#LocalNews
Published_ 24 March 2023

တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲသူများနှင့် ဓာတ်အားခိုးယူသုံးစွဲများအား ကွင်းဆင်းစစ်ဆေးပြီး လျှပ်စစ်ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှမတ်လ(၂၄)ရက်ထုတ်ပြန်ကြေငြာလိုက်သည်၊၊

ယင်းကဲ့သို့ ကျူးလွန်သူများကို ဓာတ်အားဖြတ်တောက်ခြင်း ၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများအပြင် ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေအရတရားစွဲဆိုမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ငွေဒဏ်အပြင် အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိထောင်ဒဏ်ချမှတ်ခံရမည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရသည် အများပြည်သူများ၏ လူမှုရေး ၊စီးပွားရေးနှင့် လုံခြုံရေးများအတွက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်သယ်ပို့ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ တရားဝင် ဓာတ်အားသုံးစွဲခွင့်ပြုထားသော ပြည်သူအချို့နှင့် တရားဝင်ဓာတ်အားသုံးစွဲခွင့်မရရှိသေးသော ပြည်သူအချို့သည် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲမှုများ ပြုလုပ်လျက်ရှိသည်ဟုဆိုသည်၊၊

တရားမဝင်ဓာတ်အားသုံးစွဲမှုများအနေဖြင့် အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ပြုလုပ်သုံးစွဲခြင်းဖြစ်သည်၊၊
(က) လျှပ်စစ်ဓာတ်အားကိုခိုးယူသုံးစွဲခြင်း
(၁) မီတာမရှိဘဲတိုက်ရိုက်ခိုးယူခြင်း ။
(၂) မီတာရှိသော်လည်း မီတာမတက်အောင် ပြုလုပ်သုံးစွဲခြင်း ၊ မီတာမရောက်မီ အဝင်မှသုံးစွဲခြင်း( By Pass )၊ မီတာအဝင်ကြိုး ၊ အထွက်ကြိုး ခွထောက်သုံးစွဲ ခြင်း ၊ မီတာအဝင်ကြိုးနှင့်အထွက်ကြိုးပြောင်းပြန်တပ်ဆင်ခြင်း။
(ခ) ဆင့်ပွားဓာတ်အားဆက်သွယ်အသုံးပြုခြင်း ။
(ဂ) အထွေထွေအိမ်သုံးမီတာ ၊ အိမ်တွင်းသုံးပါဝါမီတာမှစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း။
(ဃ) အသေးစားစက်မှုလက်မှု၊ စက်မှုလက်မှုနှင့်တစ်လုံးတစ်ခဲတည်း မီတာမှခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲခြင်း။
(င) မီတာအမျိုးမျိုးအား ပြုပြင်၍ဓာတ်အားခိုးယူသုံးစွဲခြင်း ( မီတာရှန့်လင့်များဖြုတ်ခြင်း ၊ မီတာ၏အတွင်းအစိတ်အပိုင်းအား ပြုပြင်ထားခြင်း၊ မီတာရှိဝက်အူ( Serew )များ လျော့ခြင်း။
(စ) စက်မှုလက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် ကန့်သတ်တားမြစ်ထား သည့်အချိန်( ၁၇:၀၀ )နာရီမှ( ၂၃:၀၀ )နာရီအတွင်း လျှပ်စစ်ဓာတ်အားရယူ၍ စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုခြင်း ၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အလှည့်ကျ ဓာတ်အားပိတ်ထားသောအချိန်တွင် မိမိသဘောဖြင့် လျှပ်စစ်ဓာတ်အား ကို ရယူ၍ စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုခြင်း။
(ဆ) လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် အလှည့်ကျဓာတ်အားပိတ်ထားသောအချိန် တွင် မိမိသဘောဖြင့် လျှပ်စစ်ဓာတ်အားကိုရယူ အသုံးပြုခြင်း။
(ဇ) ဓာတ်အားလိုင်း( ၂ )လိုင်းနှင့် ဓာတ်အားလိုင်း( ၂ )လိုင်း အထက်ဆွဲထားခြင်း ။
(ဈ) အထွေထွေအိမ်သုံး ၊ အိမ်တွင်းပါဝါအသေးစားစက်မှုလက်မှု ၊ စက်မှုလက်မှု တစ်လုံး တစ်ခဲတည်း မီတာများတွင် ချို့ယွင်းမှုများ( Tampered )တရားမဝင်ပြုလုပ်ခြင်း ။
(ည) မီတာနှင့်တွဲဖက်သုံးစွဲထားသော Current Transformer ၊ Voltage Transformer များကိုလည်းကောင်း၊ မီတာနှင့် Current Transformer ၊ Voltage Transformer များကိုဆက်သွယ်ထားသော လျှပ်စစ်ပတ်လမ်း ( Electric Circuit ) ကိုလည်းကောင်း မူလအနေအထားမှ ပျက်ယွင်းအောင်ပြုပြင်မှု( Tampered )ပြုလုပ်ခြင်း ။
(ဋ) မီတာနှင့်တွဲဖက်သုံးစွဲထားသော Current Transformer ၊ Voltage Transformer များကိုလည်းကောင်း ၊ မီတာနှင့် Current Transformer ၊ Voltage Transformer များကို ဆက်သွယ်ထားသော လျှပ်စစ်ပတ်လမ်း( Electric Circuit )ကိုလည်းကောင်း၊ Tampered ပြုလုပ်ခြင်း မဟုတ်သည့် မီးသုံးသူ၏ ပယောဂမပါရှိဘဲ အကြောင်းတစ်စုံ တစ်ခုခုကြောင့် အားနည်းမှု ၊ ချို့ယွင်းမှု ၊ ပျက်စီးမှုဖြစ်ခြင်း ။

အထက်ပါ မသမာသောနည်းဖြင့် ဓာတ်အားသုံးစွဲသူများကြောင့် ဓာတ်အားပျောက်ဆုံးမှုများ ၊ ဗို့အားကျဆင်းမှုများ ၊ ထရန်စဖော်မာများမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုများ ၊ ဓာတ်လိုက်မှုအန္တရာယ်များ ၊ မီးဘေးအန္တရာယ်များနှင့် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေ လျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်နေသည့်အပြင် တရားမဝင် ဓာတ်အားသုံးစွဲသူ ပြည်သူများအတွက်လည်း အနှောင့်အယှက်ဖြစ်ပေါ်စေမည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊

သို့ဖြစ်၍ " သက်ဆိုင်ရာမြို့နယ်များမှလည်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး " အထက်အပိုဒ်( ၂ )ပါ တရားမဝင်ဓာတ်အား သုံးစွဲမှုနည်းလမ်းတစ်ခုခုကို ဖောက်ဖျက်ကျူးလွန် ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိပါက မီးသုံးစွဲသူကာယကံရှင်နှင့်အတူ ပူးပေါင်းကြံစည်ပါဝင် လုပ်ဆောင်သူများအား ဓာတ်အားဖြတ်တောက်ခြင်း ၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများ အရေးယူခံရမည်ဖြစ်သည့်အပြင် ( ၂၀၁၄ ) ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ( ၅၂ )၊( ၅၃ )အရ အမှုဖွင့်တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ်အပြင် အနည်းဆုံးငါးနှစ် မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
ymg/tthl
#Yangon_Media_Group