#DailyNews
Published - 18 June 2022
၁။ သွေးလွန်တုပ်ကွေးမဖြစ်အောင် ကလေးငယ်များကိုနေအိမ်တွင်သာမက မူကြိုများ၊စာသင်ကျောင်းများ ၌ပါခြင်မကိုက်အောင်ထားရန်လို
၂။ ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေသည်ဟု ဗဟိုဘဏ်ပြော
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စင်ကာပူတွင် ဆယ်စုနှစ်အတွင်းငွေကြေးဖောင်းပွမှု အမြင့်ဆုံးအခြေအနေရောက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 18 June 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် ဝက်ဘ်ဆိုက်အား စတင်လွှင့်တင်ခဲ့သည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဇွန်လ ၁၇ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းဘဏ္ဍာတိုက်အား မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ ထုတ်ပြန်ထားသည့် ပြည်တွင်းဥပဒေ၊ နည်းဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို၏ ပြဌာန်းချက်အစီအမံများအား တစ်နေရာတည်းတွင် လွယ်ကူစွာ စုစည်းရှာဖွေလေ့လာ သိရှိနိုင်ရန် ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍများအား အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံ၏ယှဉ်ပြိုင်နိုင်မှုအား မြင့်မားစေရန်တို့အတွက်ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသေးစိတ်သိရှိလိုသည်များအား https://www.servicetrade.gov.mm ၌ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 18 June 2022
သွင်းအားစုစျေးမြင့်တက်နေသော်လည်း ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ဧရာဝတီတိုင်းဒေသကြီး၌ မိုးစပါးစိုက်ဧက ၃၇သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
တောင်သူများကို ဓာတ်မြေဩဇာများအား သင့်တင့်မျှတသည့် စျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရန် နိုင်ငံခြားမှ တင်သွင်းရောင်းချပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း စိုက်ပျိုးရေးဦးစီးဌာ၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်က ပြောသည်။
"စိုက်ပျိုးရေး သွင်းအားစုစျေးက နိုင်ငံတကာစျေးနှုန်းတွေနဲ့ ချိတ်ဆက်နေတာကြောင့် စျေးတက်နေတဲ့အပေါ် မထိန်းချုပ်နိုင်ပေမယ့် ကျွန်တော်တို့အပါအဝင် သမနဲ့ကျေးလတ်ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့တို့ပူးပေါင်းပြီး နိုင်ငံခြားက မြေဩဇာတွေကို တင်သွင်းပြီး စပါးစိုက်တောင်သူတွေကို သင့်တော်တဲ့စျေးနဲ့ ရောင်းချပေးဖို့ စီစဥ်ဆောင်ရွက်နေပါတယ်။ လက်ရှိကာလမှာ ဓာတ်မြေဩဇာစက်ရုံအချို့က ဂတ်စ်ရရှိမှုတွေ မလုံလောက်တာကြောင့် အပြည့်အဝရရှိမယ်ဆိုရင် စက်ရုံတွေ အရင်လို ပြန်လည်ပတ်ပြီး တစ်အိတ်ကို ၃သောင်းစျေးနဲ့ ဖြန့်ဝေပေးသွားနိုင်မှာ ဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်းအပြည့်အဝ စိုက်ပျိုးနေတာဖြစ်လို့ အခုနှစ်လဲ စိုက်ပျိုးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ နွေစပါးကတော့ ဧက ၁၄ သိန်းကျော်လောက် ပုံမှန်စိုက်ပျိုးပါတယ်။ မနှစ်ကတော့ သွင်းအားစု စျေးမတည်ငြိမ်တာကြောင့် နွေစပါးဧက ၅သောင်းကျော်လောက်လျော့ကျသွားပါတယ်။ ဆောင်းသီးနှံကတော့ ပဲမျိုးစုံစိုက်ပျိုးပြီး စုစုပေါင်း ဧက ၁၆ သိန်းကျော်လောက် ရှိနေပါတယ်" ဟု ယင်းကပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ မိုးစပါးဧက ၃၇၅,၇၁၉၉ သိန်းရှိပြီး နွေစပါးဧက ၁၄၂,၆၄၂၃ ဧက ရှိနေကာ စပါးအပါအဝင် အခြားသီးနှံများဖြစ်သည့် ပဲမျိုးစုံ၊ ငရုတ်၊ ပြောင်း အစရှိသဖြင့် စိုက်ဧကပေါင်း ၈၁ သိန်းကျော်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _18 June 2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသေးစားနှင့် အလတ်စား စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေးချေးငွေ အမြင့်ဆုံး ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
SME စိုက်ပျိုးရေး လုပ်ငန်းများအတွက် စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးပေးရာတွင် လယ်ယာကုန်ထုတ်လုပ်ငန်းများနှင့် စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်နေသည့်လုပ်ငန်းများ အကျုံးဝင်မည်ဖြစ်ပြီး SME မှတ်ပုံတင်ထားသည့် လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယခင်က တောင်သူတစ်ဦးလျှင် အမြင့်ဆုံးချေးငွေ ကျပ်သိန်း ၅၀၀ အထိ ထုတ်ချေးပေးထားပြီး၊ ယခုနှစ်မှစတင်၍ ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ တောင်သူအစုအဖွဲ့ အနည်းဆုံး သုံးဦးကို ယခုနှစ်တွင် အမြင့်ဆုံး ချေးငွေ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူကြီးများနှင့် တောင်သူအစုအဖွဲ့များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအရ JICA နှင့် ပူးပေါင်းကာ လယ်ယာစိုက်ပျိုးရေးချေးငွေများကို ၂၀၁၇ ခုနှစ်မှ စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 18 June 2022
အခြေခံပညာအလယ်တန်းအဆင့် ရှစ်တန်းအောင်မြင်ပြီးသူများအနေဖြင့် ပထမဆုံး သမဝါယမ စာရင်းကိုင်ပညာ သင်တန်းကျောင်းများကို တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလကို ၂ နှစ် သတ်မှတ်ထားပြီး ပထမနှစ်တွင် Business Accounting ၊ Fundamentals of ICT၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များနှင့် ဒုတိယနှစ်တွင် Cost Accounting ၊ Financial Accounting Computerized Accounting၊ Business Organization and Management ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ် ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များအား သင်ကြားရမည် ဖြစ် သည်။
သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့် အလုပ်အကိုင်ပါတစ်ပါတည်း ရရှိစေရန် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးဆုံး အောင်မြင်သူများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန သမဝါယမဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်း၌ အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။
တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးစသည့် ဒေသများတွင် သမဝါယမ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများထားရှိကာ သင်တန်းတက်ရောက်သူများကို နိုင်ငံတော်က စားသောက်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ် ၃၀၀၀၀ နှင့် ဝတ်စုံစရိတ် တစ်နှစ်စာ ၂၅၀၀၀ ကျပ် ထောက်ပံ့မည့်အပြင်၊ နယ်မှလာရောက်သူများအတွက် နေထိုင်ရန် အဆောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း ယင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 18 June 2022
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၄၁၃၇ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇွန် ၁၅ ရက် ညနေ ၆ နာရီအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာ၊ စစ်တောင်းတံတားထိပ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဝေါမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ နေမျိုးမြင့် မောင်းနှင်လာသည့် SUZUKI ERTIGA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ် ဆေးပြား ၂၇၅၈၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၁၃၇ သိန်း) ၊ မြန်မာငွေ ကျပ် ၃ သိန်းကျော် နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပါတယ်။
ထို့ကြောင့် နေမျိုးမြင့် (၅၀) နှစ်အား ညောင်ခါးရှည်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 18 June 2022
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက ရန်ကုန်တွင် ကလေးအထူးကုဆေးရုံများဖြစ်သည့် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)၊ရန်ကင်းကလေးဆေးရုံကြီးနှင့် ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်ရှိသော အစိုးရဆေးရုံများ၊ ကလေးကုသရေးဌာနရှိသော ပုဂ္ဂလိကဆေးရုံများတွင်ကုသနိုင်ကြောင်း သိရသည်၊၊
"ကလေးကုသရေးဌာနတွေ၊ ကလေးဆရာဝန်တွေရှိတဲ့ အစိုးရဆေးရုံတွေမှာကုသနိုင်တယ်၊၊ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတို့မှာ ကုသလို့ရတယ်၊၊ ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်များရှိတဲ့ သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးတွေမှာလည်း ကုသနိုင်တယ်၊၊ မြောက်ဥက္ကလာမှာဖြစ်ရင်တော့ နီးတဲ့ မြောက်ဥက္ကလာဆေးရုံကြီးမှာပဲကို ကုသလိုရတယ်၊၊ ကလေးကုသရေးဌာနနဲ့ ကလေးဆရာဝန်ရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာလည်းကုသလို့ရပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောသည်၊၊
သွေးလန့်သည့်အဆင့်ရောက်နေသည့်ကလေးများ အတွက်တော့ ကလေးဆရာဝန်ကြီးများ၊ ကုသရေး ပစ္စည်းများစုံလင်သည့် ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတွင် ကုသနိုင်ပါကအကောင်းဆုံးဖြစ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားကဆက်လက် ပြောသည်၊၊
အစိုးရဆေးရုံများဖြစ်သည့် သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် ကလေးကုသရေးဌာနရှိသည့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများကို ကုသနိုင်ကြောင်းကိုတော့သိရှိသူ နည်းပါးနေသေးကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1612 of 1872