ပစ်မှု၊ ယာဉ်စည်းကမ်းနှင့် မြို့ပြသန့်ရှင်းသာယာရေးကိုလည်း ကြပ်မတ်ရန်လိုကြောင်း သူကပြောကြားခဲ့သည်။
■ ပဲခူးတိုင်းဒေသကြီးတွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ အထွက်နှုန်းမြှင့်တင်ရန်၊ ငါးမွေးမြူရေး လုပ်ငန်းကို တိုးချဲ့ရန်နှင့် စိုက်ပျိုးရေလုံလောက်စေရေး ရေလှောင်တမံနှင့် ရေနုတ်မြောင်းများကို စနစ်တကျစီမံရန်လိုကြောင်း သမ္မတက ပြောသည်။
■ ပြည်ပမှ စားသုံးဆီတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးမြှင့်ရေးနှင့် ပြည်တွင်းဆီစားသုံးမှု လျှော့ချရေးကိုလည်း သူက တိုက်တွန်းခဲ့သည်။
■ ဦးမင်းအောင်လှိုင်က တိုင်းဒေသကြီးနှစ်ခုစလုံးတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေးကို စီးပွားရေးတိုးတက်မှုနှင့်အတူ ဆောင်ရွက်ရန်လိုကြောင်းပြောကြားခဲ့ပြီး ကျောင်းသားများ အမှန်တကယ်ပညာတတ်မြောက်ရေး၊ ဆေးရုံများတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လုံလောက်ရေးနှင့်ကလေးများအာဟာရပြည့်ဝရေးကို အလေးထားရန်တိုက်တွန်းခဲ့သည်။
■ နိုင်ငံရေး သဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လည်း နိုင်ငံတော်သမ္မတက ထပ်မံအသိပေးပြောကြားခဲ့သည်။
၁၉၊ဇူလိုင်၊၂၀၂၆ (ရန်ကုန်)
မှော်ဘီမြိုနယ်အတွင်းရှိ ကော်စေ့လုပ်ငန်းတစ်ခုတွင် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲထားကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၁၉ရက်နေ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ယ်၊ ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ကော်စေ့ လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် မီတာ အားချက်ချင်းဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမသမာမှု ဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၄ သိန်း ၄ သောင်းကျော် နစ်နာဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ထို့ကြောင့် လျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် (၃၀၁,၈၉၃,၅၇၅/-)(ကျပ် သုံးရာ့ တစ်သန်း ရှစ်သိန်း ကိုးသောင်း သုံးထောင် ငါးရာ ခုနစ်ဆယ့် ငါးကျပ် တိတိ) အား ကျူးလွန်ဖောက်ဖျက်သူက ပေးဆောင် စေရမည့် အပြင် လျှပ်စစ်ဥပဒေ အရ (၆)လ ဓာတ်အားပေးခြင်းအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့အပြင် လျော်ကြေး၊ ဒဏ်ကြေး ငွေအား (၁၄)ရက် အတွင်း မသွင်းပါက လျှပ်စစ်ဥပဒေ နှင့်အညီ တရားစွဲ ဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
လျှပ်စစ်ဓာတ်အားခိုးယူအသုံးပြုမှုများကို Control Center များမှ စောင့်ကြည့် စစ်ဆေးဖော်ထုတ် နိုင်ခြင်းနှင့် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများ ထူးကဲစွာတိုးမြင့်ရရှိ လာသည့်အတွက် ပိုမိုဖော်ထုတ် လာနိုင်ခြင်းတို့သည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေလျက်ရှိရာ ပြည်သူများ အနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဝန်ကြီးဌာနကမေတ္တာရပ်ခံထားသည်။
ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနဲ့ ကျောင်းသား၊ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေဖို့ နေပြည်တော်မြိုတွင်းEV ဘတ်စ်ကားများ လမ်းကြောင်းအသစ်တိုးချဲ့ပြေးဆွဲရေး စီစဉ်ဆောင်ရွက်နေတယ်လို့
သိရပါတယ်။
#Local_News
Published 19 July 2026
#EVဘတ်စ်ကား
#YMG/NN #Yangon_Times
၁၈ ဇူလိုင်၊၂၀၂၆
နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်ယနေ့ ဇူလိုင်၁၈ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများကို ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက်မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ရရှိရေးသည်အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်း များဖြင့် လုံလုံလောက်လောက် ဝယ်ယူစားသောက်နိုင် စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်း ဖြစ်သဖြင့် ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လည်း နိုင်ငံတော် သမ္မတက မှာကြား သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် . ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်း နိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်စေ ခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆက်လက်အကောင်အထည်ဖော်သွားကြရန်လိုကြောင်း လည်း ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါ ဘက်စုံစိုက်ပျိုး မွေးမြူ ရေးဇုန်တွင် စစ်ဆေးစဉ် သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးအောင်လင်း ဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါခဲ့ကြသည်။
၁၈ ဇူလိုင်၊၂၀၂၆
တစ်နှစ်လျင် တန်ချိန် ၅ သိန်းချက်လုပ်နိုင်သည့် အမှတ်(၁)ရေနံချက်စက်ရုံ(သံလျင်)၏ ပထမအဆင့် Phase အား ယခုနှစ် စက်တင်ဘာလတွင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေ အနေများကို နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
“ စက်ရုံလည်ပတ်ချိန်တွင် ပြည်သူလူထုအတွက် အလုပ်အကိုင်များလည်းရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်း လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်လည်း ဖြစ်ကြောင်း၊ ပြည်ပမှ စက်သုံးဆီတင် သွင်းနေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြား ငွေသုံးစွဲမှုများလည်းလျော့နည်းနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
အဆိုပါရေနံချက်စက်ရုံဖွင့်လှစ်နိုင်ခြင်းသည်မိမိတို့အစိုးရ မော်ကွန်းမှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်းနှင့် စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သည့်ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စီမံ ဆောင်ရွက်ကြရန်လည်း သမ္မတက ဆက်လက်ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
တစ်နှစ်လျင် တန်ချိန် ၅ သိန်း ချက်လုပ်နိုင်သော Modular Type Refinery အား Phase I အဖြစ် စတင်ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ပြီး Phase II ကိုလည်းဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ Phase II ပြီးစီးချိန်တွင် နိုင်ငံတော်လိုအပ်ချက်၏ ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းသိရသည်။

#Local_News
Published 18 July 2026
■ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) (MRESA) ၏ နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ်အစည်းအဝေး (2026-AGM) ကို ယနေ့ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Sky Star Hotel ၌ ကျင်းပခဲ့သည်။
■ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ MRESA (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အသင်းဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခု၊ ခရိုင် (၂၀) ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၂) မြို့နယ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
■ MRESA အနေဖြင့် ပြည်တွင်းအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအပြင် အာဆီယံဒေသအထိ လုပ်ငန်းချဲ့ထွင်ဆောင်ရွက်နိုင်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည့်အပြင် အသင်းဝင်အကျိုးဆောင်များ၏ ကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ မြှင့်တင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာသင်တန်းများ၊ နည်းပညာဖလှယ်မှုများနှင့် Professional စံနှုန်းများ မြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
■ MRESA သည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ NIHON University တွင် အမေရိကန်နိုင်ငံ National Association of Realtors (NAR)၊ ဂျပန်နိုင်ငံ JARECO (Japan-American Real Estate Coalition Organization) နှင့် Long Island Board of Realtors တို့နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍအတွက် ဥပဒေ၊ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေး၊ အသင်းသားများ၏ Professional အရည်အသွေး မြှင့်တင်ရေးနှင့် နိုင်ငံတကာစံနှုန်းနှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 53 of 2438