#LocalNews
Published-24 March 2023

မလေးရှားသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီ ၃၀ ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆေးသမားကြီးကျေးရွာအုပ်စု၊ အုန်းတောချေဒုက္ခသည်စခန်းအနီး၊ပင်လယ်ကမ်းစပ်တွင် မတ်လ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

မလေးရှားသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီ ကျား ၃၄ ဦးနှင့် စက်လှေမောင်းနှင်သူ ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ရာ ယင်း ဖမ်းဆီးရမိဘင်္ဂါလီများမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း နေထိုင်သူများဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်လိုပါက ငွေကျပ်သိန်း ၈ဝ ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကာ စရံငွေ ၃ သိန်းကျပ် အရင်ဆုံးပေးထားရန်နှင့် ကျန်ငွေများကို မလေးရှားရောက်မှသာ ပေးဆောင်ရမည်ဟု ပွဲစားများက လာရောက်စည်းရုံးခဲ့ကြောင်း၊ယင်းကြောင့် သွားရောက်ရန် သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဘင်္ဂါလီများကို ပွဲစားများက ရသေ့တောင်မြို့နယ်ရှိ အာကာတောင်ကျေးရွာနှင့် သမီးလှကျေးရွာတို့တွင် စုစည်းခဲ့ပြီး ၎င်းမှတစ်ဆင့် စက်လှေများဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာ၍ စက်လှေအကြီးပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း၊ စက်လှေမှာ ငါးဖမ်းပိုက်နှင့်ငြိပြီး ဆက်လက်ထွက်ခွာ၍ မရဘဲရှိနေစဉ် ကမ်းစပ်သို့ ရေကူးလာကြခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် အဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။

ယခုအခါ ဖမ်းဆီးရမိဘင်္ဂါလီများကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ပို့ဆောင်ရာ၌ ပါဝင်သူအား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group