#Local_News
Published_ 20 Aug 2022
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဥ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဥ္စမအကြိမ် အစည်းအဝေးကောက်နှုတ်ချက်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့ ရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးပေးရန် ပြောကြားပါတယ်။
ထို့ပြင် Pilot Project အပါအဝင် ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၂) တို့က ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_20 August 2022
သြဂုတ်လ (၂၀)ရက်မှ (၂၃)ရက်အတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
အဆိုပါ ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်၊၊
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 20 August 2022
တရုတ်နိုင်ငံသို့ ရက်ပေါင်း(၁၈၀)အထက်နေထိုင်ပြီး ပညာသွားရောက်သင်လိုသူများနှင့် လိုက်ပါလိုသည့် မိသားစုဝင်များအတွက် ဗီဇာလျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်လိုက်သည်၊၊
တရုတ်နိုင်ငံကို ရက်ပေါင်း(၁၈၀)အထက်နေထိုင်ပြီး ပညာသင်ယူလိုသူများအတွက် X1 ဗီဇာကိုလျှောက်ထားနိုင်ပြီဖြစ်သလို ပညာသွားသင်သည့် အဆိုပါကျောင်းသားနှင့်အတူတကွ လိုက်ပါနေထိုင်လိုသည့်မိသားစုဝင်(သို့မဟုတ်) အလည်သွားရောက်လိုသည့် မိသားစုဝင်များအတွက်လည်း S1/ S2 ဗီဇာများ လျှောက်ထားနိုင်ကြောင်း ဖော်ပြပါရှိသည်၊၊
ဗီဇာလျှောက်လွှာပုံစံကို (https://cova.cs.mfa.gov.cn) တွင်ရယူနိုင်ကြောင်းနှင့် လိုအပ်သော အချက်အလက်များနှင့်လျှောက်ထားရမည့်ပုံစံများကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး Pageတွင် အသေးစိတ်ကြည့်ရူနိုင်ကြောင်း သိရသည်၊၊
တရုတ်နိုင်ငံတွင် နေထိုင်ခွင့်ဗီဇာလျှောက်ထားလိုသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်များ ပြသရန်လိုအပ်ကြောင်းနှင့် လေယာဉ်ပေါ်မတက်မီ တရုတ်သံရုံးက သတ်မှတ်ထားသည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published 20 August 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း( က)ရပ်ကွက်၊ ပုံလိုသွားကားလမ်းအနီး King Horse Fly Club တွင် ယမန်နေ့ ညနေပိုင်း ၃ နာရီ ၅၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဦးအားချန်ပိုင်ဆိုင်သော ( ၄၀' ၃၀' ) သံဖရိန်၊ အလူမီနီယံပြားကာ သွပ်မိုး( ၁)ထပ် King Horse Fly Club အဆောက်အဦး အတွင်း ဦးမတ်ကျော်က ဝရိန်ဆော်ရာတွင် ဝရိန်အိုးပြုတ်ကျခြင်းနှင့် ဖော့ပြားများအပေါ်၌ မီးပွားကျရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ညနေ ၄ နာရီအချိန်ခန့် မီးလောင်မှုသတင်းရရှိပြီး ခရိုင်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်( ၂)စီး၊ ရေသယ်ယာဉ်( ၁)စီး၊ အထပ်မြင့် မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်( ၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်( ၁၀)ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာတွင် ၅ နာရီအချိန်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုကြောင့်ခန့်မှန်း စုစုပေါင်းတန်ဖိုး ကျပ်(၄၉) သိန်းခန့်ရှိကြောင်း၊ မီးလောင်မှုကြောင့် ဦးမတ်ကျော် (ဘ)ဦးလှကြိုင်(၄၃)နှစ်၊ဗမာ/ဗုဒ္ဓ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၉/မလန(နိုင်)၀၉၉၀၆၅ အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ(၂၈၅)၊ပ(၁၅၀/၂၀၂၂)ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ymg/ys-tcl
#Yangon_Media_Group
#Local_News
Published_20August 2022
နည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများအတွက် IT ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု စာမေးပွဲများကို လာမည့်အောက်တိုဘာလအတွင်းပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သိရသည်၊၊
အဆိုပါ စာမေးပွဲများကို ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ဝင်စားသူ မည်သူမဆိုပါဝင်ဖြေဆိုနိုင်မည် ဖြစ်သည်ဟု ဆိုသည်၊၊
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းကကြီးမှူး ကျင်းပသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲအမျိုးအစား(၃)မျိုးကို ကျင်းပသွားမည်ဖြစ်သည်၊၊
(၁) IT Passport Examination၊(၂)Fundamental IT Engineer Examination၊(၃)Applied IT Engineer Examinationတိုကို အောက်တိုဘာလ (၂၃) ရက်တွင် MICT park ၌ ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာလ(၃၁) ရက် နောက်ဆုံးထားကာ စာရင်းသွင်းကြရမည်ဖြစ်ကြောင်းသိရသည်၊၊
စာမေးပွဲဝင်ကြေးအဖြစ် IP Exam အတွက် ၃၀၀၀၀ ကျပ်၊ FE Exam အတွက် ၄၀၀၀၀ကျပ်၊ AP Exam အတွက် ၅၀၀၀၀ ကျပ်သွင်းကြရမည်ဖြစ်သည်၊၊
ယင်းစာမေးပွဲများ မကျင်းပခင် စက်တင်ဘာ(၃)ရက်မှ အောက်တိုဘာ (၂)ရက်အထိ Fundamental IT Engineer Exam အတွက် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေး ၉၀၀၀၀ ကျပ်သတ်မှတ်ထားကာသြဂုတ်လ (၁၃) ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 20 August 2022
ပြည်တွင်း စက်သုံးဆီစျေးနှုန်း 92 တစ်လီတာ ၂၄၀၀ ကျပ်၊ 95 တစ်လီတာ ၂၄၉၀ ကျပ်အထိ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
သြဂုတ် ၁၉ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၂၃၃၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၄၀၀ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၂၄၄၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၄၉၀ ကျပ်သို့ လည်းကောင်း စျေးနှုန်းထပ်မံ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် သြဂုတ်လ ၁၉ ရက်တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ဖြစ်ပြီး၊ ဒီဇယ် တစ်လီတာလျှင် ၂၇၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၈၄၀ ကျပ်ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၂၀ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၈၂၆ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၈၉၅ ကျပ် အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။
ယင်းအပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -20 August 2022
ရန်ကုန်ရွှေအသင်းမှ ထုတ်ပြန်ထားသည့် ရွှေစျေးမှာ ကျဆင်းနေသော်လည်း ပြင်ပစျေးကွက်တွင် ရွှေစျေး ကျပ် ၂၆သိန်းခွဲကျော်နှင့် ဒေါ်လာစျေး ၂၈၀၀ ကျော် အမြင့်စျေးတွင် ဆက်ရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ဒေါ်လာဈေးမြင့်တက်မှုလာမှု၊ ရွှေဝယ်လိုအားမြင့်တက်လာသည့်အခြေအနေများကြောင့် ရွှေဈေးနှုန်းသည်မြင့်တက်လျက်ရှိပြီး အခေါက်ရွှေ တစ်ကျပ်သား ၂၆ သိန်းခွဲကျော်ထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၂၈၀၀ ကျော် ရောက်ရှိလာပြီး အမြင့်စျေးနှင့် ငြိမ်နေခြင်းဖြစ်သည်။
လက်ရှိတွင်မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းကြောင့် ရွှေဈေးတက်နေသော်လည်း ရွှေဝယ်ယူစုဆောင်းမှုများလာသည့် ရွှေဝယ်လိုအား မြင့်တက်လာကာ ဈေးသည်လည်း အတတ်စျေးနှင့်ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးနှုန်းသည် သိန်းနှစ်ဆယ်လေးသောင်းခွဲရှိကြောင်း သိရသည်။
လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာငွေကြေးဈေးကွက်နှင့်ပတ်သက်၍မူဝါဒ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်၏ ဒေါ်လာ ရည်ညွှန်းဈေးနှုန်းကို ၂၁၀၀ ကျပ်အထိ ဆွဲတင်ခဲ့ပြီးနောက်ပိုင်း ဒေါ်လာပြင်ပပေါက်ဈေးသည်လည်း စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ymg/sth
#Yangon_Media_Group
Page 1470 of 1879