#Local_News
Published 1 March 2024
နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေးနှင့် မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။
ကြည့်မြင်တိုင် မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မျက်မမြင်သင်တန်းသား သင်တန်းသူများအတွက် ခေတ်မီသင်ကြားမှုစနစ်များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် လေ့လာပြီး လိုအပ်ချက်များတင်ပြရန်၊ သက်မွေးအတတ်ပညာများကို ယခုထက်ပို၍ အမျိုးအစား ပိုမိုသင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံအား ရေရှည်တည်တံ့ရေး သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ဆက်သွယ်၍ စနစ်တကျ လေ့ကျင့်ပေးရန်မှာကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မျက်မမြင်ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို မျက်မမြင်လက်စမ်းစာ (Braille Letter) ဖြင့် မူလတန်းပညာရေးကို ကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးနေမှု၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Educationဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသောကျောင်းများတွင် ဆက်လက်သင်ကြားပေးနေမှု၊ Japan Heart အဖွဲ့နှင့် ပူးပေါင်း၍ တစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးသည့် ဂျပန်နည်းစနစ်ဆိုင်ရာ ဆေးပညာအကြောပြင် အနှိပ်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှု၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ အကြောပြင်အနှိပ်သင်တန်း နှစ်နှစ်သင်ကြားပို့ချနေမှု၊ ဆက်တီခုံကြိမ်ထိုးနေမှုနှင့် ပလတ်စတစ်ခြင်း ရက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မျက်မမြင်စစ်တုရင်သင်ကြားနေခြင်းနှင့် Goal Ball အားကစားနည်းလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်လမ်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့သွားရောက်၍ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #နိုင်ငံ့ဂုဏ်ဆောင်မျက်မမြင် #YMG/NN #Yangon-Times #မြန်မာ့တီးဝိုင်း #နိုင်ငံတကာတီးဝိုင်း
#Local_News
Published-24 March 2024
ရန်ကုန်ဆိပ်ကမ်းများသို့ လာမည့်မတ်လအတွင်း နိုင်ငံတကာကုန်သေတ္တာတင် သင်္ဘော (၅၅) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင်(၅၃)စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာ တင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့သည်။
#Local_News #ရန်ကုန်ဆိပ်ကမ်း #ကုန်သေတ္တာတင်သင်္ဘော(၅၅)စင်း #ဝင်ရောက်ဆိုက်ကပ်မည် #YMG/NN #Yangon_Times
မတ်လ ၁ရက်နေ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ ပြည်တွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကိုကျပ် ၅ဝမှ၈၀ကျပ်ဝန်းကျင်ဈေးပြန်ကျလာတယ် လို့ သိရပါတယ်။
#Local_News
Published_ 1 March 2024
#စက်သုံးဆီဈေးကျ #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/LW #Yangon_Times
သင်္ကြန်တွင်းရိပ်သာဝင်မည့်သူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ။ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှာ သင်္ကြန်တရားစခန်းကို ဧပြီလ(၁၄) ရက်ကစပြီး (၂၃)ရက်ပြီးမှာဖြစ်ပြီး ယောဂီသူတော် စင်(၂၈၀)မှ(၃၀၀)ဦးအထိ လက်ခံသွားဖို့ရှိတယ်
#Local_News
Published_ 1 March 2024
#သင်္ကြန်ရိပ်သာဝင်မည့်သူ #ကြိုတင်စာရင်းပေးသွင်း
#tthl #Yangon_Times
#Local_News
Published 1 March 2024
ဂျပန်နိုင်ငံသို့ သွားရောက်ရန်အတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုတွေ အလွန်များပြားနေသဖြင့် တယ်လီဖုန်း ဖြင့် ကြိုတင်ရက်ချိန်းယူမှုကို ခတ္တခဏရပ်နားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကမေတ္တာရပ်ခံထားကြောင်း သိရသည်။
လက်ရှိတွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုများ အလွန်များပြားလျက်ရှိသဖြင့် လျှောက်ထားသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံထားသည်။
အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်းရယူရာတွင် အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် လည်း ဂျပန် သံရုံး က ရေးသားထားသည်။
ထို့ပြင် တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူများ #ခတ္တခဏရပ်နားမည် #ဂျပန်သံရုံးမေတ္တာရပ်ခံ #YMG/LW #Yangon_Times
#World_News
Published 01 March 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ ၆ ထပ်တိုက်တစ်လုံးဟာ ညဘက်ကြီး အကြီးအကျယ် မီးလောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံး လူ ၄၃ ဦးသေဆုံးကာ ဒါဇင်ခန့်ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကြာသပတေးနေ့က ဘိုင်လီလမ်းမပေါ်ရှိ နာမည်ကြီးဒံပေါက်ဆိုင်တစ်ဆိုင်မှာ မီးအစပြုခဲ့တာဖြစ်ပြီး အခြားအထပ်များသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်လို့ မီးသတ်အရာရှိများက ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီး ဆာမန်တာလယ်ဆင်က ဒါကာဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံသို့ သွားရောက်ခဲ့ပြီးနောက် အနည်းဆုံး လူ ၄၃ ဦးသေဆုံးပြီး မီးလောင်ဒဏ်ရာရထားတဲ့ ၂၂ ဦးကို ဆေးရုံမှာကုသပေးနေတယ်လို့ သောကြာနေ့အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မီးလောင်ဒဏ်ရာ အပြင်းအထန်ရထားတဲ့ ၂၂ ယောက်စလုံး အရေးပေါ်အခြေအနေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးဘဲ မီးသတ်အဖွဲ့ ၁၃ ဖွဲ့မှ ၂ နာရီကျော်ကြာ ကြိုးပမ်းမီးသတ်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ မီးသတ်အရာရှိများက ပြောပြပါတယ်။
ပြတင်းပေါက်ကွဲတစ်ခုကနေ ခုန်ထွက်ပြီး မီးဘေးကြားက သီသီလေး လွတ်မြောက်ခဲ့တဲ့ မိုဟာမက်အယ်တက်ဖ်က ယင်းကိုယ်တိုင် လွတ်မြောက်ခဲ့ပေမယ့် လုပ်ဖော်ကိုင်ဖက် ၂ ဦးကတော့ သေဆုံးသွားကြောင်း သတင်းထောက်တွေကို ပြောပြပါတယ်။
သောကြာနေ့ အစောပိုင်းမှာ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူတွေရဲ့ သက်ဆိုင်သူများ ဆေးရုံသို့ ရောက်ရှိလာကာ အလောင်းတွေကို လက်ခံရယူခဲ့ကြသလို အချို့ကတော့ အရေးပေါ်ဌာန အပြင်ဘက်မှာ ပူဆွေးဝမ်းနည်းနေကြပါတယ်။
သေဆုံးသွားသူအများစုက အသက်ရှူကြပ်တာကြောင့် ဖြစ်ကြပြီး အချို့ကတော့ တိုက်ပေါ်ကခုန်ချရင်း သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
မီးသတ်သမားတွေက ကရိန်းများဖြင့် တိုက်ပေါ်ကလူတွေကို ကယ်ဆယ်ခဲ့ကြပြီး ဂတ်စ်ယိုစိမ့်မှု ဒါမှမဟုတ် ဂတ်စ်မီးဖိုကနေ မီးစတင်ခဲ့တာ ဖြစ်မယ်လို့ ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနနဲ့ အရပ်ဘက်ကာကွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး မိန်းအူဒင်က ပြောပြခဲ့ပါတယ်။
ထိုအဆောက်အအုံ အထပ်တိုင်းမှာ ဂတ်စ်အိုးများရှိနေပြီး အလွန်အန္တရာယ်များတဲ့ တိုက်ဖြစ်ကာ အဖြစ်အပျက်ကို စုံစမ်းရန် အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ပြည်တွင်းစီးပွားရေး ရုတ်တရက် ထိုးတက်လာပေမယ့် ဘေးကင်းလုံခြုံမှုအပိုင်းမှာတော့ စိတ်ချရခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်များအတွင်း မီးဘေးကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။
#World_News #ခြောက်ထပ်အဆောက်အအုံမီးလောင် #အနည်းဆုံး(၄၃)ဦးသေဆုံး #Source: Reuters
#Local_News
Published_ 1 March 2024
မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် မြန်မာ-ထိုင်း-လာအို နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်းလေထု အရည်အသွေးနှင့်ရာသီဥတုတိုင်းတာရေးစက် (၁၇)မျိုးကို ဝယ်ယူတပ်ဆင်တိုင်းတာခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း”ဆောင်ရွက်ခဲ့ပြီး ယင်းစီမံကိန်းဖြင့် တိုင်းတာရေးစက်များကို ဝယ်ယူတပ်ဆင်တိုင်းတာနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
စီမံကိန်းပိတ်ပွဲအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းကာလ နှစ်နှစ်နှင့် ခြောက်လတာကာလအတွင်း လေထုအရည်အသွေးဆိုင်ရာ အဓိက Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာနိုင်သည့် ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများဝယ်ယူပြီး မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်း၊ ရွေ့လျားလေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာကိုင်တွယ်အသုံးပြုခြင်း သင်တန်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများကို မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊
နှစ်စဉ်ပွင့်လင်းရာသီတွင် တွေ့ကြုံရသည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနမှတာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါ စီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ စီမံကိန်းကာလ ၂ နှစ် ၆ လသတ်မှတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးချုပ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ-ထိုင်း-လာအို #လေထုအရည်အသွေး #tthl #Yangon_Times
#Local_News
Published 1March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁ရက်နေ့ နံနက် ၂နာရီ ၂၃မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၃နာရီ ၃၅မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
"ဆီတင်သင်္ဘောလောင်တာလို့တော့ကြားတယ်။ ပေါက်ကွဲသံတွေနဲ့ မြေကြီးပါတုန်တယ်"ဟု ကြည့်မြင်တိုင်မြို့နယ် နေသူ တစ်ဦးကပြောသည်။
အဆိုပါ သင်္ဘောမီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိပြီး သတင်း ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။
#Local_News #ရန်ကုန်မြစ်အတွင်း #ဘင်္ဘောတစ်စီး မီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published_ 1 March 2024
Asian Telecom Award ကို ချီးမြှင့်ပေးသည့် Broadband Telecom Company of the Year - Myanmar အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့၌ စင်္ကာပူနိုင်ငံ Marina Bay Sands Expo & Convention Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် Global Technology Company ၏ Brand တစ်ခုဖြစ်သော 5BB Broadband သည် မြန်မာနိုင်ငံအတွက် အကောင်းဆုံး Broadband Telecom Company ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရပါသည်။
5BB Broadband သည် မြန်မာနိုင်ငံအတွက် (၈) နှစ်အတွင်းမှာ အတန်ဆုံး နှင့် အမြန်ဆုံး အင်တာနက် ဖြစ်ပြီး Broadband Internet ကို လူတိုင်း အသုံးပြုနိုင်အောင် အောင်မြင်စွာ ပေးဆောင်နိုင်ခဲ့ခြင်းအတွက် ယခုလို ထိုက်တန်စွာချီးမြှင့်ခံရခြင်းဖြစ်ပါသည်။
၂၀၁၇ ခုနှစ်တွင် 5BB Broadband ကို Global Technology မှ Mobile Operator များ သုံးစွဲရန် High Quality Infrastructure ၊ AAE-1 ပင်လယ်ရေအောက် ဆက်သွယ်ရေး ဆက်ကြောင်း၊ International Cross Border များကို ဖြတ်ကျော်သွယ်တန်းပြီး အိမ်နှင့် ရုံးများတွင် သုံးနိုင်ကြစေရန် ရည်ရွယ်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် 1mbps ဖြင့် အင်တာနက် စတင် ပေးဆောင်ခဲ့ပြီး ယခုဆိုလျှင် မြို့ကြီး (၁၆) မြို့အတွက် 1Gpbs အထိ ပေးဆောင်နိုင်နေပါပြီ။
(၈) နှစ်တာ ကာလအတွင်း 5BB Broadband သည် မြန်မာနိုင်ငံ၏ Digital ကွာဟချက်ကို သိသိသာသာ ပေါင်းကူးပေးခဲ့ပြီး Wire & Wireless Broadband Network ကို နေပြည်တော်၊ ပဲခူး၊ မကွေးနှင့် မော်လမြိုင်အပါအဝင် မြို့ကြီး (၁၆) မြို့သို့ တိုးချဲ့ခဲ့ပါသည်။
ဒါ့အပြင် 1 Mbps ကို 40,000 ကျပ်နှုန်းထားသတ်မှတ်ခဲ့ရာ 45 Mbps ကိုလည်း ထိုနှုန်းထားအတိုင်း သတ်မှတ်ပေးနိုင်ခဲ့သဖြင့် 450% အထိ ဒီ (၈) နှစ်အတွင်းမှာ လျှော့ချနိုင်ခဲ့ပါသည်။
သုံးစွဲသူလူကြီးမင်းများအတွက် စိတ်ကျေနပ်မှု ရရှိစေရန်အမြဲဆောင်ရွက်နေသော 5BB Broadband သည် ကမ္ဘာ့အင်တာနက်အဆင့်သတ်မှတ်ချက် Internet Ranking တွင် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး အမြန်ဆုံးအဆင့်ကို (၁၂၁) မှ (၁၁၈) အထိ အဆင့် (၃) ဆင့် ပိုမိုမြင့်တက်အောင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်နိုင်ခဲ့သဖြင့် User များ၏ သန်းနဲ့ချီသော Speed Test အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ Internet Provider များ အားလုံး နှိုင်းယှဉ်ပြီးမှ ပေးအပ်သည့် မြန်မာ့အမြန်ဆုံးအင်တာနက် Myanmar Fastest Internet Broadband ဆုကို ထိုက်တန်စွာ ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် Asian Telecom Award ကို 5BB Broadband အနေဖြင့် ပထမအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်တွင် စျေးကွက်လိုအပ်ချက်နှင့် Customer များ၏ တောင်းဆိုချက်များအရ Business Internet ကို စတင်ဝန်ဆောင်မှုပေးခဲ့ပြီး အမြန်နှုန်း 50Mbps မှ 1Gbps အထိ သုံးစွဲနိုင်အောင်ဆောင်ရွက်ပေးခဲ့သဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု၊ Supermarket and retail chain stores၊ သတင်းနှင့် နည်းပညာကဏ္ဍ၊ သံရုံးများ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ကောင်းမွန်စိတ်ချရသော Business Internet ကို အသုံးပြုနိုင်လာပြီး လူမှုစီးပွားနယ်ပယ်တွင် တိုးတက်မှုများစွာကို အထောက်အကူပြုနိုင်ခဲ့ပါသည်။
5BB Broadband သည် နည်းပညာဆိုင်ရာ ကျွမ်းကျင်သော ပြည်တွင်းပြည်ပ ပညာရှင်များကိုယ်တိုင် Professional စနစ်ကျစွာတည်ဆောက်ထားသည့် ဆက်သွယ်ရေးစနစ်များဖြစ်ခြင်း၊
ယနေ့အချိန်ထိ အောင်မြင်နေသော Internet Broadband Company တစ်ခုဖြစ်ခြင်း၊
24/7 ဝန်ဆောင်မှုပေးနိုင်သော Omni-Channel Service Center များ ထားရှိခြင်း၊
မြန်မာနိုင်ငံတွင် Highest Available Internet Provider တစ်ဦးအဖြစ် ရပ်တည်ခြင်း၊
After Sale Support များကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆက်လက်ပြီး AI နည်းပညာကို အသုံးချကာ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်များကို ထိရောက်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို တိကျကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန် မျှော်မှန်းထားပါသည်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ရှေ့ပြေးဦးဆောင်နေသော 5BB အနေဖြင့် (၁) နှစ်တာအကောင်းဆုံး Broadband Telecom ကုမ္ပဏီ၏ ဂုဏ်သိက္ခာကြီးမားသည့် Asian Telecom Award 2024 ကို ရရှိခြင်းသည် ထိုက်တန်သော အောင်မြင်မှုတစ်ခုဖြစ်ပါသည်။
5BB Broadband Internet ဖြင့် Covid-19 ကုသရေး စင်တာများတွင် Online မှတဆင့် အထိအတွေ့မဲ့ လူနာကုသစစ်ဆေးခြင်းစနစ်များပြုလုပ်ရန် (၂၄) နာရီ Internet နည်းပညာပံ့ပိုးမှုကြာင့် ရောဂါ ပျံ့နှံ့ခြင်းများကို လျှော့ချနိုင်ခဲ့သဖြင့် နှလုံးသားအချင်းချင်း ချိတ်ဆက်ပေးသော မြန်မာ့ ဂုဏ်ဆောင် Telecom ဟုလည်း နာမည်ရခဲ့ပါသည်။
၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် 5BB Broadband မှ We Love Rakhine အဖွဲ့အစည်းသို့ ကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခဲ့ပါသည်။ ထိုနှစ်မှာပင် ပဲခူးမြို့တွင်ဖြစ်ပွားခဲ့သည့် အနှစ်(၅၀) အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံ အခက်အခဲဖြစ်မှုများအတွက် ငွေကျပ် သိန်း (၅၀) တန်ဖိုးရှိသော စားနပ်ရိက္ခာများကို 5BB အဖွဲ့သားများကိုယ်တိုင် အိမ်တိုင်ရာရောက် ပေးအပ် ကူညီခဲ့ပါသည်။
5BB ၏ Customer များနှင့် ရင်းနှီးမှု ရလာစေပြီး အင်တာနက်ဝန်ဆောင်မှုအစီအစဉ်များအကြောင်းကို ပိုမိုသိရှိနားလည်လာစေရန် Sweet December အခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပေးခဲ့ပါသည်။ E-Sport ပြိုင်ပွဲများ၊ အနုပညာရှင်များနှင့်အတူ ဆော့ကစားသည့် ဂိမ်းအစီအစဉ်များ၊ Model Show နှင့် Challenge များလည်း ပြုလုပ်ခဲ့ကြပြီး 5BB Broadband မှ ဆုလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
Gaming နှင့် ပတ်သက်ပြီး နိုင်ငံတကာတွင်ရှိသည့် Cloud Gaming Data Center ကြီးများနှင့်တိုက်ရိုက်ချိတ်ဆက်ထားသဖြင့်
Best Possible User Experience ကို ထပ်မံဖန်တီးခြင်း၊
Cloud ဂိမ်းဝန်ဆောင်မှုများကို တိကျသေချာစွာ ဝန်ဆောင်မှုပေးနိုင်ခြင်း၊
တည်ငြိမ်ကောင်းမွန်သော Robust Digital Infrastructure တစ်ခုဖြစ်ခြင်း၊
Utmost Security ပေးနိုင်ဖို့ Equinix နှင့် ချိတ်ဆက်မှုတိုးမြှင့်ခြင်း၊
အဓိကလိုအပ်ချက်များဖြစ်သော Latency ကို အနည်းဆုံးဖြစ်ခြင်း၊
စသည့် အားသာချက်များကို 5BB Broadband Internet မှ ပေးဆောင်နိုင်နေပြီဖြစ်ပါသည်။
ဒါ့အပြင် Call Center လိုင်းအနေဖြင့် သုံးစွဲသူများကို ခေတ်မီဆန်းသစ်သော SIP TRUNK လိုင်း၊ Online Chat ၊ Mobile Application များမှ 24/7 ပံ့ပိုးပေးပြီး AI နည်းပညာ သုံးစွဲနိုင်မှုကိုလည်း မြှင့်တင်ရန် ဒီလိုလုပ်ငန်းစဉ်များတွင် ပေါင်းစပ်စီမံထားပါသည်။
5BB ၏ သုံးစွဲသူများအပေါ်တွင် ပေးထားသည့် ကတိကဝတ်များအနေဖြင့် Commitment များမှာ သက်သာသောနှုန်းထားနှင့် Affordable Internet ကို ဦးဆောင်ပြီးပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်၊ အမြန်ဆန်ဆုံး Speed ကိုအမြဲတမ်းပေးနိုင်ရန်၊ အကန့်အသတ်မဲ့အင်တာနက် ဆက်သွယ်ရေးစနစ်များကို တည်ဆောက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ပါမကျန် အိမ်သုံးအင်တာနက်ကို တပြေးညီသုံးစွဲနိုင်ရန်၊ Beyond Internet ဟုခေါ်သော မီဒီယာ streaming ၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု၊ Digital Service ဝန်ဆောင်မှုများကို အလွယ်တကူသုံးစွဲနိုင်ရန် 5BB အနေဖြင့် ကတိတဝတ်ပြုပါသည်။
ယခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းသည် သုံးစွဲသူများအပါအဝင် ဝန်ထမ်းများအားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်သာဖြစ်သည့်အတွက်ကြောင့် အားလုံးကို အထူးကျေးဇူးတင်ရှိပြီး ဒီနေ့ အသိအမှတ်ပြုခံရသော Asian Telecom Award ကို ရရှိခြင်းအား ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
#AsianTelecomAwards #5BB #GlobalNet #GlobalTechnology
#World_Health
Published 1 March 2024
ကိုယ်အလေးချိန်ကျရန် ကြိုးပမ်းနေသူတွေအတွက် ကိုယ်ရဲ့ ဝိတ်ဘယ်လောက်ရှိလဲဆိုတာကို အမြဲစောင့်ကြည့်နေကြပါတယ်။
ဝိတ်ချရာမှာ ပေါင်ချိန်စက်နဲ့ တိုင်းတာမယ်ဆိုရင် သတိထားရမှာတွေ ရှိပါတယ်။
ကိုယ်အလေးချိန်ဟာ တစ်နေ့တာအတွင်း ပြောင်းလဲနေတတ်ပြီး အခြားအကြောင်းအရာ များစွာကြောင့်လည်း ပြောင်းလဲတတ်ပါတယ်။
ပေါင်ချိန်စက်တိုင်းတာဖို့ မသင့်လျော်ဆုံး အချိန်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) အိပ်ချိန် ၆ နာရီမပြည့်တဲ့အချိန်
ညအိပ်ချိန် ၆ နာရီမပြည့်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အရည်တွေကျန်ရှိနေပြီး အဆိပ်အတောက် မဖယ်ရှားနိုင်ဘဲ အလေးချိန် ပိုများလာပါတယ်။
အိပ်ရေးပျက်တာ များလာတဲ့အခါ ဂရီလင်ဟော်မုန်း များလာပြီး အစားစားချင်စိတ် လှုံ့ဆော်တာကြောင့် ပိုမိုစားသုံးမိကာ ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။
(၂) လေယာဥ်စီးပြီးနောက်တစ်နေ့
လေယာဥ်ပေါ်မှာ ကြာမြင့်စွာ ထိုင်နေရတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ ရေများစုလာပြီး သွေးလည်ပတ်မှု မကောင်းဘဲ နောက်တစ်နေ့မှာ ကိုယ်အလေးချိန် အတက်အကျ ဖြစ်စေပါတယ်။
(၃) အရက်သောက်ပြီးချိန်
အယ်လ်ကိုဟောကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ရန် ကြာမြင့်တတ်ပြီး အခြားအစာများ ချေဖျက်တာကိုလည်း နှောင့်နှေးစေတာကြောင့် အလေးချိန် တက်လာစေပါတယ်။
(၄) ညစာနောက်ကျမှစားပြီးနောက်
ညစာကို ခါတိုင်းထက် နောက်ကျမှစားတဲ့အခါ အစာမကြေနိုင်ဘဲ ရင်ပြည့်ခြင်း လေပွခြင်းတို့ဖြစ်ကာ နောက်တစ်နေ့မှာ ကိုယ်အလေးချိန် တက်နေတတ်ပါတယ်။
#World_Health #ပေါင်ချိန်စက်ပေါ်မတက်သင့်သည့်အချိန် #အဆိပ်အတောက်မဖယ်ရှားနိုင် #Source: DoctorNDTV
#World_Health
Published 1 March 2024
ဆီးချိုရောဂါ ဒုတိယအမျိုးအစား ရှိသူတွေဟာ သွေးတွင်းသကြားဓာတ် ကျစေပြီး ရောဂါထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အလိုရှိနေကြပါတယ်။
အခုဆိုရင် အနီရောင်ခြည် ၆၇၀ နာနိုမီတာကို ကျန်းမာသူတွေရဲ့ ကျောပေါ်စမ်းသပ်ရာမှာ ဆဲလ်အတွင်း စွမ်းအင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ ဂလူးကို့စ်သုံးစွဲမှု မြင့်မားစေကြောင်း ယူကေသုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
သွေးတွင်းဂလူးကို့စ်ပမာဏ ၂၇.၇ ရာခိုင်နှုန်း လျော့ကျသွားပြီး ဂလူးကို့စ်အမြင့်ဆုံးရောက်ရှိမှု ၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
နေရောင်ခြည်မှာ အနီရောင်နဲ့ အပြာရောင် မျှခြေပါဝင်ပေမယ့် အခုဆိုရင် အပြာရောင်က ပိုမိုလွှမ်းမိုးနေပြီး LED မီးတွေမှာလည်း အပြာရောင်ပိုများနေပါတယ်။
အနီရောင်မပါဘဲ အပြာရောင်ပဲ ကြာရှည်ထိတွေ့မယ်ဆိုရင် ဘေးဖြစ်စေတတ်ပြီး သွေးတွင်းသကြားဓာတ်ကို အနှောင့်အယှက်ဖြစ်စေကာ ဆီးချိုဖြစ်လာစေနိုင်ပါတယ်။
မိုင်တိုခွန်ဒရီယာတွေဟာ ဆဲလ်တွေရဲ့ ဇီဝဓာတုဓာတ်ပြုခြင်းတွေကို အားပေးမယ့် စွမ်းအင်ကို ထုတ်လုပ်ပေးတာဖြစ်ပြီး စွမ်းအင်ပြည့်ဝတဲ့ ATP တွေကို ထုတ်လုပ်ပေးပါတယ်။
ယခင်သုတေသနမှာ အလင်းအလျား ၆၅၀ မှ ၉၀၀ နာနိုမီတာခန့်ဟာ ATP ထုတ်လုပ်မှုကို များစေပြီး သွေးတွင်းဂလူးကို့စ်ကို လျှော့ချပေးတယ်လို့ တွေ့ရှိထားပါတယ်။
မိုင်တိုခွန်ဒရီယာက ဇီဝကမ္မဖြစ်စဥ်ကို ထိန်းညှိပေးပေမယ့် ဆိုလာအလင်းရောင်ကလည်း သက်ရောက်မှုရှိနေပါတယ်။
အနီရောင်ခြည်ကြောင့် မိုင်တိုခွန်ဒရီယာနဲ့ ATP တွေကို ပိုမိုလှုံ့ဆော်ပေးပါတယ်။
အနှစ်ချုပ်ဖော်ပြရာမှာ ၆၇၀ နာနိုမီတာခန့်ရှိတဲ့ အနီရောင်ခြည်ကို ၁၅ မိနစ်ခန့် ထိတွေ့ခြင်းဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ၂၇.၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
#World_Health #သွေးတွင်းသကြားဓာတ် #လျော့ကျစေနိုင်ဟုလေ့လာတွေ့ရှိ #Source: The Jerusalem Post
ရှန်မင်းဆက်ဧကရာဇ်၏ မိဖုရားအုတ်ဂူအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းအများအပြားအား ယင်ရှုပြတိုက်သစ်တွင်ပြသ
၁၆၀၀ - ၁၀၄၆ ဘီစီခန့်က ရှန်မင်းဆက်ဧကရာဇ်တစ်ပါးရဲ့ မိဖုရားဖြစ်ခဲ့ပြီး တရုတ်ပြည်ရဲ့ ပထမဆုံးအမျိုးသမီးဗိုလ်ချုပ် ဖြစ်ခဲ့တဲ့ ဖုဟောင်ရဲ့ အုတ်ဂူမှ တန်ဖိုးကြီး အမွေအနှစ်ပစ္စည်းများကို တူးဖော်ရရှိခဲ့ကာ တရုတ်အလယ်ပိုင်း ဟေနန်ပြည်နယ် အန်ယန်မှာ တနင်္လာနေ့က တရားဝင်ဖွင့်လှစ်လိုက်တဲ့ ယင်ရှုပြတိုက် အဆောက်အအုံသစ်ကြီးမှာ အဓိကစိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
#Asia_Archaeology
Published_ 29 February 2024
#ရှေးဟောင်းအမွေအနှစ်ပစ္စည်း #ရှန်မင်းဆက်ဧကရာဇ်တစ်ပါး
#Yangon_Times #YMG_News #Yangon_Media_Group
Page 524 of 1697