#DailyNews
Published - 21 Mar 2022
၁။ ထိုင်းနိုင်ငံရောက် ရခိုင်တိုင်းရင်းသားတစ်ယောက်အား အုပ်စုဖွဲ့ရိုက်နှက်သည့်ဖြစ်စဉ်မှာ ရွှေ့ပြောင်းအလုပ်သမားများအတွက် စိုးရိမ်စရာဖြစ်ဟုဆို။
၂။ ပြည်ပခရီးသွားများလာရောက်နိုင်ရေး ကိုဗစ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ရန်လိုနေသေး။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ လွန်ခဲ့သည့်နှစ်သန်းပေါင်း ၃၆ သန်းခန့်က ဝေလငါးကျောက်ဖြစ်ရုပ်ကြွင်းကို ပီရူးကန္တာရတွင်ရှာဖွေတွေ့ရှိ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 21 March 2022
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ နယ်မြေ(၁၂)၊ စံပယ်လမ်းရှိ လူနေတိုက်အိမ်မီးလောင်မှုဖြစ်ပွားရာမှ အဆိုပါ တိုက်အိမ်တွင်နေထိုင်သူ အမျိုးသမီး(၃)ဦးသေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်အိမ်မီးလောင်မှုဟာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိ အမျိုးသမီး (၃)ဦးဟာ အောက်စီဂျင်ပျက်ကာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံကြက်ခြေနီအသင်းထံမှ သိရပါတယ်။

မီးလောင်သည့်ထဲတွင် ပါသွားသည့် အိမ်ရှင်သမီး(၂)ဦးသည် တက္ကသိုလ်ဝင်တန်းအောင်ပြီးသူ အသက်(၁၉)နှစ်အရွယ်တစ်ဦး၊ အသက် (၁၀)နှစ်အရွယ်တစ်ဦးနှင့် အိမ်ရှင်၏ တူမဖြစ်သူ အသက်(၁၄)နှစ် အရွယ်တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
"မီးလောင်ဒဏ်ရာ သတိလစ် စိုးရိမ်းရသူ(၁)ဦး၊ သတိလစ်စိုးရိမ်ရသူ ( ၂ )ဦး စုစုပေါင်း ဒဏ်ရာရရှိသူ အမျိုးသမီး (၃)ဦးကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဆေးရုံအရောက်မှာ အောက်ဆီဂျင်ပြတ်ပြီးတော့ ၃ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။"လို့ ဒေသခံကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါ မီးလောင်မှုကို ရှမ်းပြည်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မနက်(၀၀ ၄၀)အချိန်တွင် မီးငြိမ်းခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published -21 Mar 2022
မတ်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံပကျွတ်ခီလီခံပြည်နယ်အတွင်း ဘန်ကောက်သို့သွားရာ လမ်းမကြီး၌ တရားမဝင်အလုပ်သမား တင်ဆောင်လာသည့် ပစ်ကပ်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ကျား ၇ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၁၉ ဦးပါဝင်ပြီး မြန်မာလုပ်သား ၆ ဦးသေဆုံးခဲ့ကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက သိရပါတယ်။
သေဆုံးသူမှန်ကန်ကြောင်း ဖော်ထုတ်ရန်နှင့် ၎င်းတို့ မိသားစုများနှင့် ဆက်သွယ်နိုင်ရေး လိုအပ်လျှက်ရှိကာ ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်သည့် သေဆုံးသူအမည်စာရင်းမှာ မခိုင်ဇာလင်း(အသက်-၁၉ နှစ်)၊မရီရီဝင်း(အသက်-၂၅ နှစ်) ၊ မလဲ့လဲ့စိုး (အသက်-၂၄ နှစ်) ၊မမြပုလဲ (အသက်-၃၃ နှစ်) ဦးဇေယျာမင်း ( အသက်-၃၅ နှစ်)၊မအိအိမော် ( အသက်-၂၅ နှစ်) တို့ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူများအနက် ထိခိုက်ဒဏ်ရာရသူများနှင့် ကျန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်အရ တွေ့ဆုံမေးမြန်းနိုင်ခြင်းမရှိ၍ သေဆုံသူများ၏ ရုပ်အလောင်းများစိစစ်ခဲ့ရာ အချို့ကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် အခက်အခဲဖြစ်ပေါ်နေကာ ဆက်လက်စိစစ်နိုင်မှုအတွက် အားထုတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူ ၁၉ ဦးအနက် ကျား ၁ ဦး ၅ ဦးသေဆုံး၊ ကျား ၂ ဦး ၊ မ ၄ ဦး ဆေးရုံတက်ရောက်ကုသလျှက်ရှိပြီး ကျား ၄ ဦး၊ မ ၃ ဦး ကိုဗစ် -၁၉ ရောဂါစစ်ဆေးထားကာ Q center တွင် ထားရှိထားကာ သေဆုံးသူများ အတည်ပြုနိုင်ရန်အတွက် မိသားစု၊ ဆွေမျိုးများမှ ရုပ်အလောင်းများနှင့် ဝတ်ဆင်မှုအခြေအနေအား ဆက်လက်ကြည့်ရှုအတည်ပြုပေးခြင်းဖြင့် ကူညီပေးပါရန်ထုတ်ပြန်ထားပါတယ်။

အဆိုပါရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးနိုင်ရေး အလုပ်သမား သံအရာရှိရုံး၊ ဗန်ကောက်သို့ လွှဲအပ်ကြောင်း ထောက်ခံစာလိုအပ်ပါကရုံး၏ အစီအစဉ်ဖြင့် သေဆုံးသူ၏ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ လျော်ကြေးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WeatherReport
Published -21 Mar 2022
ရခိုင်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက်ရှိ ပြည်သူများအနေနဲ့မုန်တိုင်းလွတ်ရာ Cyclone Shelter များသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ဒေသအာဏာပိုင်များမှ တိုက်တွန်းလှုံ့ဆော်ပေးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းတိုက်ခိုက်ရာလမ်းကြောင်းတွင် ကျရောက်နိုင်သော ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေမြို့များရှိ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးနှိုးဆော်ချက်များအတိုင်း ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရန် တိုက်တွန်းထားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရ သိရပါတယ်။
မတ်လ ၂၁ နံနက် ၁၀နာရီ ၃၀ မိနစ် အချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း အနီးသို့လည်းကောင်း၊ မတ် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတမ်းအနီးသို့လည်းကောင်း ရောက်ရှိလာမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
Published 21 March 2022
မြန်မာနိုင်ငံသို့ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရက် ဆိုခွန် (Prak Sokhonn)နှင့် အဖွဲ့ဟာ မတ်လ(၂၁)ရက်နေ့ မနက် ၁၀နာရီမှာ နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ ဥက္ကဋ္ဌရုံးမှာ တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်နှင့်အတူ အာဆီယံ အတွင်းရေးမှူးချုပ် လင်းမ်ဂျောက်ဟွမ်း၊အာဆီယံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးရုံး အမှုဆောင်ညွှန်ကြားရေးမှူး လီယန်မင်း၊ ကမ္ဘောဒီးယာအစိုးရအကြီးတန်းအရာရှိများနှင့် အာဆီယံတွင်းရေးမှူးချုပ်ရုံးဝန်ထမ်းတွေလိုက်ပါလာကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာအရေးကိစ္စနှင့်ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း နစကတာဝန်ရှိသူများအပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အခြားတွေ့သင့်တွေ့ထိုက်သူတွေနှင့်တွေ့ဆုံဖို့ရှိကြောင်းသိရှိရပါတယ်။
အထူးကိုယ်စားလှယ်ဟာ ပထမအချက်အနေနှင့် အကြမ်းဖက်မှုတွေရပ်ဆိုင်းရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအချက်အနေနှင့် ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးတို့ကို အာရုံစိုက် ဆောင်ရွက်မယ်လို့ ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီ၊နိုင်ငံတကာဆက်ဆံရေးသိပ္ပံရဲ့ ညွှန်ကြားရေးမှူးချုပ် ကင်ဖီးက ပြောတယ်လို့ ခမာတိုင်းမ်သတင်းစာက သတင်းရေးသားထားပါတယ်။
အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ မတ်(၂၁)ရက် ညနေပိုင်းမှာ နစက နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့နှင့်လည်းတွေ့ဆုံဖို့ရှိတယ်လို့ ကြားသိရပါတယ်။




#LocalNews
Published - 21 March 2022
ပူတာအိုဒေသ ခါကာဘိုရာဇီရေခဲတောင်ခြေက မီးဘေးဒဏ်သင့် ထလာထုရွာအတွက် ထောက်ပံ့ရေးပစ္စည်းများကို ဒီကနေ့ မတ်လ ၂၁ ရက်တွင် စတင်ပို့ဆောင်ပေးနေပြီဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

"သဘာဝမီးဘေးဒဏ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ကချင်ပြည်နယ် ထလာထုရွာကို ပထမအကြိမ်အဖြစ် အခြေခံ စားသောက်ကုန်ထောက်ပံ့ရေးပစ္စည်းကို ဒီကနေ့ ပူတာအိုမှ စတင်ပြီး ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပူတာအိုကနေ ကားနှစ်စီးနဲ့ ပန်နန်းဒင်ကိုကျော်ပြီး ကားသွားလို့ရတဲ့ နေရာအထိ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ရှေ့မှာလည်း ဆန် အိတ် ၃၀ ပို့ထားပါပြီ။ လမ်းဆုံးသည့်နေရာ ရောက်ရှိနေပါပြီ။ ရွာဘက်မှ ကားလမ်းစပေါက်သည့်နေရာကိုဆင်းလာပြီး ပစ္စည်းကိုလာကြိုဖို့ ခေါ်ထားပါတယ်။ အချို့ဆန်အိတ်တွေလည်း ပို့ထားပြီးပါပြီ။ အနယ်နယ်အရပ်ရပ်မှ ပါဝင်ကူညီပေးကြသော စေတနာရှင်တစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။"လို့ ပူတာအိုဒေသခံ ပရဟိတသမားတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ထလာထုရွာမှာ အခုမတ်လ ၉ ရက် နေ့က မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ရွာလုံးနီးပါး မီးဘေးသင့်ခဲ့ကာ ရွာလုံးကျွတ်ပြာကျမီးလောင်ဆုံးရူံးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယင်းကျေးရွာတွင် အိမ်ခြေ ၁၃ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်ရှိကာ မသန်းစွမ်းသူ ၃ ဦးရှိတဲ့ ရွာလေးဖြစ်တယ်လို့ သိရပါတယ်။
"ရွာက ဆင်းရဲခေါင်ပါးလွန်းပြီး သွပ်မိုးပျဉ်အိမ် မဆောက်လုပ်နိုင်တဲ့အတွက် အိမ်တိုင်းက ဝါးအိမ်နှင့် သစ်လုံးလေးတွေနဲ့ စီထားတဲ့အိမ်တွေသာဆောက်လုပ်ပြီး အကုန်လုံးကို သက်ကေရွက်နဲ့ပဲမိုးထားပါတယ်။
ရွာနယ်မြေကျဉ်းမြောင်းတဲ့အတွက် တစ်အိမ်နှင့် တစ်အိမ်ကြား ၂ ပေလောက်သာကွာခြားတယ်။တစ်အိမ်မီးကူးရင် ၁ ရွာလုံးပြာကျဖို့သာကျန်ရှိတဲ့ အနေအထားနဲ့ရှိတဲ့ရွာကလးပါ။" လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

ထို့ကြောင့် ဒေသခံလူမှုကူညီရေးအဖွဲ့တွေက စုပေါင်း၍ အလှူရှင်များ၏ ကူညီလှူဒါန်းမှုအားနဲ့ ခါကာဘိုရာဇီရေခဲတောင်ခြေအနီးက မီးဘေးဒဏ်သင့် ထလာထုရွာအတွက် ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်နိုင်ဖို့ ကူညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 21 March 2022
အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ညနေပိုင်းကတည်းက အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးကို ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၄၀မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မတ်လ ၂၃ ရက်နေ့မှာတော့ ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှ တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းတာတွေ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့ မှာ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ လိုပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 21 March 2022
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ဒီကနေ့ မတ်လ ၂၁ ရက်နေ့က စတင်ပြီး မတ်လ ၂၃ အထိ မုန်တိုင်းငယ်ကနေ ဆုန်ကလုန်းမုန်တိုင်းအဆင့်အထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒ့ါကြောင့် ဒီကနေ့ မနက်ပိုင်းက မိုင်းတုန်းငယ်ရဲ့အရှိန်ကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ လမ်း ၁၂၀ မှာ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အားကောင်းသောမုန်တုန်းငယ်ဟာ ယနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ ဝင်ရောက်တိုက်ခိုက်နိုင်ပြီး မတ်လ ၂၂ ရက်နေ့မှာတော့ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးရောက်ရှိမှာဖြစ်ပြီး မတ်လ ၂၃ မှာတော့ ရခိုင်ကမ်းရိုးတန်းအနီးကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျာမယ့်အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၄၅ နှုန်းတိုက်နိုင်မယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်မှာဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမယ် လှိုင်းအမြင့်မှာ ၁၀ ပေကနေ ၁၄ ပေခန့် ရှိနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
#ymg/ei
photo-Myanmar fire Services Department
#Yangon_Media_Group
#WorldPolitics
Published- 21 March 2022
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားအပေါ် ပြစ်တင်ရှုတ်ချဖို့ တောင်းဆိုလိုက်တဲ့မေးခွန်းတစ်ခုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်က တနင်္ဂနွေနေ့က က တုန့်ပြန်သရော်ပြောဆိုလိုက်ပါတယ်။
တရုတ်သံအမတ်'ချင်ကန်'က Face The Nation တီဗီအစီအစဉ်မှာ CBS သတင်းဌာနမှ 'မာဂရက်ဘရန်နန်'နဲ့ပြောကြားခဲ့ရာ တရုတ်ကရုရှားနဲ့ ရင်းနှီးကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေချင်တာဖြစ်ပါတယ်။
'ဘရန်နန်'က ဒီကျူးကျော်မှုကို ဘာလို့ အပြစ်တင်ရှုတ်ချတဲ့သဘောထားမထုတ်ပြန်ရသလဲလို့ မေးတဲ့အခါမှာ 'ချင်'က "အဲဒီလောက်မ'အကြပါနဲ့၊ ပြစ်တင်ရှုတ်ချလို့ ပြဿနာကပြီးသွားမှာမဟုတ်ပါဘူး၊ ပြစ်တင်ရှုတ်ချလိုက်လို့ ရုရှားကနောက်ဆုတ်မှာလည်းမဟုတ်ပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး'ချင်ကန်'က တရုတ်တို့ ဟာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ တောင်းဆိုထားပြီးဖြစ်ပြီး ရုရှားနဲ့တရုတ်တို့ က အတူတကွအကျိုးစီးပွားလိုလားမှုနဲ့ပတ်သက်ပြီး အထူးတလည်ဆက်ဆံရေးရှိကြကြောင်း ဆိုပါတယ်။
"တရုတ်နဲ့ ရုရှားတို့ ကြား ယုံကြည်အားထားရတဲ့ဆက်ဆံရေးရှိနေတာဟာ တာဝန်ဝတ္တရားအရမဟုတ်ပါဘူး။ အကြပ်အတည်းတွေကို တည်ငြိမ်အေးချမ်းစွာဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့နိုင်ငံတကာရေးရာပတ်သက်မှုဖြစ်ပါတယ်။ ပြဿနာတွေဖြေရှင်းဖို့ တရုတ်ကတစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ကျုပ်တို့ ကပြဿနာဖြစ်အောင် လုပ်နေတာမဟုတ်ပါဘူး" လို့ 'ချင်ကန်'က ပြောကြားလိုက်ပါတယ်။
ရုရှားတို့ ကျူးကျော်ခြင်းကို ထိန်းသိမ်းလုပ်ဆောင်ဖို့ သမ္မတ'ရှီကျင့်ဖင်'က တောင်းဆိုထားပေမယ့် တရုတ်နိုင်ငံအတွင်းမှာတော့ စစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားဝါဒဖြန့်မှုများပျံ့နှံနေခဲ့ကြောင်း Insider မှ 'လင်းနက်လိုပက်ဇ်'က သတင်းပေးပို့ ထားပါတယ်။
ယူကရိန်းအပါအဝင် နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးတို့ ကို အသိအမှတ်ပြုကာကွယ်ပေးရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြပြီးသားဖြစ်ကြောင်း၊ ဒါပေမဲ့ ပြစ်တင်ရှုတ်ချတာတွေက အသုံးမဝင်ကြောင်း၊ ဉာဏ်ပညာ အမြော်အမြင် ရဲစွမ်းသတ္တိတို့ အပေါ်အခြေခံတဲ့ သံတမန်ရေးဖြေရှင်းမှုကိုသာလိုအပ်ကြောင်း 'ချင်ကန်'က အသိပေးခဲ့ပါတယ်။
ယူကရိန်းကိုကျူးကျော်နေတဲ့ရုရှားတို့ ကို စစ်ရေးထောက်ပံ့မှုများမပြုလုပ်ဖို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တရုတ်သမ္မတ'ရှီကျင့်ဖင်'ကို သတိပေးထားပါတယ်။
တရုတ်တို့ က ရုရှားကို ငွေကြေးနဲ့လက်နက်တွေ ထောက်ပံ့ပေးသွားမှာလားဆိုပြီး 'ဘရန်နန်'က မေးမြန်းခဲ့ရာ တရုတ်တိုကစစ်ရေးထောက်ပံ့မှုတွေ ပြုလုပ်နေတယ်ဆိုတာ သတင်းမှားတွေဖြစ်ကြောင်း၊ အစားအစာ ဆေးဝါး အိပ်ရာ ကလေးသုံးပစ္စည်းတွေကို ပေးပို့ နေတာဖြစ်ကြောင်း၊ တရုတ်ကလည်း စစ်ကိုဆန့်ကျင်တာကြောင့် ဘယ်သူ့ကိုမှ လက်နက်ခဲယမ်းတွေထောက်ပံ့သွားမှာမဟုတ်ကြောင်း၊ ပဋိပက္ခငြိမ်းချမ်းသွားဖို့ တတ်နိုင်သမျှဆောင်ရွက်သွားမှာဖြစ်ကြောင်း 'ချင်ကန်'က ဖြေကြားခဲ့ပါတယ်။
အမေရိကန်ထိပ်သီးအရာရှိတွေရဲ့ပြောကြားချက်များအရ ယူကရိန်းကိုကျူးကျော်ဖို့ ရုရှားကတရုတ်ကို စစ်ရေးနဲ့စီးပွားရေးအကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြထားပြီး ရုရှားတို့ က ဘယ်လိုလက်နက်မျိုးတွေကို တောင်းဆိုသလဲဆိုတာကိုတော့ တိတိကျကျမဖော်ပြထားပါဘူး။
တရုတ်နဲ့ရုရှားတို့ က သာမန်ကုန်သွယ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်ထုတ်လုပ်ရေးတို့ မှာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ 'ချင်ကန်'က တနင်္ဂနွေနေ့မှာပြောကြားသွားပါတယ်။
Source Insider
#WorldNews_Health
Published - 21 March 2022
တီဘီရောဂါကာကွယ်ဆေးဟာ ကိုဗစ်-၁၉ကို ကာကွယ်ပေးရာမှာ အထောက်အကူဖြစ်စေကြောင်းကို သုတေသနပြုလုပ်ချက် အသစ်အရသိရပါတယ်။ကပ်ဘေးရောဂါအစောပိုင်းမှာ BCG လို့ ခေါ်တဲ့ တီဘီရောဂါကာကွယ်ဆေးထိုးကို ကလေးဘဝက ထိုးနှံထားပြီးသူတွေထဲမှာ ကိုဗစ်ကူးစက်မှုနှုန်း လျော့နည်းကြောင်း လေ့လာမှုအရတွေ့ရှိရပါတယ်။
ယခု ဟမ်စတားကြွက်ကလေးတွေနှင့် သုတေသနပြုလုပ်ရာမှာ တီဘီကာကွယ်ဆေးထိုးထားတဲ့ကြွက်ကလေးတွေဟာ ကိုဗစ်-၁၉ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနည်းပါးပြီး အဆုပ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပမာဏနည်းပါးကြောင်းတွေ့ရပါတယ်။
ဘာလ်တီမိုးမှာရှိတဲ့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ဆရာဝန်တွေဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ကြွက်တွေထဲက BCG ထိုးထားတဲ့ကြွက်တွေနှင့် မထိုးထားတဲ့ကြွက်တွေအကြား အဆုပ်ဆဲလ်တွေမှာ အရေးပါတဲ့ ကွဲပြားခြားနားမှုကို တွေ့ရှိခဲ့ကြပါတယ်လို့ ပညာရှင်အချင်းချင်းလေ့လာမှုမပြုခင်ထုတ်ဝေတဲ့ bioRxiv စာစောင် မှာဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီးနောက် BCG ထိုးထားတဲ့ကြွက်တွေရဲ့ ခုံခံအား ပဋိပစ္စည်းဟာ အဆုပ်ဆဲလ်တွေဆီ ခပ်မြန်မြန်ရောက်ရှိလာပြီး အဆုပ်ပြုပြင်တဲ့ ယန္တယားဟာလည်း ပိုပြီးမြန်ဆန်လာပါတယ်။အဲဒီနောက်တစ်သျှူးပျက်ဆီးတဲ့ ရောင်ရမ်းမှုတွေကိုလည်းလျော့သွားစေကြောင်းတွေ့ရတယ်လို့ ဒေါက်တာ ဝီလီယံ ဘီရှိင်းကပြောပါတယ်။
ဒီလစောစောပိုင်းကလည်း အိန္ဒိယက သုတေသနပညာရှင်တွေဟာ ကိုဗစ်ကာကွယ်ဆေး အက်စထရာဇင်နီကာ ထိုးထားတဲ့ သူတွေအပေါ် BCG ရဲ့အကျိုးသက်ရောက်မှုကို လေ့လာမှုအသေးစားကလေးတစ်ခုပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအခါတီဘီကာကွယ်ဆေးထိုးထားပြီးသူ ၂၁ဦးဟာ မထိုးထားသူ ၁၃ဦးထက် ပိုမိုသန်စွမ်းတဲ့ ပဋိပစ္စည်းနှင့် တီဆဲလ်တွေ ထွက်လာပြီး ကိုရိုနာဗိုင်းရပ်စ်ကို ခုံခံတိုက်ခိုက်နိုင်တာကိုတွေ့ရှိခဲ့ကြပါတယ်လို့ သိရပါတယ်။ အဲဒါကြောင့် BCGနှင့် ကိုဗစ်ကာကွယ်ဆေးပေါင်းစပ်ထိုးရင် ကာကွယ်နိုင်မှုပိုမိုရရှိလာနိုင်ဖွယ်ရှိတယ်လို့ ဂျွန်ဟော့ကင်းအဖွဲ့ က ပြောပါတယ်။ လူတွေကို BCGဆေးထိုးပြီးစမ်းသပ်မယ့်အစီအစဉ်ကိုလည်း စတင်ပြင်ဆင်နေပြီလို့ သူတို့ ကပြောပါတယ်။
Source Reuters
#LocalNews
Published - 21 March 2022
၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁−၂၀၂၂ ပညာသင်နှစ် (၁)နှစ်ပတ်လုံး ပိတ်ထားခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကို ယခု ၂၀၂၂−၂၀၂၃ ခု ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သီတဂူသင်ကြားစီမံ ဆရာတော်များ၏ အစည်းအဝေးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်စည်းကမ်းများမှာ ယခင်နှစ်များကဲ့သို့ဖြစ်သော်လည်း တက္ကသိုလ်အတွင်း နေထိုင်ခွင့် အသက်ကို ယခင်က ၂၈ နှစ်အထိသာ သတ်မှတ်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ အသက် ၃၀ အထိ လက်ခံမည်ဖြစ်ကြောင်း အစည်းအဝေးက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဝင်ခွင့်လျှောက်လွှာတင်ခြင်း၊ ဝင်ခွင့် စာမေးပွဲ ဖြေဆိုခြင်း စသည့် စည်းကမ်းမျာကိုမူ အောက်ပါအတိုင်း ဖော်ပြသတ်မှတ်ထားကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - သီတဂူစတား
ymg/kg
#Yangon_Media_Group
#WorldHealth
Published - 21 March 2022
အိုမီခရွန်မျိုးဗီဇကွဲကြောင့် ကိုဗစ်ကူးစက်မှုများပြန်လည်မြင့်တက်လာပေမယ့် ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster) ဒုတိယအကြိမ်ထိုးနှံရန် ညွှန်ကြားဖို့ စောလွန်းနေသေးကြောင်း ဥရောပမှ ဆေးဝါးထိန်းသိမ်းစောင့်ကြပ်ရေးအဖွဲ့ က မတ်လ ၁၇ ရက်နေ့မှာ အသိပေးပြောကြားလိုက်ပါတယ်။
ဥရောပဆေးဝါးအေဂျင်စီ(EMA)မှ အကြီးအကဲဖြစ်သူက အပတ်စဉ်မီဒီယာရှင်းလင်းပွဲမှာ ပြောကြားရာမှာ နိုင်ငံအများအပြားမှ ကိုဗစ်ထိန်းသိမ်းကန့်သတ်ချက်များ လျှော့ချလာခြင်းက ကူးစက်မှုမြင့်မားလာခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကူးစက်မှုတွေ လျော့ကျလာခဲ့ပေမယ့် အခုအချိန်မှာတော့ အချို့ နိုင်ငံတွေမှာ ကူးစက်မှုတွေပြန်လည်မြင့်တက်လာကြောင်း ဒေါက်တာ'မာကိုကေဗယ်လာရီ'က ပြောပြခဲ့ပါတယ်။
အမ်စတာဒမ်မြို့ မှာအခြေချထားတဲ့ ဆေးဝါးအေဂျင်စီက ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အိုမီခရွန်ကာကွယ်နိုင်စွမ်းထိရောက်မှုတွေကို စောင့်ကြည့်လေ့လာနေကြောင်း ဒေါက်တာ'ကေဗယ်လာရီ'က ဆိုပါတယ်။
ဒါပေမဲ့ သာမန်လူတွေမှာ ကိုဗစ်အားမြှင့်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် လုံလောက်တဲ့အကြောင်းအရင်းမတွေ့ရှိရသေးဘူးလို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာ ရောဂါပိုးစမ်းသပ်စစ်ဆေးခြင်းတွေ လျော့နည်းလာချိန်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပြီလို့ WHO က သတိပေးထားပါတယ်။
ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားတဲ့နိုင်ငံတွေမှာ အသက်သေဆုံးမှုနဲ့ ဆေးရုံတက်ကုသခံယူရမှုများ လျော့နည်းလေ့ရှိတဲ့သဘောကိုလည်း ထောက်ပြခဲ့ပါတယ်။
ဥရောပသမဂ္ဂနိုင်ငံများမှာ အသုံးပြုခွင့်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးများကတော့ mRNA အမျိုးအစားဖြစ်တဲ့ ဖိုင်ဇာ၊ မိုဒါနာ၊ ဗိုင်းရပ်စ်အခြေပြုအမျိုးအစားဖြစ်တဲ့ ဂျွန်ဆန်အင်န်ဂျွန်ဆန်၊ အက်စ်ထရာဇန်နီကာ၊ ဓာတ်ခွဲခန်းထုတ်စပိုက်ခ်ပရိုတိန်းအခြေပြုအမျိုးအစား နိုဗာဗက်စ်တို့ ဖြစ်ပါတယ်။
Source: The Straits Times.
Page 1833 of 1913