#Myanmar_News
Published_ 13 June 2023
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ရူပီးငွေကြေးဖြင့် ဆောင်ရွက်ဖို့ကိစ္စ ခပ်မြန်မြန်ဆောင်ရွက်ဖို့ အိန္ဒိယကို ရောက်ရှိနေတဲ့မြန်မာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို အိန္ဒိယနိုင်ငံ ပို့ကုန်ကောင်စီတစ်ခုက ဆော်ဩတိုက်တွန်းခဲ့တယ်လို့ အိန္ဒိယကလာတဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာဝန်ကြီးဦးအောင်နိုင်ဦးကို အိန္ဒိယနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်ကိုယ်စားလှယ်တစ်ဖွဲ့ဟာ ဝန်ကြီးရဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကာတာမြို့ခရီးစဉ်အတွင်း အဆိုပါကိစ္စကို တိုက်တွန်းတင်ပြခဲ့တာဖြစ်ပါတယ်။
“ မြန်မာဝန်ကြီးက လုပ်ငန်းယန္တယားအသစ်ဟာ မကြာမီ လုပ်ငန်းတွေ လုပ်ဆောင်မယ်လို့ အာမခံသွားပါတယ်လို့ အိန္ဒိယ နိုင်ငံရဲ့ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာပို့ကုန်ကောင်စီ ဥက္ကဋ္ဌဟောင်း ပီကေ ရှားက အစည်းအဝေးအပြီးမှာ ရိုက်တာကိုပြောပါတယ်။
မြန်မာက အိန္ဒိယရူးပီး၊ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတွေကို ကုန်သွယ်မှုပြုရာမှာ တရားဝင်ငွေကြေးတွေအဖြစ် အသုံးပြု ခွင့်ကြေညာထားပြီးဖြစ်ပါတယ်။
အကယ်၍နှစ်နိုင်ငံငွေကြေးနှင့်ပေးချေလို့ရရင် အိန္ဒိယနိုင်ငံက ဆေးဝါးတွေနှင့် စက်ရုံထုတ်ပစ္စည်းတွေတင်ပို့ဖို့နှင့် မြန်မာ နိုင်ငံက ပဲမျိုးစုံ၊သစ်နှင့် အခြာထုတ်ကုန်တွေတင်သွင်းဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်တွေ ကပြောကြားကြပါတယ်။
ပန်ဂျပ်အမျိုးသားဘဏ်ဟာ မြန်မာနိုင်ငံက CB Bank နှင့် UAB Bank ဘဏ်တို့ကို ရူပီးနှင့်ကျပ် ငွေစာရင်းတွေဖွင့်လှစ် ဆောင်ရွက်ဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက အခြားသော မြန်မာဘဏ်တွေကိုလည်း ဒီယန္တယားထဲမှာ ပါဝင်နိုင်ဖို့လိုလားနေပါတယ်။
သဘောတူပြီးသား ယန္တယားလည်ပတ်ဖို့ မကြာမီမှာ ဆုံးဖြတ်ချက်တစ်ခုခုကို ကြေညာပါလိမ့်မယ်လို့ ပြောပါတယ်။
#Myanmar_News #မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ #ရူပီးဖြင့်ငွေပေးချေနိုင်ရေး #အိန္ဒိယပို့ကုန်လုပ်ငန်းရှင် #မြန်မာဝန်ကြီးဦးအောင်နိုင်ဦး
#YMG #Yangon_Media_Group
#Local_News
Published_13 June 2023
မြန်မာ့ဆန်ကို ပိုမိုတင်ပို့နိုင်ရေး ဖိလစ်ပိုင်ကုမ္ပဏီ ၈ ခုနှင့် ဇွန်လ (၆) ရက်မှ (၉) ရက်ထိ လေးရက်ကြာဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ကသိရသည်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၂ လအတွင်းပြည်ပနိုင်ငံများထံဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သိန်းခန့် တင်ပို့ထားနိုင်ခဲ့ပြီးနောက် ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း နှင့် ပြောင်း ဝယ်ယူနေသော ဖိလစ်ပိုင်ကုမ္ပဏီ (၈) ခု နှင့် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဖိလစ်ပိုင်ကုမ္ပဏီများနှင့် ကုန်သွယ်မှုအခွင့်အလမ်းတွေတိုးမြှင့် ရန်၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အကြားရင်းနှီးခင်မင်မှုတိုးပွားစေရန် ၊အဖွဲ့အစည်းများ အချင်းချင်းဆက်သွယ်ရေးတိုးမြှင့်ရေး၊ဈေးကွက်သတင်းအချက်အလက်များဖလှယ်ရေး ရည်ရွယ်၍ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်းဖိလစ်ပိုင်နိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (DTI) လက်အောက်ရှိဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်း (PITC) ၏ President & CEO USEC Emmie Liza Perez-ChiongDMD နှင့် တွေ့ဆုံပြီး PITC နှင့် MRF တို့အကြားပူးပေါင်းဆောင်ရွက်မည့် Memorandum of Agreement (MOA) ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် ဖိလစ်ပိုင် ကုန်သည်စက်မှုအသင်းချုပ် (PCCI) ဥက္ကဋ္ဌဖြစ်သူ Mr. George Barcelonနှင့် ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များအားမနီလာမြို့၊ PCCI ရုံးချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန် နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်၊ အာဆီယံစီးပွားရေးရပ်ဝန်းအတွင်းနှစ်နိုင်ငံလုပ်ငန်းရှင်များအကြားထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန် လည်း ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံမှ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၂ လဖြစ်သော ဧပြီလ နှင့် မေလတို့တွင် ပင်လယ်ရေကြောင်း ၊ နယ်စပ်ဂိတ် လမ်းကြောင်းများမှ ဆန်နှင့်ဆန်ကွဲ ၁၁၀,၇၀၆ တန်ကိုပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ဧပြီလအတွင်းကပင်လယ်ရေကြောင်းမှ ဆန်နဲ့ဆန်ကွဲတန်ချိန် ၈၅,၃၆၀ တန် နယ်စပ်ကုန်သွယ်ရေးမှ ၂,၂၈၈ တန်တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ရာ မလေးရှားနိုင်ငံသို့တင်ပို့မှုမှာ အများဆုံးဖြစ်ပြီး ၈,၀၅၀ တန် ၊ ဖိလစ်ပိုင်နိုင်ငံသို့ ၇,၅၄၅ တန်၊ စပိန်နိုင်ငံသို့ ၆,၅၅၀ တန် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း၊ဆန်ကွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံထံ တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ၁၅,၇၂၅ တန် ၊တရုတ်နိုင်ငံသို့ ၉,၈၅၄ တန် ၊ ပြင်သစ်နိုင်ငံသို့ ၂,၀၀၀ တန် သီးသီးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မေလတွင် ဆန်၊ဆန်ကွဲကို ပင်လယ်ရေကြောင်းမှ ၁၀၂,၈၀၁ တန် နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၇,၉၀၅ တန်တို့ကို နိုင်ငံပေါင်း၂၆နိုင်ငံသို့ တင်ပို့နိုင်ခဲ့ရာ တူကီယဲနိုင်ငံသို့ ပထမအများဆုံးအဖြစ် ၁၁,၃၇၆တန်၊ စပိန်နိုင်ငံသို့ ဒုတိယအများဆုံးအဖြစ် ၄,၄၄၉တန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံသို့ တတိယအများဆုံးအဖြစ် ၄,၁၂၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဆန်ကွဲကို စုစုပေါင်းနိုင်ငံပေါင်း ၁၀နိုင်ငံသို့တင်ပို့ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံသို့ ပထမအများဆုံးအဖြစ်၂၅,၉၂၅တန်၊ နယ်သာလန် နိုင်ငံသို့ ဒုတိယအများဆုံးအဖြစ် ၁၃,၅၀၀တန် နှင့် တရုတ်နိုင်ငံသို့ တတိယအများဆုံးအဖြစ် တန်ချိန် ၁၂,၀၃၅ ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
တစ်နှစ်ပတ်လုံးအတိုင်းအတာဖြင့် မြန်မာ့ဆန်ကို ဝယ်လိုအားရှိသော ပြည်ပနိုင်ငံ ၂၀ ကျော်ထဲတွင် တရုတ်နိုင်ငံပြီးလျှင် ဖိလစ်ပိုင်က ပမာဏအများဆုံးဝယ်ယူထားကြောင်း၊မေလအထိ ဖိလစ်ပိုင်အနေဖြင့် မြန်မာ့ဆန် တန်ချိန် (၇၁,၀၀၀) ကျော်အထိ တင်သွင်းထားကာ နိုင်ငံအလိုက် ဆန်ဝယ်ယူမှုတွင် ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ စာရင်းများတွင် ဖော်ပြထားသည်။
ymg/BM
#Local_News #မြန်မာ့ဆန်ပိုမိုတင်ပို့နိုင်ရေး #ဖိလစ်ပိုင်ကုမ္ပဏီ၈ခုနှင့်ဆွေးနွေး
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
အကြမ်းဖက်သမားများအား ငှားရမ်းသည့်အဆောင်၊နေအိမ်တိုက်ခန်းများ အသိမ်းခံရမည်ဟုအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထပ်မံ၍ အသိပေးချက် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင်အကြမ်းဖက်အုပ်စုများနှင့် PDF အဖွဲ့အစည်းအမျိုးမျိုး၊ ယင်းတို့နှင့်ဆက်စပ်ပတ်သက်သော အဖွဲ့ အစည်းတို့က နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြိုးထား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို အလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရန်အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ပြီးလုပ်ဆောင်လျက်ရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိရသောကြောင့်ယင်းလုပ်ဆောင်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် အထက်ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာရရှိမှသာငှားရမ်းခြင်းနှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်မှုကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်ခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ်သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ပြီးဖြစ်သော်လည်း နေအိမ်တိုက်ခန်းပိုင်ရှင်အချို့က မသိကျိုးကျွန်ပြု၍ဆက်လက်ငှားရမ်းပေးနေခြင်းမှာအကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့သို့ဖြစ်စေကြောင်းလည်း ဖော်ပြပါရှိသည်။
ယင်းကြောင့် ဖြစ်စဉ်ပေါ်ပေါက်သည့်အခါတွင် နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်၍ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါက အဆိုပါငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှုအားအားပေးကူညီသူအဖြစ် အရေးယူခံရနိုင်ကြောင်း ထပ်မံ အသိပေးကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့် နေရာတစ်ခုခု အသုံးပြုခွင့်၊ ယာယီတည်းခိုနေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်ကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ymg/BM
#Local_News # အဆောင်၊နေအိမ်တိုက်ခန်းများ #အသိမ်းခံရမည်ဟုထပ်မံသတိပေး
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ကာ မြေသယံဇာတ၊ရေသယံဇာတများနှင့် လူသားအရင်းအမြစ်ရှိနေသည့်တိုင် စားရေရိက္ခာဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်ကြောင်း နစက ဥက္ကဌက ပြောသည်။
ဇွန်လ ၁၂ ရက်က ပြုလုပ်သော သားငါးကဏ္ဍကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များ၊အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး နှင့်ကုန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ရန်ပြုလုပ်သည့် အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကုန်ဈေးနှုန်းကျဆင်းရေးအတွက်ဆောင်ရွက်ရာတွင် တိုင်းပြည်၌ ရှိသင့်ရှိထိုက်သည့် ကုန်ဈေးနှုန်များဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း ယင်းကဆိုသည်။
ယခုအခါ စက်သုံးဆီနှင့် မြေဩဇာယခင်နှစ်ကထက်ကျဆင်းသွားပြီဖြစ်သော်လည်းကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးကြောင်း။သင့်တင့်သည့်ဈေးနှုန်းများဖြစ်စေရေးအတွက် နည်းလမ်းများရှာဖွေရန် အထက်ပါ အစည်းအဝေးက အစပျိုးပေးလိုက်ခြင်းဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နည်းလမ်းများရှာဖွေ၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားကြစေလိုကြောင်း ၎င်းက ပြောသည်။
ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးဆောင်ရွက်ရာတွင် နည်းလမ်းများရှိနေသော်လည်း ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း၊ ထိုအထဲတွင်လောင်စာဆီဈေးနှုန်းများကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုနေခြင်းတို့ကြောင့် မီးရထားနှင့်ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကိုဆောင်ရွက်ရန် ပြောဆိုနေခဲ့သော်လည်း အရေးမကြီးသည့်ပစ္စည်းများကိုမော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခြင်းများ ရှိနေခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုစရိတ်များမှာ ကြီးမြင့်နေမည်ဖြစ်ရာအများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများ အနေဖြင့်အလေးထား ဆောင်ရွက်ရန် နစက ဥက္ကဌက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ပြောကြားခဲ့သည်။
ymg/BM
#Local_News #သယံဇာတများ #စိုက်ပျိုးမွေးမြူရေးနိုင်ငံ #စားရေရိက္ခာဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု အရ တရုတ်နိုင်ငံမှပေးပို့သည့် ခြင်ထောင်နှင့်စောင်များ အမေရိကန်ဒေါ်လာ ခန့်မှန်း ၉၇,၅၀၀ ခန့်တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၉ တန်ခန့်သည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ပါတယ်။
ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးတာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများထံ လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ပါတယ်။
ရှေးဦးစွာ သံအမတ်ကြီး Mr. Chen Hai က တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်စွာ အတူတကွ လက်တွဲလုပ်ဆောင်လျှက်ရှိရာ ယခုလို အချိန်အခါမျိုးတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အိမ်နီးချင်းကောင်းပီသစွာ လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်မှုများအား ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းမှုအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (ကိုယ်စား) ကျေးဇူးတင်ရှိပါကြောင်းနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုအရ လှူဒါန်းလာသည့် ပစ္စည်းများကိုလည်း အဆိုပါဒေသများသို့ အမြန်ဆုံးရောက်ရှိရေး ဆက်လက်ပေးပို့နေမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝိုင်းဝန်း လုပ်ဆောင်နေမှု အခြေအနေများကို ပြောကြားပါတယ်။
လေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့် ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ခန့်မှန်း ၉၇,၅၀၀ ခန့်တန်ဖိုးရှိ ခြင်ထောင် ၁ သောင်းနှင့် စောင် အထည် ၁ သောင်း တို့ဖြစ်ပါတယ်။
ygm_mnn
#Local_News #မိုခါမုန်တိုင်းဘေးသင့်ပြည်သူများ #ခြင်ထောင်နှင့်စောင်များပံ့ပိုး
#YMG #Yangon_Media_Group
#Local_News
Published_12 June 2023
ရန်ကုန်မြို့မှာ ရေကြီးရေလျှံမဖြစ်အောင် ရေမြောင်းထဲက အမှိုက်တွေကို ဆယ်ယူရှင်းလင်းတာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News #ရန်ကုန်တွင်ရေကြီးရေလျှံမဖြစ်အောင် #ပိတ်ဆိုနေသည့်အမှိုက်များကိုဖယ်ရှားရှင်းလင်းနေ #YMG #Yangon_Media_Group
#Local_News
Published_ 12 June 2023
လက်ရှိရွှေဈေးကွက်ထဲမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂၉၀၀ ကျော် ပေါက်ဈေးရှိနေပြီး ရွှေဈေး ၃၁ သိန်းကျော်ရှိနေတယ်လို့ ပြည်တွင်းဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Local_News #အမေရိကန်တစ်ဒေါ်လာ #ရွှေဈေး၃၁သိန်းကျော် #YMG #Yangon_Media_Group
Page 906 of 1902