Published_ 26 August 2023
နိုင်ငံပေါင်း(၂၁)နိုင်ငံမှတက္ကသိုလ်များပါဝင်ပြသမည့် တရုတ်-အာဆီယံပညာရေးဆိုင်ရာ China-ASEAN Education Cooperation Week(CAECW)2023 and One Belt One Road University Presidents’ Forum 2023ဆွေးနွေးပွဲတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)ပါဝင်မည်ဖြစ်ပြီး ပြခန်းတစ်ခုပါဝင်ပြသ မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံပေါင်း(၂၁)နိုင်ငံမှတက္ကသိုလ်ပြခန်းပေါင်း(၁၀၀)ကျော်ပြသမည့်အစီအစဉ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှပါဝင်၍ ပြခန်းတစ်ခုပြသမည်ဖြစ်သည်။
တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်မှုရက်သတ္တပတ်(CAECA)၂၀၂၃နှင့် One Belt One Road တက္ကသိုလ်ဥက္ကဋ္ဌများဖိုရမ်(China-ASEAN Education Cooperation Week(CAECW)2023 and One Belt One Road University President’s Forum 2023)ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ကွေ့ကျိုးပြည်နယ်၊ ကွေ့ရန်မြို့တွင် ဩဂုတ်လ၂၉ရက်မှ၃၀ရက်အထိကျင်းပသွားမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှပါဝင်ပြသမည့် တက္ကသိုလ်ပြခန်း နမူနာကို ဩဂုတ်လ၂၅ရက်တွင် ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးမှ ကြည့်ရူကာလိုအပ်သည်များကိုမှာကြားခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times
Published-26 August 2023
တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ဖီမော်နယ်စပ်ကုန်သွယ်ရေးဂိတ် အဆင့်မြှင့် တင်နိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူးတို့ ဆွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဖီမော်ဒေသ နှင့် မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်တို့အကြား လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုး ရေးဇုန်အကောင်အထည်ဖော်ရေး၊ အသက်မွေးဝမ်းကျောင်းပညာရေးသင်တန်းကျောင်း တက်ရောက်ပညာ သင်ကြားနိုင်ရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတစ်ရပ်ကို ယခုလ ဩဂုတ်(၂၄)ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်၊
အလားတူ ကချင်ပြည်နယ်နှင့် မြစ်ကြီးနားခရိုင်၊ ချီဖွေခရိုင်၊ ပူတာအိုခရိုင်တို့နှင့် နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုမှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ရန် ထပ်မံဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံဆွေးနွေးမှုအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ချင်းချစ်ခင်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်သောကြောင့် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းစကား ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု၏ အနှစ်ချုပ်သည် နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်ပြီး၊ ယင်းနယ်စပ်ဒေသများအတွင်း ကုန်စည်စီးဆင်းမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်းကျောင်းသင်ကြားရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆိုင်ရာ ကိစ္စရပ် များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။
ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံတို၏ နယ်နိမိတ်ထိစပ်မှုသည် (၆၁၃ ဒဿမ ၆၄) မိုင် ရှည်လျားကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 26 August 2023
ကမ္ဘောဇဘဏ် လီမိတတ် ၏ အကြွေးဝယ်ကတ် (VISA /UPI) Credit Card များရယူသုံးစွဲ ထားပြီး ချေးငွေ သွင်းရန် ကျန်ရှိနေသူများ အနေဖြင့် ၁၀ရက် အတွင်း ချေးငွေများ ပြန်လာသွင်းရန် အတွက် Legal& Compliance Function ၊ ကမ္ဘောဇဘဏ် လီမိတတ် မှ သြဂုတ် လ ၂၆ ရက်တွင် နိုင်ငံပိုင်သတင်းစာ တွင် ထည့်သွင်းကြေညာထားကြောင်း သိရသည်။
သတ်မှတ်ထားသည့် ၁၀ ရက် အတွင်း ချေးငွေ ပြန်လာ သွင်းခြင်း မရှိပါက ယင်းစာရင်း ပိုင်ရှင်များ ကို အမည်၊မှတ်ပုံတင်၊နေရပ် လိပ်စာနှင့်တကွ နိုင်ငံ ပိုင်သတင်းစာတွင် ထပ်မံကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ပြီး တရားဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာချက် တွင် ပါရှိသည်။
အဆိုပါ ချေးငွေ လာသွင်းရန် ပျက်ကွက်နေ သူ များ ကို ချေးငွေပြန်လာသွင်းရန် အတွက် ပြီးခဲ့သည့် မေလ ၁၉ရက်နှင့်၂၀ ရက် တို့ တွင် လည်း နိုင်ငံ ပိုင်သတင်းစာ တို့တွင် ပထမအကြိမ် အသိပေး ကြေညာချက် ထုတ်ပြန် ခဲ့ ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
Published_ 26 August 2023
နည်းပြတန်ဟက်၏အတောင့်တင်းဆုံး ပွဲထွက် ၁၁ယောက် စာရင်းတွင် မပါဝင်သော်လည်း ပွဲကစားခွင့်ရရှိရန် ယုံကြည်မှုရှိကြောင်းဆွီဒင် နောက်ခံလူ လင်ဒယ်လော့ဖ်က ဖွင့်ဟပြောကြားခဲ့သည်။
လင်ဒယ်လော့သည် ယခုရာသီတွင် မန်ယူသို့ ရောက်ရှိသည့် ၆ရာသီ မြောက်အဖြစ် ကစားမည်ဖြစ်ပြီး ပြီးခဲ့သည်ရာသီမှစ၍ ဗာရန်းနှင့်မာတီနက်ဇ်တို့၏အရန်ကစားသမားအဖြစ်သာရှိနေခဲ့သည်။
၎င်းသည်ပြီးခဲ့သည့် ရာသီတွင်ဒဏ်ရာကင်းစင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲ ပွဲထွက်ကစားခဲ့ရကာမက်ဂွိုင်းယားတက်ဦးစားပေး၍ခံစစ်အရန်လူအဖြစ်နည်းပြက သတ်မှတ်နေရာပေးခဲ့သည်။
"ကမ္ဘာ့အကြီးဆုံးကလပ်တစ်ခုမှာ ကစားနေကြတဲ့ ကစားသမားတွေအတွက် နေရာတိုင်းမှာပြိုင်ဆိုင်မှုရှိနေမှာပါ၊ ဒါဟာပြဿနာမဟုတ်ပါဘူး။
ကျွန်တော်တို့ အတူတကွ ညီညွတ်စွာရှိနေကြပါတယ်" ဟု လင်ဒယ်လော့ က ပြောကြားခဲ့သည်။မန်ယူအသင်းသည် ယခုနွေရာသီတွင် ဗဟိုနောက်ခံလူသစ်တစ်ယောက်ကိုခေါ်ယူရန် စီစဉ်နေခဲ့သော်လည်း မက်ဂွိုင်းယား ဝက်စ်ဟမ်းသို့ပြောင်းရွှေ့မှုပျက်ပြယ်ခဲ့ပြီးနောက် နောင့်နှေးသွားခဲ့သည်။
အခြားသတင်း တစ်ရပ်တွင် မန်ယူဘယ်နောက်ခံလူ လုခ်ရှောသည် ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ပတ်ခန့်အနားယူရဖွယ်ရှိသည်ဟု နည်းပြတန်ဟက်က ပြောကြားခဲ့သည်။
တိုက်စစ်မှူးသစ် ဟွိုင်လန်းမှာမှု နော်တင်ဟမ်နှင့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးတွင် အသင်းနှင့်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ref: 90min
#World_Sport
#YMG #Yangon_Times
Published 26 August 2023
ဇူလိုင် ၂၆ ရက်နေ့က အာဏာသိမ်းပိုက်ခဲ့တဲ့ နိုင်ဂျာနိုင်ငံရဲ့ ခေါင်းဆောင်က ပြင်သစ်သံအမတ် ဆဲလ်ဗိန်းအစ်တ်ကို နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာရန် အမိန့်ပေးလိုက်ပါတယ်။
နိုင်ဂျာနဲ့ ကိုလိုနီနိုင်ငံဟောင်း ပြင်သစ်တို့ကြား ဆက်ဆံရေးကလည်း ပိုပြီးဆိုးရွားနေပါတယ်။
မကြာသေးမီက အိမ်နီးချင်း ဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့မှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့သလိုပင် နိုင်ဂျာနိုင်ငံမှာလည်း ပြင်သစ်ဆန့်ကျင်ရေး ကြီးထွားလာစဥ် စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပြီး အချို့ပြည်သူတွေက ပြင်သစ်ဟာ သူတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲနေကြပါတယ်။
နိုင်ဂျာတို့ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြင်သစ်အစိုးရ လုပ်ရပ်တွေကို တုန့်ပြန်တဲ့အနေနဲ့ ပြင်သစ်သံအမတ်ကို နှင်ထုတ်ရန် ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း စစ်အာဏာရှင် ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုထဲမှာ နိုင်ငံခြားရေးဝန်ကြီးအသစ်ကို တွေ့ဆုံရန် ဖိတ်ကြားချက်ကို ပြင်သစ်သံအမတ်က ငြင်းပယ်လိုက်တာကြောင့်လည်း ပါဝင်နေပါတယ်။
ပြင်သစ်သံတမန်ကို နှင်ထုတ်တဲ့ အခြေအနေကဲ့သို့ပင် အမေရိကန်နဲ့ ဂျာမနီသံအမတ်များကိုလည်း နိုင်ဂျာက နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေဟာလည်း အွန်လိုင်းမှာ အတော်လေး ပျံ့နှံ့နေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ သောကြာနေ့က ပြောကြားရာမှာတော့ နိုင်ဂျာဟာ သူတို့နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဒီလိုထုတ်ပြန်ခြင်း မရှိဘူးလို့ အသိပေးထားကြောင်း သိရှိရပါတယ်။
နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်နဲ့ လုံခြုံရေးတပ်ဖွဲ့မှ သတင်းရင်းမြစ် ပြောကြားချက်အရ ပြင်သစ်သံအမတ်တစ်ဦးကိုသာ ထွက်ခွာရန် အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အာဏာသိမ်းမှုကြောင့် နိုင်ဂျာနဲ့ ပြင်သစ်နိုင်ငံတို့ကြား ကာလကြာရှည်စွာ ရှိနေခဲ့တဲ့ ဆက်ဆံရေးက စတင်ပြိုကွဲရာ ဖြစ်လာခဲ့ပြီး အခုလို သံအမတ်ကို နှင်ထုတ်လိုက်ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရာနေရာ ဆာဟယ်လ်ဒေသက အစ္စလာမ်သောင်းကျန်းမှုတွေကို ပူးပေါင်းချေမှုန်းသွားမယ့် မျှော်လင့်ချက်တွေဟာလည်း မရေမရာ ဖြစ်လာပါတယ်။
အာဏာသိမ်းခံရတဲ့ သမ္မတ မိုဟာမက်ဘာဇွန်းမ်ကို အာဏာပြန်အပ်ဖို့နဲ့ အာဏာသိမ်းမှုကို တွန်းလှန်ရန် အနောက်အာဖရိက ဒေသတွင်းအဖွဲ့အစည်း ECOWAS ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ပံ့သွားမယ်လို့ ပြင်သစ်က ဆိုပါတယ်။
နိုင်ဂျာနိုင်ငံဟာ ယူရေနီယံ အများဆုံးထွက်ရှိရာ ဒေသတွေထဲက တစ်ခုဖြစ်ပြီး ဒေသတွင်းရှိ အစ္စလာမ်စစ်သွေးကြွတွေကို ကူညီတိုက်ထုတ်ပေးနေတဲ့ အမေရိကန်၊ ပြင်သစ်၊ အခြားနိုင်ငံများမှ တပ်ဖွဲ့များ အခြေချရာနေရာလည်း ဖြစ်ပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times
Published_ 25 August 2023
ဆယ်ကျော်သက်အရွယ်တွေမှာ အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာများ စားသုံးခြင်းနဲ့ အသက်ကြီးလာတဲ့အခါ စိတ်ဖိစီးမှု မြင့်တက်လာခြင်းတို့ကြား ဆက်စပ်မှုကို သုတေသနတစ်ခုကနေ ဖော်ပြလိုက်ပါတယ်။
အဆိုပါ အစားအစာများ လွန်ကျူးစွာ စားသုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အဖြစ်များနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။
အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေထဲက အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာ အစားများသူတွေရဲ့ စိတ်ကျန်းမာရေး နောက်ဆက်တွဲများကို လေ့လာခဲ့ကြပါတယ်။
ဒီလိုစားစရာတွေ စားသုံးခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ မြင့်တက်လာနိုင်ကာ နောက်ပိုင်းမှာ စိတ်ဓာတ်ကျခြင်းဝေဒနာလည်း ဖြစ်လာနိုင်ပါတယ်လို့ တွေ့ရှိဖော်ပြခဲ့ပါတယ်။
ထိုစားစရာတွေကို အများဆုံးစားသုံးသူတွေက အနည်းဆုံးစားသုံးသူတွေထက် စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ချေ ၁၄ ရာခိုင်နှုန်းပိုများနေပါတယ်။
အရင်လေ့လာချက်တွေမှာတော့ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေဟာ ကင်ဆာနဲ့ ဒီမန်ရှာရောဂါများလည်း ဖြစ်နိုင်ချေများစေပါတယ်။
အာလူးကြော်၊ ကွတ်ကီး၊ အေးခဲထားသော အသားများ၊ ဆိုဒါ စတာတွေက အသိဥာဏ်ပိုင်း ယုတ်လျော့စေတာနဲ့ သက်ဆိုင်နေပါတယ်။
လမ်းဘေးစာ အများအပြား စားသုံးသူတွေမှာ ဒီမန်ရှာလက္ခဏာ တွေ့ရှိနိုင်ချေ ၂၅ ရာခိုင်နှုန်းပိုများကြောင်း လေ့လာချက်တစ်ခုမှာလည်း တွေ့ရှိထားပါတယ်။
လမ်းဘေးစာ စားသုံးမှု ၁၀ ရာခိုင်နှုန်းမြင့်လာတိုင်း ကင်ဆာဖြစ်နိုင်ချေ ၂ ရာခိုင်နှုန်း များလာပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times
Published-26 August 2023
အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များရှိပြီးဖြစ်သော်လည်း တိုးတက်မှုများနည်းပါးခဲ့ဟု နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီးပွားရေး ရာကော်မတီ အစည်းအဝေးအမှတ်အတွင်း ပြောသည်။
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွားရေးဇုန်တို့သည် မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန်အမြန်ဆုံးဆောင်ရွက်ရမည်ဟု ယင်းကဆိုသည်။
အလားတူ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေနိုင်သောကြောင့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အဆိုပါ အစည်းအဝေးအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများကို ပြောကြားလိုက်သည်။
အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖေါ်ဆောင်ရခြင်းမှာ အမျိုးသားစီးပွားဖွံ့ဖြိုးရေတိုး တက်ရေးစီမံကိန်း၏ အဓိကရည်မှန်းချက်များကို အထောက်အကူဖြစ်စေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်၊ ပြည်ပပို့ကုန်တိုးတက်၍ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်၊ စက်မှုကဏ္ဍ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 26 August 2023
ကျောက်ဖြူရေနက်ဆိပ်ကမ်း-မန္တလေး နှင့် မူဆယ်-မန္တလေး မီးရထားလမ်းတို့ကိုဖောက်လုပ်ရန် ဆောင်ရွက်နေကြောင်း နစက ဥက္ကဌက စီးပွားရေး ရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)တွင် ပြောကြားခဲ့သည်။
ယင်းက မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရန် သုံးသပ် ဆောင်ရွက်နေပြီး ချင်းရွှေဟော်-လားရှိုး ရထားလမ်းလည်း ဖောက်လုပ်သင့်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောသည်။
ယင်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက် လုပ်ရေးလုပ်ငန်း ကိုလည်း အကောင်အထည် ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက် လာမည်ဖြစ် ကြောင်း၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ဆက်သွယ်မှုကို အထောက်အကူပြုသည့်တမူးလမ်း ပြန်လည်ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေးမှာ အရေးကြီးသည့်အတွက် လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်နေရန် ၊နယ်စပ် ကုန်သွယ်မှုများဆောင် ရွက်ရာတွင်လည်း လမ်းကြောင်းတစ်ခုတည်းကို အဓိက ထားအသုံးပြုခြင်းထက် အခြားလမ်းကြောင်းများကိုလည်း စဉ်းစားဆောင်ရွက်ထားရန် ၊ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြဝတီ နယ်စပ်ကုန် ကုန်သွယ်မှုစခန်းများကို အဆင့်မြှင့်တင်သွားရန်တို့ကိုလည်း နစက ဥက္ကဌက ပြောကြားခဲ့သေးသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 26 August 2023
ငယ်ရွယ်သေးတာကြောင့် တစ်နေ့ကို ၈ နာရီအိပ်ဖို့ မလိုအပ်ဘူးလို့ ထင်ရင် အမှားကြီးမှားနေပါပြီ။
အချိန်အနည်းငယ်မျှပင် အိပ်ရေးပျက်မိပါက နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ကို ဆိုးရွားစွာထိခိုက်စေနိုင်ကာ အလွယ်တကူ ပြန်ကောင်းအောင် ပြုလုပ်ရန်မလွယ်ကူကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ပန်ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ကျန်းမာတဲ့ အမျိုးသား ၁၅ ဦးကို ၅ ညတိုင်အိပ်ရေးပျက်စေကာ ၁၁ ရက်အထိ လေ့လာခဲ့ပါတယ်။
အချိန်အနည်းငယ်မျှ အိပ်ရေးပျက်ပြီးနောက် နောက်ထပ် ၂ ညကို လုံလောက်စွာ အိပ်စက်စေပေမယ့် မြင့်တက်သွားတဲ့ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတို့ကိုတော့ လုံလောက်တဲ့အထိ မချနိုင်တော့ဘူးလို့ နှလုံးအထူးကုဌာနမှ ပရော်ဖက်ဆာ ရာဂျက်ရှ်ဗီဂျေးဗာဂျီယာက ပြောပြခဲ့ပါတယ်။
တစ်နေ့တာအတွင်း ခံစားရတဲ့ ရောင်ရမ်းမှုတွေကို လျှော့ချဖို့ တစ်ညကို ၈ နာရီအိပ်ပေးဖို့ လိုအပ်ပါတယ်။
အိပ်ရေးပျက်တဲ့အခါ နှလုံးကိုထိခိုက်ပြီး နောက်နေ့တွေမှာ အစားပြန်အိပ်ပေမယ့်လည်း ထိခိုက်ပြီးသားအရာတွေကို ပြန်မကုစားနိုင်တော့ပါဘူး။
အိပ်ရေးပျကခြင်းရဲ့ ရေတိုပြဿနာတွေကိုသာ ဂရုစိုက်နေကြပြီး အချိန်ကြာလာတာနဲ့အမျှ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးသွေးကြောရောဂါနဲ့ သွေးတိုးရောဂါတို့လည်း ဖြစ်လာနိုင်တာကို သတိပြုသင့်ကြောင်း ပရော်ဖက်ဆာ ဆန်ဒိဘန်ဆယ်က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အယ်လ်ဇိုင်းမားလို အာရုံကြော ယုတ်လျော့လာတဲ့ ရောဂါတွေလည်း ဖြစ်နိုင်ချေများလာပါတယ်။
ဒါဟာ အိပ်စက်မှုစက်ဝန်း အပြောင်းအလဲ ဖြစ်သွားတာကြောင့် ခန္ဓာကိုယ်ဇီဝဖြစ်စဥ်ထဲမှာ သိသိသာသာ ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။
အသက်အရွယ်၊ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး အိပ်ချိန်လိုအပ်မှု အပြောင်းအလဲ ရှိနိုင်ပေမယ့် တစ်နေ့ကို ၇ နာရီမှ ၉ နာရီကြား ရှိသင့်ပါတယ်။
အချို့ဟော်မုန်းတွေက ညဘက်အိပ်မှသာ ထွက်ရှိပြီး အိပ်ရေးပျက်တဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းမြန်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့ ဖြစ်နိုင်ချေ များလာပါတယ်။
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ အသိစိတ်၊ အာရုံစူးစိုက်ခြင်း၊ အသိဥာဏ်လုပ်ဆောင်ချက်၊ စိတ်ခံစားချက်များအပေါ်လည်း သက်ရောက်နိုင်ပါတယ်။
နေ့လယ်စာစားအပြီး မိနစ် ၃၀ ထက်မကြာအောင် တရေးအိပ်ခြင်းက အကျိုးကျေးဇူးရနိုင်ပြီး ညဘက်အိပ်စက်မှုကို မထိခိုက်အောင် သတိထားရမှာဖြစ်ပါတယ်။
အရက်သေစာ၊ ဆေးလိပ်၊ ကဖင်းဓာတ် အလွန်အကျွံ အသုံးပြုခြင်းကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်တာကို သတိပြုရပါမယ်။
Source: The Indian Express
#World_Health
#YMG #Yangon_Times
၂၅ ဩဂုတ် ၂၀၂၃
ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ ဝိသမလောဘသမားများ၏ဈေးကစားနေမှုများရှိတဲ့အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ဩဂုတ် ၂၅ ရက် မနက်က နစက ဥက္ကဋ္ဌရုံး၌ကျင်းပတဲ့ နိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီအပြင် ဗိုလ်ချုပ်မှူးကြီးက ငွေကြေးဈေးကွက်ကို ပြည်တွင်းကျပ်ငွေ၊နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားကြသူများက အဓိကဈေးကစားနေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။
နိုင်ငံခြားငွေကိုင် ထားသူများက၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူ များကရွှေဝယ်၍ ရွှေဈေးတက်အောင်ဆောင်ရွက်နေကြသည်ကိုတွေ့ရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားပါတယ်။
အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့်ဈေးထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီးအမြတ်များများရနိုင်မည့်လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်မှူုးကြီးက ပြောပါတယ်။
အဲဒါကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျသုံးသပ် ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်တယ်လို့လည်း ကော်မတီဝင်တွေကို ဥက္ကဋ္ဌက မှာကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိနေပြီး ယင်းလုပ်ငန်းသည့်နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် မြန်မာနိုင်ငံမှာလည်း ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်စပ်ပြောဆိုပါတယ်။
နစကတာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကိုအဓိကထားတိုက်ခိုက်ခဲ့လို့ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ရာမှာဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ရတယ်လို့ နစက ဥက္ကဋ္ဌက ပြန်ပြောင်းပြောဆိုပါတယ်။
ဒါပေမယ့် နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရပြီး ယခုအချိန်အထိလည်း အချို့ သော ဘဏ်များအနေဖြင့် ရိုးဖြောင့်စွ လုပ်ကိုင်ဆောင် ရွက်မှုမရှိသည်ကို တွေ့နေရလို့ ဘဏ်များ၏ လုပ်ဆောင်ချက်များကိုစနစ်တကျစောင့်ကြည့် သုံးသပ်၍လုပ်ဆောင်ကြရမယ်လို့လည်း ဘဏ်များနှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးများက စီးပွာရေးရာများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ၏ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
-knl/ymg
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံဖြိုးမှုအတွက် အဓိကပါဝင်ပေးရန် BRICSအဖွဲဝင်နိုင်ငံများအား နိုင်ငံတကာရန်ပုံငွေအဖွဲအားထား
BRICS အဖွဲဝင်နိုင်ငံများအနေနဲ့ လာမယ့် ၅ နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားတိုးတက်ရေးကဏ္ဍမှာ အဓိကနေရာကနေ ပိုမိုပါဝင်ပေးရန် နိုင်ငံတကာရန်ပုံငွေအဖွဲ့ (IMF)က မျှော်မှန်းနေပါတယ်။
#World_Business
#Published_ 25 August 2023
#YMG #Yangon_Times
#Daily_News
Published_ 25 August 2023
၁။ ပဲပေါ်ချိန်၊နှမ်းပေါ်ချိန် ဖြစ်သလိုဆီထုတ်လုပ်မှု ပိုများလာသဖြင့် ပြည်တွင်းဖြစ်ဆီကြိတ်စက်များရောင်းအားနှစ်ဆသွက်
၂။ မလေးအစိုးရ၏ အလုပ်သမားခေါ်စာ အတုပြုလုပ်ပြီး ပြည်တွင်းတွင် လိမ်လည်ငွေကြေးတောင်းနေဟုဆို
၃။ ရန်ကုန်-ကွမ်ကျိုး(တရုတ်)-လော့အိန်ဂျလီ(LA)(အမေရိကား)တိုက်ရိုက်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်
၄။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကပါဝင်ပေးရန် BRICS အဖွဲ့ဝင်နိုင်ငံများအား နိုင်ငံတကာရန်ပုံငွေအဖွဲ့ အားထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 733 of 1639