#Local_News
Published 02 September 2026
■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၀၇ ဦးအား ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြားများဖြင့် ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ခဲ့သည်။
■ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ်များထက် တိုးတက်လာကြောင်း၊ ယခုနှစ်တွင် စတင်ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ၄၉ ဒသမ ၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိသူ ၆၇၄ ဦးနှင့် ဘာသာတွဲအလိုက် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူ ၃၂ ဦး ပေါ်ထွက်ခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးရရှိသူ သုံးဦးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ ၅၀ ပေါ်ထွက်ခဲ့သည်။
■ နိုင်ငံတော်သမ္မတက နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းဆောင်ရည်သည် အဓိကကျကြောင်း ပြောကြားခဲ့သည်။
■ ထူးချွန်လူငယ်များအနေဖြင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာကာ စွမ်းဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းနှင့် အတွေးအခေါ်ပိုင်းကို မြှင့်တင်၍ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
■ ထို့ပြင် နည်းပညာခေတ်နှင့်အညီ ဒီဂျစ်တယ်စီးပွားရေးနှင့် AI အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေသဖြင့် လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေများကို မျက်ခြည်မပြတ်လေ့လာပြီး သိပ္ပံနှင့်နည်းပညာအခြေပြု စွန့်ဦးတီထွင်မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ လူမှုကွန်ရက်နှင့် အင်တာနက်ကို ပညာရပ်သစ်များ ရှာဖွေလေ့လာရေးအတွက် မှန်ကန်အကျိုးရှိစွာ အသုံးချရန် တိုက်တွန်းခဲ့သည်။ စာဖတ်သည့်အလေ့အကျင့်မွေးမြူ၍ အသိပညာဗဟုသုတ၊ အကျင့်စာရိတ္တနှင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းတို့ကို မြှင့်တင်ရန်လည်း မှာကြားခဲ့သည်။
ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ၉၂ ကျောင်း အထိ ရှိလာပြီဖြစ်ကြောင်းနှင့် ယခုပညာသင်နှစ်မှစ၍ အခြေခံပညာအလယ်တန်းအဆင့်တွင်လည်း သက်မွေးပညာရပ်များ ထည့်သွင်းသင်ကြားနေကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
■ လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်း၍ လူငယ်ရေးရာမူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ လူငယ်များ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုရှိနိုင်ကြောင်း ထောက်ပြပြီး သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိနိုင်ငံနှင့် လူမျိုးအကျိုးကို ပြန်လည်သယ်ပိုးရန် တိုက်တွန်းခဲ့သည်။
■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတအပါအဝင် တာဝန်ရှိသူများက သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့မှ တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံးရရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
■ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ပုသိမ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ မနှင်းဝင့်ထည်က ကျေးဇူးတင်စကားပြောကြားပြီး ရရှိထားသည့် ပညာနှင့် အခွင့်အရေးများကို အသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။