#Local_News
Published_26 January 2023
တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ ကြေညာထားသည်။
အဆိုပါ စာမေးပွဲတွင်လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဝင်ရောက်ဖြေဆိုခွင့်ရှိသူစာရင်းကိုလည်း POEA က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကုန်ထုတ်လုပ်ငန်း၏ ပထမအသုတ်စာမေးပွဲကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး ၆၀၀၀ ကျော်အောင်မြင်ခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ပြန်လည်ကျင်းပသည့် EPSစာမေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်ပထမအသုတ်စာမေးပွဲကို ပြုလုပ်ထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲများ ကျန်ရှိနေကြောင်းသိရသည်။
ယင်းအပြင် ကုန်ထုတ် ဒုတိယအသုတ်စာမေးပွဲပြီးပါက မေလကနေဇွန်လလယ်အထိ ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း POEA က တရားဝင်အသိပေး ကြေညာထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 26 January 2023
ညနေပိုင်းရောက်မှ အစားအစာများများ စားတာမျိုး ဒါမှမဟုတ် ညကျမှ တရေးနိုးပြီး စားတာမျိုးက ပုံမှန်ထက်ပိုလာပြီဆိုရင် ဒါဟာ ညသန်းခေါင်စားတတ်သောရောဂါ (NES)လို့ ခေါ်ပါတယ်။
ဒီရောဂါဟာ ညအချိန်မတော် အလွန်အကျွံစားခြင်းနဲ့ အိပ်ရေးပျက်တဲ့ ပြဿနာခံစားရခြင်းတို့ ပေါင်းပြီးဖြစ်ရတာပါ။
NES က အသက်အန္တရာယ် မဖြစ်နိုင်ပေမယ့် ကိုယ်အလေးချိန်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါတယ်။
ဒီရောဂါဟာ အိပ်ချိန်စက်ဝန်း ဒါမှမဟုတ် ဟော်မုန်းပြဿနာတို့နဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်အချို့က မှတ်ချက်ပြုထားပါတယ်။
အောက်ပါ အကြောင်းအရာများကြောင့် NES ရောဂါ ဖြစ်နိုင်ချေရှိပါတယ်။
- ညစာစားပြီးချိန်နဲ့ မအိပ်ခင်ကြား စားချင်စိတ်အလွန်များခြင်း
- စားချင်စိတ်ရှိ၍ နိုးလာခြင်း
- နေ့အချိန်မှာ စားချင်စိတ်နည်းခြင်း
- ညဘက် ကယ်လိုရီများစွာစားမိခြင်း
- တစ်ပတ်အတွင်း ၄/၅ ည အိပ်မပျော်ခြင်း
- နံနက်ခင်းတွင် စားချင်စိတ်မရှိခြင်း
- စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း တို့ဖြစ်ပါတယ်။
NES ကို ကာကွယ်လို့မရပေမယ့် ကျန်းမာရေးတိုးတက်စေပြီး ကောင်းစွာအိပ်ပျော်စေရန် ဆောင်ရွက်နိုင်ပါတယ်။
(၁) အိပ်ရေးဝအောင် ကျင့်ကြံခြင်း
နေ့ခင်းပိုင်းမှာ အချိုပါတဲ့အစာတွေရှောင်ပြီး မွန်းလွဲနောက်ပိုင်း ကော်ဖီရှောင်သင့်ပါတယ်။
အိပ်ခန်းအပူချိန် သက်တောင့်သက်သာရှိရန်လိုပြီး အိပ်ခါနီးမှာ အီလက်ထရောနစ်ပစ္စည်းတွေ အသုံးမပြုသင့်ပါဘူး။
စားချင်စိတ်ဖြစ်လာရင် ရေဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။
(၂) ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ စားသုံးပါ
အဆီဓာတ်နဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ခြင်းဖြင့် ညဘက်မှာ စားချင်စိတ်လျော့နည်းစေပါတယ်။
အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားပြီး တစ်နေ့ကို ရေ ၂ လီတာခန့် သောက်သင့်ပါတယ်။
(၃) စိတ်ကျန်းမာရေးထိန်းသိမ်းခြင်း ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုတို့ကို ပြေလျော့အောင် ပြုလုပ်နိုင်ပါတယ်။
အလုပ်လုပ်ခြင်း၊ မိတ်ဆွေများနဲ့တွေ့ဆုံခြင်း၊ လမ်းလျှောက်ခြင်းတို့ဖြင့် စားချင်စိတ်ကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
(၄) နေ့ခင်းဘက် တက်ကြွစွာနေထိုင်ခြင်း
နေ့ခင်းဘက်အချိန်မှာ ပုံမှန်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ပင်ပန်းသွားတာကြောင့် ကောင်းစွာအိပ်စက်စေပါတယ်။
Source: Metro
#Yangon_Media_Group
#World_Palaeontology
Published 26 January 2023
အိန္ဒိယမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်အဖွဲ့ဟာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားတဲ့ တိုင်တေနိုဆောရပ်စ်ဥ ၂၅၆ ဥနဲ့ အရွက်စားတိုင်တေနိုဆောရပ်စ်အသိုက် ၉၂ ခုကို ဒါးဒေသ မတ်ဒ်ဟာပရာဒက်ရှ် နာမာဒါတောင်ကြားမှာ တွေ့ရှိခဲ့ကြောင်း Economic Times မှာ ဖော်ပြခဲ့ပါတယ်။
တိုင်တေနိုဆောရပ်စ်တွေက အကြီးဆုံးဒိုင်နိုဆောတွေထဲမှာ ပါဝင်ပါတယ်။
လတ်တလောတွေ့ရှိချက်များအရ နာမာဒါတောင်ကြားဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောဥတွေပေါက်ရာနေရာ ဖြစ်ပါတယ်။
အရင်ကလည်း ထိုဒေသမှာ ဒိုင်နိုဆောအသိုက်တွေနဲ့ ဥတွေကို တွေ့ရှိဖူးတာကြောင့် အခုကတွေ့ရှိတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
မိုဟန်ပါကလတ္ကတ္တာ၊ ဘိုပယ်လ်၊ ဒေလီအိန္ဒိယသိပ္ပံနဲ့ သုတေသနဌာနတို့မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ဒါးဒေသအနှံ့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။
တိုင်တေနိုဆောရပ်စ်တွေက နာမာဒါတောင်ကြားကိုလာပြီး ဥဥတာဖြစ်နိုင်ပါတယ်။
တွေ့ရှိတဲ့အခြေအနေအရ ဥပေါက်ထားတာတွေရော ဥမပေါက်တာတွေရော ပါရှိပါတယ်။
အရိုးစုတွေလည်း မတွေ့ရှိရတာကြောင့် အသေးစား CT စကင်ရိုက်ပြီး နောက်ထပ်လေ့လာမှု ပြုလုပ်ဖို့လိုပါတယ်။
နာမာဒါတောင်ကြားမှာ တွေ့ရတဲ့ အသိုက်တွေက နီးစပ်စွာတွေ့ရှိထားတာ ဖြစ်ပါတယ်။
ထိုဒိုင်နိုဆောဥတွေက ၁၅ မှ ၁၇ စင်တီမီတာကြား အချင်းရှိပြီး အသိုက်တစ်ခုမှာ ၁ ဥမှ ဥ ၂၀ ကြားရှိကြပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_ 26 January 2023
မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃) ကို ဇန်နဝါရီ ၂၇ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးဟောင်း၌ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပြပွဲတွင် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်း ဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက်ဒေသထုတ်ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်း ဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများအပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ရောင်းချသွားမှာ ဖြစ်ပါတယ်။
ပြပွဲကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်အသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး ခရီးသွားရာသီအစဖြစ်သော ဇန်နဝါရီလတွင် မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ခရီးသွားရာသီ၌ ခရီးသွားသူများက ပုဂံ၊ ပုပ္ပား၊ ပင်းတယ၊ အင်းလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ မြိတ်ကျွန်းစုနှင့် သမိုင်းဝင်ဘုရားစေတီတို့သို့ သွားရောက် လည် ပတ်လျက်ရှိ ကြောင်း သိရပါတယ်။
မြန်မာ့ခရီးသွားပြပွဲသို့ လာရောက်လေ့လာသူများကို ပြည်တွင်း၊ ပြည်ပ လေယာဉ် လက်မှတ်များ၊ မိုးပျံဘောလုံး စီးနင်းခွင့်လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့် လက်မှတ်တို့ကို Lucky draw အစီအစဉ်ဖြင့် ညနေ ၄ နာရီတွင် ကံစမ်းပေးသွားမည်ဖြစ်ပြီး ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သိမ်ဖြူလမ်းဂိတ်နှင့် မဟာဗန္ဓုလလမ်းဂိတ်တို့မှ ဝန်ကြီးများရုံး အတွင်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Politics
Published 25 January 2023
ဘာကီနာဖာဆိုနိုင်ငံရဲ့စစ်အစိုးရက သူတို့နိုင်ငံထဲမှာ တပ်စွဲထားတဲ့ ပြင်သစ်တပ်တွေ တစ်လအတွင်းဆုတ်ခွာပေးဖို့ ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန AIB က စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
၂၀၂၃ ခုနှစ်ရဲ့ ခရီးသွားရာသီချိန်မှာ အင်းလေးဒေသကနေလွဲပြီး ကျန်တဲ့ဒေသတွေကို ခရီးသွားတွေအနေနဲ့ ပုံမှန်အတိုင်းဝင်ထွက်သွားလာလည်ပတ်မှုရှိနေတယ်လို့ ခရီးသွားကုမ္ပဏီတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် ပိုမိုရရှိထားတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 25 January 2023
၁။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထား
၂။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမိုရရှိထား
၃။ အင်းလေးဒေသမှအပ တခြားဒေသများ ပုံမှန်အတိုင်းသွားရောက်လည်ပတ်သူများရှိနေ
၄။ ပြင်သစ်တပ်များ တစ်လအတွင်းနိုင်ငံတွင်းမှ ထွက်သွားရန် ဘာကီနာဖာဆိုနိုင်ငံအမိန့်ထုတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 January 2023
အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းပေါက်ရာမှာ ပါဝင်ကူညီခဲ့ရင်း နမိုးနီးယားဓာတ်ငွေ့ကြောင့် နှလုံးခဏရပ်သွားတဲ့ ပရဟိတသမား ကိုမင်းခန့်ဟာ ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်တယ်လို့ Medical လူငယ်များလူမှုကူညီရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 25 January 2023
ဟောင်ကောင်သင်္ဘောနစ်မြုပ်တဲ့အထဲမှာ မြန်မာသင်္ဘောသား ၁၄ ယောက်ပါတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
မိုးကာဖြင့် အလုံပိတ်ထားသည့် ပစ်ကပ်ကားပေါ်တွင် လိုက်ပါလာသော တရားမဝင် မြန်မာများ ထိုင်းနိုင်ငံအတွင်း အဖမ်းခံရပြန်ကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူများကပြောသည်။
ယမန်နေ့က တမ်ဘွန်ဝိဆိုင်နိုရပ် ဆွမ်ဖွမ်ခရိုင် ကီလိုမီတာ ၂၀ ကျော် တွင် မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးကို ခေါ်ယူစစ်ဆေးရာမှ အထက်ပါအတိုင်း ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကား၏ နောက်ခန်းကို ထိုင်းအာဏာပိုင်များက ဖွင့်၍ စစ်ဆေးစဉ် အထောက်အထားလုံး၀ မပါသော မြန်မာနိုင်ငံသား ၁၅ ဦး အား ဖမ်းမိသောကြောင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းအပါအဝင် အဆိုပါ မြန်မာနိုင်ငံသားများကိုဝိဆိုင်နွို ရဲစခန်းသို့ ဖမ်းဆီး ပို့ဆောင်ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1140 of 1749