#Local_News
Published_4 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၇)လ နီးပါးကာလအတွင်း ပြင်ပနိုင်ငံများသို့ ဆန်တန်ချိန် (၆) သိန်းကျော်နှင့် ဆန်ကွဲတန်ချိန် (၃) သိန်းခန့်တင်ပို့ရာမှ အမေရိကန်ဒေါ်လာသန်း (၄၀၀) ခန့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က တရားဝင် ကြေညာထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပကို ဆန်တင်ပို့ရောင်းချသည့် ပုံစံကို ပြောင်းလဲလုပ်ဆောင်လျက်ရှိရာတွင် အရည်အသွေးမြင့်မားသည့် စပါးမျိုးများကို အာရုံစိုက်၍ (၃) နှစ်အတွင်း ဆန်တင်ပိုမှု နှစ်ဆတိုးမြှင့်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။
ယင်းကြောင့် လာမည့် (၂၀၂၅) ခုနှစ်က စတင်၍ နှစ်စဉ်တန်ချိန် (၄) သန်းအထိ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ပိုကုန်ဝင်ငွေ ကန်ဒေါ်လာ (၁ ဒသမ ၅) ဘီလီယံအထိ ရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။
မြန်မာ့ဆန်ကို တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့် အီတလီ၊ စပိန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပြင်သစ် စသည့်နိုင်ငံများကလည်း ဝယ်ယူကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_4 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားပြတိုက်လုယက်ခြင်းများ ဆောင်ရွက်ခဲ့သည့် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၁ ဦးကို ပစ္စတိုမျိုးစုံ ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည်မျိုးစုံ ၉၈ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ဖောက်ခွဲရေးသုံးဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ ဆားကစ်ပြား ၁ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းက ဒလ PDF အမည်ခံအဖွဲ့က မအေးသီတာဝင်းအား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်း၌ ဖမ်းဆီးရမိခဲ့ပြီးနောက် ယင်း၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၀ ရက် ၊ ၂၁ ရက် ၊ ၂၂ ရက် ၊၂၄ ရက်တို့တွင် ဆက်တိုက် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ယင်းတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့် ကKNLA တပ်မဟာ(၇) လှုပ်ရှားနယ်မြေ ၊KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတို့တွင် သင်တန်းများတက်ရောက်ခဲ့ကြကြောင်း၊ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဒလ PDF အဖွဲ့ကို လူ ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတို့အနေဖြင့် ဖောက်ခွဲမှု ၄ ကြိမ်၊လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန်ခဲ့သည့်အပြင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့် မှတ်တိုင်အနီးရှိ A ဘဏ်နှင့် ရတနာရွှေဆိုင်တို့ကို ဓားပြတိုက်လုယက်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း ထွက်ဆိုချက်ကို သတင်းထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။
ယင်းကြောင့် လက်ရှိတွင်ဖမ်းဆီးရမိသူများအား ဥပဒေအရ ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါ နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_4 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သံလျင်မြို့နယ်သီလဝါဆိပ်ကမ်းရှိ Terminal များသို့ စက်သုံးတင်သင်္ဘောများ ဆက်တိုက်ရောက်ရှိမည် ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီတာဝန်ရှိသူကပြောသည်။
"စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ စက်သုံးဆီအမျိုးအစားအလိုက် ပြည်တွင်းသုံးလိုအပ်ချက်နဲ့အညီ စိစစ်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။ သီလဝါ Terminal မှာ တန်ချိန် ၁၈၂၀၀ ပါတဲ့ MT Yu Dong သင်္ဘောဟာ ဆီချပြီးတော့ နိုဝင်ဘာလ ၃ ရက်က ပြန်လည်ထွက်ခွာသွားပါပြီ။ လက်ရှိမှာ ဆီချနေတဲ့သင်္ဘောက တန်ချိန်တစ်သောင်းပါတဲ့ MT Intan Premier သင်္ဘောနဲ့ တန်ချိန် နှစ်သောင်းနှစ်ထောင်ပါတဲ့ MT Lucia Solis နှစ်စီးက ဆီချနေပါတယ်။ လက်ရှိ ဆီချနေတဲ့သင်္ဘောတွေက မနေ့က ရောက်တာပါ။ နောက်ထပ်လည်း ဆက်တိုက်ရောက်ဖို့ ရှိနေပါတယ်"ဟု အဆိုပါကော်မတီ တာဝန်ရှိသူက ပြောသည်။
ရောက်ရှိသော စက်သုံးဆီအမျိုးအစားများမှာ ဓာတ်ဆီ 92 Ron၊ ဓာတ်ဆီ 95 Ron ၊ ရိုးရိုးဒီဇယ် ၊ပရီမီယံဒီဇယ်ဆီတို့ဖြစ်ကြကြောင်း ကော်မတီ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
သီလဝါဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း၊ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓါတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ဒီဇယ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်းသိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 4 November 2022
အသစ်ဖွင့်လှစ်လိုက်သည့် ဝေဘာဂီအထူးကုဆေးရုံကြီး အဆင့်မီဆေးကုသဆောင်သစ်ကြီးတွင် ဆိုလာစနစ်နှင့်ရောဂါပိုးကူးစက်မှုကိုကာကွယ်နိုင်သည့် လေဖိအားစနစ်တပ်ဆင်ထားသည့်အခန်းများပါဝင်ကြောင်း သိရသည်၊၊
နိုဝင်ဘာလ(၃)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မသုခလမ်းမှာရှိတဲ့ ဝေဘာဂီဆေးရုံကြီးအတွင်းမှာ ဝေဘာဂီအထူးကုဆေးရုံကြီး အဆင့်မီဆေးကုသဆောင်သစ်(ကုတင် ၁၁၀ ဆံ့)ကို ဖွင့်လှစ်ခဲ့သည်၊၊
အဆင့်မီဆေးကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက" ယနေ့ဖွင့်လှစ်သည့်ကုသဆောင်သစ်တွင် ရောဂါပိုးကူးစက်မှုကိုကာကွယ်နိုင်သည့် လေဖိအားစနစ်တပ်ဆင်ထားသည့်အခန်းများ၊လူနာများကို(၂၄)နာရီစောင့်ကြပ်ကြည့်ရူနိုင်မည့်စနစ်များပါဝင်သော နိုင်ငံတကာ အဆင့်မီကုသခန်းများ၊ ဓာတ်ခွဲခန်းများပါဝင်ပြီး ဝေဘာဂီအထူးကု ဆေးရုံကြီးကိုလည်း Infectious Disease Institute အဖြစ်ကုသရေးအပြင်သုတေသနနှင့် သင်ကြားရေးလုပ်ငန်းများပါဆောင်ရွက်နိုင်မည့် Center တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် ကူးစက်ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်မည့်အပြင် ရောဂါကူးစက်မှုအခြေအနေများကို လေ့လာ၍သုတေသနပြုဆောင်ရွက်ရန် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်၊၊
ထို့အပြင်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် အညီ ဆိုလာစနစ်တပ်ဆင်ထားသည့်အတွက် စွမ်းအင်ခြွေတာရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု အနည်းဆုံး ရှေ့ပြေးဆောင်ရွက်မှုဖြစ် ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများတွင်လည်း အသုံးပြုနိုင်ရေး စီမံချက်ရေးဆွဲပြီးစတင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်၊၊
ဝေဘာဂီအထူးကုဆေးရုံကြီးအဆင့်မီဆေးကုသဆောင်သစ်ကြီးဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် AW ဖောင်းဒေးရှင်းဥက္ကဋ္ဌတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_4 November 2022
တယ်လီဖုန်း ဆင်းကတ်မှတ်ပုံတင်မည့်ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ထိသက်တမ်း တိုးမြှင့်လိုက်ကြောင်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဆင်းကတ်မှတ်ပုံတင်ရာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန် မမှန်စစ်ဆေးပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ပေးရမည်ဖြစ်ပြီး ဖြည့်စွက်ရသည့် အမည် ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ယင်းတွင် အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသော ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မှတ်ပုံတင်ထားသည့် ဆင်းကတ်များကို လဝကတွင်ရှိသည့် အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် မိမိ၏ အမည် ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို မှန် မမှန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) *601# ၊ Atom *979*3*3# ၊ Ooredoo *666# နှင့် Mytel *966# ခေါ်ဆိုပြီး စစ်ဆေးနိုင်ကြောင်း ၊ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ အက်ပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်တိုတွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 4 October 2022
လက်ရှိ ၂၀၂၂ခုနှစ်မှာ စတင်ဖွင့်လှစ်မည့် ငါးလုပ်ငန်းသိပ္ပံကျောင်း (တွံတေး)အတွက် လျှောက်လွှာများကို ယခုမှစတင်၍ နိုဝင်ဘာလ ၂၁ရက်ထိ နောက်ဆုံးထားလျှောက်ထားရန်နှင့် သင်တန်းသားများလည်း ခေါ်ယူနေကြောင်း စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ငါးလုပ်ငန်းသိပ္ပံကျောင်းကို တက်ရောက်လိုသူများအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲနှင့် အောင်မြင်ပြီး အသက်၂၂နှစ်ထက်မကြီးသူ ဖြစ်ရန် စသည့် သတ်မှတ်ချက်များရှိပြီး လျှောက်လွှာများကို ငါးလုပ်ငန်းဦးစီးဌာန ရုံးများ၊ ငါးလုပ်ငန်းစခန်းများ ငါးလုပ်ငန်းသိပ္ပံတွံတေးတို့ထံ ပေးပို့လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာ သင်တန်းဟာ ၃နှစ်ကြာတက်ရောက်ရမှာဖြစ်ပြီး အဆိုပါ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးသင်တန်း အောင်မြင်ပါက အောင်လက်မှတ်ဖြစ်သည့် ( Diploma in Fisheries and Aquaculture)အား ပေးအပ်မည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ငါးပုစွန် ထုတ်လုပ်ခြင်း တိုးတက်မြင့်မားလာစေရန် အလယ်အလတ်အဆင့် ငါးပုစွန်ထုတ်လုပ်သူများကိုပျိုးထောင်ပေးပြီး ရေသတဝါမွေးမြူရေးကို စာတွေ့လက်တွေ့သင်ကြားကာ လုပ်ငန်းများတွင် လက်တွေ့အသုံးချစေနိုင်ရန် ရည်ရွယ်၍ ငါးလုပ်ငန်းသိပ္ပံအား ဖွင့်လှစ်ကြောင်း သိရှိရသည်။
ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ပထမနှစ်အတွက် သင်တန်းသား ၄၀ကို လက်ခံသင်ကြားပို့ချပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျောင်းသားဦးရေတိုးမြှင့်လက်ခံခြင်းနှင့် ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းသားခေါ်ယူခြင်းများဆောင်ရွက်မည်ဖြစ်ကာ သင်တန်းဆင်းပါက အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနိုင်ရန် ပေါင်းကူးစာမေးပွဲများ ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 4 november 2022
လာမည့် တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နိုဝင်ဘာလ ၅ရက်နေ့မှစ၍ ရန်ကုန်-ပြည် အထူးရထားအား ရိုးရိုးတွဲဆိုင်းများဖြင့် ပြေးဆွဲသွားမည်ဟု ရန်ကုန်ဘူတာကြီးရဲ့ရုံပိုင်ချုပ်ကြီးထံမှ သိရသည်။
အများပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရန် ပုံမှန်ခရီးစဉ်များအပြင် အထူးရထားများကို အခါကြီး ရက်ကြီးများ၌ အစဉ်အမြဲပြေးဆွဲပေးနေလျှက်ရှိကြောင်း ရုံပိုင်ချုပ်ကြီးဦးသောင်းထိုက်က YMG ကိုပြောခဲ့သည်။
" အခုလာမယ့် နိုဝင်ဘာလ ၅ရက်နေ့မှာ ရန်ကုန်-ပြည်အထူးရထားကို ပြေးဆွဲပေးသွားမှာပါ။ အမြဲတမ်း အခါကြီးရက်ကြီးတွေမှာ အခုလိုအထူးရထားတွေကို ပြေးဆွဲပေးနေပါတယ်" လို့ ရုံပိုင်ချုပ်ကြီးဦးသောင်းထိုက်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ရက် ဒီပါဝလီနေ့တွင်လည်း ရန်ကုန်-မန္တလေး အထူးရထားများကို ပြေးဆွဲပေးခဲ့ကြောင်း ယင်းမှသိရသည်။
ရန်ကုန်-ပြည် ရထားလက်မှတ်နှုန်းထားများမှာ အထက်တန်း (၆၄၅၀)ကျပ်နှင့် ရိုးရိုးတန်း (၃၂၅၀) ကျပ်တို့ဖြစ်ပြီး ရန်ကုန်-မန္တလေး ရထားလက်မှတ်နှုန်းထားများမှာ (၁၅၄၅၀) ကျပ်များ ဖြစ်ကြသည်။
မြန်မာ့မီးရထားမှ ရန်ကုန်-ပြည် လေအိတ်အမြန်ရထား(နေ့စဉ်)၊ ကြည့်မြင်တိုင်-ပြည် စာပို့ရထား (နေ့စဉ်)၊ ရန်ကုန်-မော်လမြိုင် လေအိတ် အမြန်ရထား(နေ့စဉ်)၊ ရန်ကုန်-ပဲခူး(နေ့စဉ်)၊ ပျဉ်းမနား- တောင်တွင်းကြီး စာပို့ရထား(နေ့စဉ်)၊ ပုသိမ်-ကြံခင်း စာပို့ရထား(နေ့စဉ်)၊ မန္တလေး-ပြင်ဦးလွင် (စနေ)၊ ပြင်ဦးလွင်-ဂုတ်ထိပ်(တနင်္ဂနွေ)၊ သာစည်- ရွှေညောင်(တနင်္လာ)၊ ပြည်တော်သာ-ရေချမ်းပြင် (နေ့စဉ်)၊ တောင်ကြီး-ဘန်းယဉ်(နေ့စဉ်)ရထားလမ်းပိုင်းများကိုလည်း ပြေးဆွဲပေးလျက်ရှိသည်။
#ymg/NN
#Yangon_Media_Group
Page 1545 of 2112