#Local_News
Published-8 December 2022
သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်လိုသူတွေအနေဖြင့် ဆက်လက်လျှောက်ထားနိုင်ကြောင်း ပညာရေးဌာနမှ အသိပေးကြေညာထားသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားရန် ကြေညာထားကြောင်း၊ ယင်းအပြင် သတ်မှတ်ကာလကျော်လွန်သွားသော်လည်း အမှန်တကယ် ဖြေဆိုလိုသူတွေအနေဖြင့် အခွင့်အရေးမဆုံးရှုံးစေရန် နေပြည်တော် (သို့မဟုတ်) ရန်ကုန်တွင်ရှိသည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တိုက်ရိုက်လာရောက် လျှောက်ထားမည်ဆိုပါက ခြွင်းချက်အနေဖြင့် လက်ခံပေးမည်ဖြစ်ကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၈၁,၇၅၁ ဦး ရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 8 December 2022
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်၍ တစ်နိုင်ငံလုံးကို မီးအလှည့်ကျ ပေးနေရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ယခုကာလမှာ မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓါတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို့ ပြင်ဆင်ထိန်းသိမ်းနေခြင်း၊ လာမည့်နွေရာသီကာလ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေလှောင်တမံများရှိ သိုလှောင်ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်သောကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိအများပြည်သူများအား အလှည့်ကျ ဝန်အားလျှော့ချကာ ဓာတ်အားဖြန့်ဖြူးပေးနေရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ၅နာရီအတွင်း အုပ်စုခွဲ၍ အလှည့်ကျ ဓာတ်အားဖြန်ဖြူးပေးနေရပြီး နေ့ပိုင်းအချိန်အတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အတွက် စက်မှုဇုန်များကို ဦးစားပေးဓာတ်အားဖြန့်ဖြူးပေးထားကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားသည်။
ဆေးရုံများ၊ တက္ကသိုလ်ကျောင်းများ၊ဘုရားစေတီများနှင့် အရေးကြီးဌာနဆိုင်ရာများအား တတ်အားသမျှ ၂၄နာရီ ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် စီမံပေးထားပါသည်။
ညနေ ၅ နာရီမှ နောက်တစ်နေ့ နံနက်၉နာရီအထိ ဓာတ်အားစနစ်မှခွဲဝေရရှိသည့် လျှပ်စစ်စွမ်းအင်ပမာဏကို အများပြည်သူထံအတတ်နိုင်ဆုံးမျှတကာ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယင်းအချိန်အတွင်း ဓာတ်အားစနစ် အတွင်းရှိ ဓာတ်အားလိုင်းများ ချို့ယွင်းခြင်း၊ ဓာတ်အားထုတ်စက် (Generator) များ ချို့ယွင်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုပျက်ပြားပြီး System Breakdown ဖြစ်ပေါ်ခြင်းမှကာကွယ်နိုင်ရန် အရေးပေါ်ဝန်အား လျှော့လျက်ဓာတ်အားပိတ်ရခြင်းများရှိသည့်အခါ ပြည်သူများ နေ့စဉ်လုပ်ငန်းဆောင်တာအခက်အခဲဖြစ်ပေါ်မည် ဖြစ်ကြောင်းလည်း ပန်ကြားထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 December 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်တွင် ဆင်လိမ္မာများ ဖျော်ဖြေမှုကို ယခုနှစ် စတင်မည်ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံက ပြောသည်။
“ဆင်စခန်းကို ဖွင့်ထားပေမဲ့ ရွှေစက်တော်ဘုရား ပွဲတော်ချိန်မဟုတ်တော့ လာရောက်သူ နည်းပါတယ်။ နည်းပါးတာပေါ့။ ဒီနှစ်မှာ ဆင်လိမ္မာလေးတွေ ကပြဖျော်ဖြေ ဧည့်ခံတဲ့အစီအစဉ်ကို ပထမဆုံး ထည့်သွင်းဖို့ စီစဉ်ထားပါတယ်"ဟု အဆိုပါ တာဝန်ခံက ပြောသည်။
၎င်းဆင်စခန်းသို့ လာရောက်အပန်း ဖြေသူများအား ခရီးသွားဝန်ဆောင်မှုများအနေဖြင့် ခရီးတိုဆင်စီး၍ သဘာဝရှုခင်းများ ကြည့်ရှုနိုင်စေရန်နှင့် မန်းချောင်းဘေးတွင် ဆင်များနှင့်အတူ ရေချိုး အပန်းဖြေအနားယူခြင်းတို့ကိုလည်း ပြုလုပ်နိုင်ရန် ယခုအခါ ယာယီတံတား၊ တည်းကျောင်း နှင့် ပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းတွင် ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်း ဆင် (၁၁)ကောင်ရှိကြောင်း၊ မကြာမီတွင် ဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်မည်ဖြစ်ပြီး ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်၊ ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်၊ ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တည်းခိုဆောင်ဘန်ဂလို(၁၁)လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၃၀၀၀၀ ကျပ်သတ်မှတ်ထားကြောင်းလည်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနအနေဖြင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွား လုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 December 2022
လာမည့် ၂၀၂၃ ခုနှစ်တွင် တက်ရောက်သင်ကြားမည့် (ပထမနှစ်) သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူ ၄၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။
ဝန်ကြီးဌာနတွင် သူနာပြုတက္ကသိုလ်နှစ်ခုနှင့် သူနာပြုသင်တန်းကျောင်း (၂၇) ကျောင်း၊ သားဖွားသင်တန်းကျောင်း (၂၃) ကျောင်း၊ နှီးနွယ်သင်တန်းကျောင်း (၃) ကျောင်းအပါအဝင် သင်တန်းကျောင်း (၅၃) ကျောင်း ရှိပြီး ယင်းတို့တွင် သင်တန်းသား၊ သင်တန်းသူ (၃၆၅၂) ဦးတက်ရောက်နေကြောင်းလည်း ယင်းစာရင်းများတွင် ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးသည့် သူနာပြုသားဖွား ဒီပလိုမာအောင်မြင်သူ (၁၅၇) ဦး အပါအဝင် သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ (၈၄၃) ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရသူ (၄၂) ဦး၊ စုစုပေါင်း (၈၈၅) ဦးကိုလည်း သစ်လွင်သူနာပြုများအဖြစ် တာဝန်ပေးအပ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဒီဇင်ဘာလ ၇ ရက်က ပြုလုပ်သည့် သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာ ပေးအပ်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
သစ်လွင်သူနာပြုများကို အခမ်းအနားဖြင့် ရာထူးခန့်အပ်တာဝန် ပေးအပ်ခြင်းမှာ သူနာပြုစုစောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စသည်ဖြင့် ရည်ရွယ်ခြင်း ဖြစ်ကာ အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ပေးကြရမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 8 December 2022
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို ရွေ့လျား၍ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)” အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်သည်။
ယင်းဆိုင်ကလုန်းမုန်တိုင်းမန်းဒပ်(စ်)(MANDOUS)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(CocoIsland)၏ အနောက်တောင်ဘက် ရေမိုင်(၅၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၇၀၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို(Chennai)၏ အရှေ့တောင်ဘက် ရေမိုင် (၃၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင်ကပ္ပလီပင်လယ်ပြင်၌ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေကြောင်း၊ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် နောက်ထပ် ၂၄ နာရီအတွင်း ခန်းမှန်းချက်အရ နေရာကွက်၍ မိုးကြီးကာ တစ်ခါတရံ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-8 December 2022
ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ၉၂ တစ်လီတာ ကျပ် (၁၉၀၀) အောက်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတတ်၊ အကျတည်ငြိမ်မှုမရှိကြောင်း၊ လက်ရှိဒီဇင်ဘာလ ဒုတိယအပတ်တွင်ပြည်တွင်းစက်သုံးဆီဈေးနှုန်းဖြစ်သည့် ၉၂ တစ်လီတာကို ၁၈၆၅ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။
ကျန်စက်သုံးဆီဈေးနှုန်းများဖြစ်သည့် ၉၅ တစ်လီတာ ၁၉၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်ထိ စက်သုံးဆီဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။ ယင်းအပြင် ဒီဇင်ဘာလ ၇ ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၅ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်တွေကို စိစစ်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 8 December 2022
ယမန်နေ့ ဒီဇင်ဘာလ ၇ရက်နေ့ မနက် ၇နာရီ ၃၀မိနစ် အချိန်ခန့်တွင် ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု ကမ်းနားပိုင်း(ကွက်သစ်)ရှိ ဦးရွှေထွန်း၏ နေအိမ်၌ ဖယောင်းတိုင်မီး(ဘုရားမီး) ပူဇော်ရာမှတဆင့် သစ်သားဘုရားကျောင်းဆောင်သို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသနေ လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပေါင်မြို့နယ်မှ တာဝန်ရှိသူများ၊ ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ၈နာရီ၁၃မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဂရုဏာရှင် လူမှုကူညီရေးအသင်းမှသိရသည်။
မီးလာင်မှုကြောင့် လူနေအိမ်(၅)လုံး ပျက်စီးဆုံး ရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း အိမ်ထောင်စု(၅)စုနှင့် လူဦးရေ (၃၁)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အသင်းမှသိရသည်။
#ymg/NN
#Yangon_Media_Group
Page 1436 of 2079