#Local_News
Published_ 10 July 2022

 

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်ရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးကျောင်း ခြောက်ကျောင်း၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးသည့် အဆောက်အအုံ ၁၄၂ လုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၉၃ သိန်း၊ သွပ်ချပ်ရေ ၄၆၀၀၊ ဘိလပ်မြေ အိတ် ၂၃၀၀ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။

 

ထို့ပြင် ဘာသာရေးကျောင်းများရှိ ယာယီစစ်ဘေးရှောင် ပြည်သူများနှင့် နေရပ်ပြန် ပြည်သူများအတွက် ဆန် ၂၂၅ အိတ်နှင့် ၁၂ ပြည်၊ ဆီ ၁၇၈ ပိသာနှင့် ဆား ၅၉၄ ထုပ်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၅၈ သိန်း သုံးသောင်းနှင့် Family Kit အစုံ ၄၀ တို့အား ထောက်ပံ့ပေးခဲ့ပါတယ်။

 

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့ရှိ နေရပ်ပြန် ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ၏ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း” ပြောကြားခဲ့ပါတယ်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ သီလရှင်ကျောင်းများ၊ နာနတ်တော၊ အောင်မင်္ဂလာ၊ အောင်တေဇ၊ နမ့်ဘောဝမ်(က)၊ နမ့်ဘောဝမ်(ခ)၊ ဒေါတမ၊ ဒေါပေါ်ကလဲ၊ မိုင်းလုံး၊ ဒေါဥခူ၊ ဧက ၅၀၀ နှင့် ထေးသမရပ်ကွက်များ၊ ချိကယ်၊ နွားလဝိုး၊ ပန်ကန်း ကျေးရွာအုပ်စုများနှင့် ဒီးမော့ဆိုမြို့နယ်ရှိ အိုကေ၊ သာယပ်၊ ဒေါဘူးကူး၊ ဆင်တောင်၊ ဘုရားဖြူနှင့် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စုများရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ကုန်များနှင့် Family Kit ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များနှင့် ရပ်ကွက် ကျေးရွာများမှ ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြပါတယ်။

 

အဆိုပါထောက်ပံ့မှုစုစုပေါင်းမှာ ၁၀၈၉ သိန်း တစ်သောင်းခုနစ်ထောင်ခြောက်ရာ ဖြစ်ကြောင်း သိရှိရပါတယ်။

 

ymg-mnn
#Yangon_Media_Group