#Local_News
Published 29 Aug 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လွဲပြောင်းပေးလာသည့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ အမျိုးသား(၃၉)ဦး၊အမျိုးသမီး(၇)ဦး စုစုပေါင်း( ၄၆ )ဦးကို တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။
ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသူများကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်လဝကဌာနခွဲ( ၆)လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါနှင့်ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ ဆေးစစ်မှုများပြုလုပ်ပြီး ဝမ်လုံး Quarantine Center ၌( ၇ )ရက်ထားရှိကာ ( ၅)ရက်မြောက်နေ့တွင်ဆေးစစ်မှု တစ်ကြိမ်ထပ်မံပြုလုပ်ပြီး ရောဂါပိုးကင်းစင်ပါက မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများကို ဆက်လက်၍ (၁၀)ရက် Quarantine ထားရှိမည်ဖြစ်ကြောင်းသိရသည်။ ပြစ်ဒဏ်မှလွတ်မြောက်လာသူများကို နေရပ်ပြန်များ ကူညီစောင့်ရှောက်ရေးအသင်းမှ လက်ဆေးဂျယ်ရီ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊နှာခေါင်းစီး၊ ဆပ်ပြာခွက်၊ မျက်မှန်အကြည်ပါ တကိုယ်ရည်သုံးပစ္စည်းများကို ဗိုလ်မှူးကြီးမင်းမင်းထွန်းက ပေးအပ်ခဲ့သည်။
ပြစ်ဒဏ်စေ့များကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊
မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မေတ္တာရှင်၊ ရွှေမယ်ယန်း လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူမှုရေးကူညီစောက်ရှောက်မှုများပေးခဲ့ကြောင်း သိရှိရသည်။
#ymg/ys-tcl
#Yangon_Media_Group
#Local_News
Published_29 August 2022
အင်းလျားကန်အတွင်းသို့ ယနေ့ သြဂုတ်လ ၂၉ ရက်မွန်းလွဲ ၂ နာရီကျော်အချိန် လူတစ်ဦးခုန်ချသွား၍ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"အခုထိ မတွေ့သေးပါဘူးခင်ဗျ"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန၏ အရာထမ်းတစ်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်လည်း သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခန့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက သူ၏ ၃ နှစ် သမီးငယ်အား ချီကာ နဝဒေး တံတားပေါ်က ခုန်ချသွား၍ လက်ရှိအချိန်ထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-29 August 2022
ပြင်ပရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ခန့်ထိဈေးနှုန်းမြင့်တက်လာကြောင်း ရန်ကုန်ရွှေဈေးကွက်အသင်းမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာ ရွှေတစ်ကျပ်သား သိန်း ၂,၀၂၇,၀၀၀ ထုတ်ပြန်ထားသော်လည်း ပြင်ပပေါက်ဈေးသည် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ ခန့်ထိဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ခိုင်မာမှုရှိသည့် အိမ်ခြံမြေ၊ ကားနှင့် ရွှေဘက်တွင် ရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားခြင်းကြောင့် ရွှေဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေဈေးနှုန်းမှာ မြင့်တက်နေသော်လည်း အရောင်းအဝယ်မှာ အေးနေပြီး တစ်ဦးချင်းအရောင်းအဝယ်လုပ်နေသည့် ဈေးကွက်တွင်လည်း ဒေါ်လာငွေလဲနှုန်းသည် ကျပ် ၃,၁၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်တွင် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက ရွှေလုပ်ငန်းရှင်များနှင့် နေပြည်တော်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်မသိသေးသည့်အတွက် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_29 August 2022
ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီး (၈)ဦး လွတ်မြောက်အောင် ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်၊၊
Facebook လူမှုကွန်ရက်ပေါ်မှာ Khaing Lay အကောင့်ဖြင့် ဒူဘိုင်းတွင် မြန်မာအမျိုးသမီး (၈)ဦး ဒုက္ခရောက်နေ၍ အကူအညီတောင်းခံသည့် ဗီဒီယိုကို သြဂုတ်လ(၂၅)က ထုတ်လွှင့်ခဲ့သည့်အတွက် ကာယကံရှင်အမျိုးသမီးများကို ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ဒူဘိုင်းမြို့သို့ ဆက်သွယ်မေးမြန်းပြီး ပွဲစားဆိုသူနှင့်ကာယကံရှင်များအကြား သြဂုတ်လ(၂၆)ရက်တွင် ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
မြန်မာသံရုံး၏ ညှိနှိုင်းမှုကြောင့် နိုင်ငံကူးလက်မှတ်များကို ကာယကံရှင်များထံ ပြန်လည်ပေးအပ်၍ မြန်မာနိုင်ငံကို အမြန်ဆုံးထွက်ခွာနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ရေး ညှိနှိုင်းရရှိနိုင်ခဲ့သည်ဟုဆိုသည်၊၊
ယင်းသို့စီစဉ်ဆောင်ရွက်နေစဉ် ပွဲစားဆိုသူနှင့် ကာယကံရှင်အမျိုးသမီး(၈)ဦးတို့၏ လုံခြုံရေးနှင့် မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရန်နှင့် စစ်ဆေးမေးမြန်းမှု ပြုလုပ်နိုင်ရန် ယူအေအီး CIDမှတာဝန်ရှိသူများကသြဂုတ်(၂၇)တွင် ၎င်းတို့နေထိုင်ရာနေရာများမှ ဒူဘိုင်းမြို့ CIDဌာနချုပ်သို့ ခေတ္တပို့ဆောင်ထားသည်ဟုဆိုသည်၊၊
၎င်းတို့ကိုယူအေအီးနိုင်ငံ၏ ဥပဒေနဲ့အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲလုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်ပြီးပါက ဥပဒေချိုးဖောက်မှု မရှိသူများကို ပြန်လည်လွှတ်ပေးမည်ကြောင်း ဖော်ပြပါရှိသည်၊၊
မြန်မာသံရုံးအနေနဲ့ ယူအေအီးနိုင်ငံမှတာဝန်ရှိသူများနှင့် အချိန်နှင့်တပြေးညီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြန်လည်လွတ်မြောက်လာသူများ မြန်မာနိုင်ငံကို အမြန်ဆုံးထွက်ခွာနိုင်ရေးအတွက် ဒူဘိုင်းမြို့ရှိ လူမှုကူညီရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published _ 29 August 2022
ပြည်ပကို ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း တင်ပို့သူတွေအပေါ် ကန့်သတ်ထားမှုများထဲမှ ပို့ကုန် လိုင်စင်လျှောက်ထားရမည့် ကိစ္စကို နစကက ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်ထားသည်။
ယင်းဖြေလျှော့ပေးမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းက ဩဂုတ်လ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ယခင်က ပြည်ပသို့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဆီထွက် သီးနှံများ တင်ပို့ရာတွင် ပို့ကုန်လိုင်စင် လျောက်ထားရာတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များ အသင်း၏ ထောက်ခံချက်ပါရှိမှသာ လိုင်စင်ထုတ်ပေးမည်ဟု ဩဂုတ်လ ၁ရက်တွင် စီးပွားကူးသန်းဝန် ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယခု အဆိုပါ ညွှန်ကြားချက်ပါ ထောက်ခံချက်ယူရမည် ကိစ္စအား လုပ်ဆောင်ရန်မလိုဘဲ လိုင်စင်လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေလျှော့ပေးလာခြင်း ဖြစ်သည်။
အဆိုပါ ဖြေလျှော့ပေးမှုအရ ဩဂုတ်လ ၂၉ ရက်မှ စတင်ကာ ပို့ကုန်လိုင်စင်လျှောက် ထားသူများအနေဖြင့် အသင်း၏ ထောက်ခံစာရယူခြင်း မပြုဘဲ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နစက လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာက ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံ တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေလိုင်စင်နှင့်အတူ ပို့ကုန်ရငွေ ဘဏ်အထောက်အထားပြနိုင်မှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။
ယင်းအပြင် ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့်ဆီထွက်သီးနှံ တင်ပို့သူများအနေဖြင့် ငွေပေးချေမှု လုပ်ဆောင်ရာတွင် ဒေါ်လာဖြင့်သာ ငွေပေးချေမှု လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုပိုကုန်ရငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းဈေးဖြင့် နစက အစိုးရလက် အောက်ခံ ဗဟိုဘဏ်ထံသို့ ပြန်လည်လဲလှယ်ရမည်ဟုလည်း ညွှန်ကြားထားခြင်းပင် ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_29 August 2022
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အစီအစဉ် အရ အိန္ဒိယနိုင်ငံမှ အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Multi Transit Transport) မှာ ပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဟု အိန္ဒိကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra က ပြောကြားလိုက်သည်။
သြဂုတ်လ (၂၇) ရက်က ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စစ်တွေမြို့ရှိ Royal Sittwe Resort ၌ တွေ့ဆုံစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူကပြောသည်။
ယင်းတွင် တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည် ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းစတင်လည်ပတ်နိုင်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်ခံကြိုဆိုပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကုန်သွယ်မှု လုပ်ငန်းစဉ် များ လွယ်ကူစွာဖြင့် စနစ်တကျ ဖွံ့ဖြိုးပါဝင်လာစေရေးနှင့် သတင်းအချက်အလက်များ ကျယ်ပြန့်စွာ အပြန်အလှန်မျှဝေ သိရှိနိုင်ရေး အတွက် RSCCI နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr.Bibekananda Bhattamishra က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_29 August 2022
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၁/၆-၇) ကြားတွင် သြဂုတ်လ ၂၈ ရက် ညနေပိုင်းက Karry yoyo(အမျိုးစား)အိမ်စီးကားနှင့်မော်တော်ဆိုင်ကယ်တို တိုက်မိ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က သိရသည်။
ဆိုင်ကယ်မှာ လမ်းဖြတ်ကူးမောင်းနှင်လာခြင်းဖြစ်သောကြောင့် တိုက်မိခြင်းဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ နှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဘောနတ်ကြီးအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း၊
ဒဏ်ရာရရှိသူအား EMS 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1547 of 1973