၂၃ အောက်တိုဘာ ၂၀၂၃

ရုရှားနှင့် ငြိမ်းချမ်းရေးကို ၂၀၂၂ခုနှစ်မတ်လက စေ့စပ်ဆွေးနွေးမှုဆောင်ရွက်ရေးမှာ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို  ဟန့်တားခဲ့တယ်လို့ ဂျာမန်အဓိပတိဟောင်း ဂါးဟတ်ရှိုးဒါက ဖွင့်ချပြောဆိုပါတယ်။ အဲဒီအချိန်တုန်းက ပဋိပက္ခချုပ်ငြိမ်းဖို့ နှစ်ဖက်သဘောတူတော့မယ့်ဆဲဆဲမှာ အမေရိကန်က ယူကရိန်းကို ခွင့်မပြုခဲ့တာဖြစ်တယ်လို့သူကပြောဆိုပါတယ်။

ဂျာမန်သတင်းစာ Berliner Zeitung နှင့်သောကြာနေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ  ရှိုးဒါက ဖွင့်ချခဲ့တာဖြစ်ပြီး  ယူကရိန်း နေတိုးအဖွဲ့ထဲ မဝင်ရောက်ဖို့ကဲ့သို့သော အဓိက ပြဿနာတွေပေါ် ယူကရိန်းသမ္မတ ဗလာဒီမာဇီလင်စကီးရဲ့ကိုယ်စားလှယ် တွေက လိုက်လျောဖို့ ရှိလာတဲ့အခါ အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို သဘောမတူခဲ့တာဖြစ်တယ်လို့ သူက အင်တာဗျူးမှာပြောပြပါတယ်။

“ ယူကရိန်းတွေဟာ သူတို့အနေနှင့်ခွင့်ပြုချက်မရလို့ ငြိမ်းချမ်းရေးအပေါ်သဘောမတူဖြစ်ခဲ့ကြတယ်။ သူတို့ဟာ သူတို့ဆွေးနွေးခဲ့ သမျှတွေအားလုံးကို အမေရိကန်တွေဆီကနေ အရင်မေးကြရတယ်” လို့ ရှိုးဒါကပြောပါတယ်။ သူဟာ ၂၀၂၂ခုနှစ်တုန်းက မော်စကိုက ယူကရိန်းအပေါ်စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် ယူကရိန်းနှင့်ရုရှားအရာရှိတွေအကြား အီစတန်ဘူမှာ စေ့စပ်ဆွေး နွေးကြတဲ့အခါ ကြားဝင်စေ့စပ်ကူညီခဲ့သူတစ်ဦးဖြစ်ပါတယ်။

“ အရာခပ်သိမ်းကို ဝါရှင်တန်ကဆုံးဖြတ်နေတာကြောင့် ကျွန်တော့်အနေနှင့်တော့ ဘာတစ်ခုမှဖြစ်လာမယ်လို့ မထင်မိဘူး” လို့ သူကဆက်ပြောပါတယ်။

ဝါရှင်တန်ရဲ့ မဟာဗျူဟာက ပျက်စီးဆုံးရှုံစေနိုင်ပြီး တရုတ်နှင့်ရုရှားအကြး ပိုမိုနီးကပ်တာအဖတ်တင်သွားတယ်” လို့ သူကပြောပါတယ်။

“ အခုအမေရိကန်က ကန့်သတ်ထားတာခံနေရတဲ့ ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့တရုတ်နှင့်ရုရှားဟာ တပ်တွေလက်တွဲလိုက်ကြပြီ။ အမေရိကန်က သူတို့ဟာ နှစ်ဘက်စလုံးကို ကောင်းကောင်းထိန်းထားနိုင်လောက်အောင် အင်အားကောင်းတယ်လို့ယုံထားကြ တယ်။ ကျွန်တော့်အနေနှင့်တော့ ဒါဟာ အမှားတစ်ခုလို့မြင်မိတယ်။ အခုကြည့်လေ အမေရိကန်ဘက်မှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာ။ ကွန်ဂရက်မှာ ဝရုန်းသုန်းကားဖြစ်နေတာ” လို့သူကဝေဖန်ပါတယ်။

သူက ၂၀၂၂ခုနှစ်မတ်လတုန်းက ငြိမ်းချမ်းရေးကို တွန်းတွန်းတိုက်တိုက်လုပ်ဖို့ အခွင့်အရေးတွေ မရယူခဲ့နိုင်တဲ့ ဝါရှင်တန်ရဲ့ မဟာမိတ် အနောက်ဥရောနိုင်ငံတွေကိုလည်းပြစ်တင်လိုက်ပါတယ်။

“ အဲဒီအချိန်တုန်းက ဇီလင်စကီးဟာ ခရိုင်းမီးယားနှင့် ခွဲထွက်ဒွန်းဘတ်စ်နယ်မြေကိစ္စ အပေးအယူလုပ်ဖို့ လမ်းဖွင့်ပေးခဲ့တယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။အဲဒီအချိန်ကတည်းက အနောက်ရဲ့ စစ်ရေးအထေက်အပံ့တွေက ပဋိပက္ခကိုသက်ဆိုးရှည်စေခဲ့ပြီး ယူကရိန်းစစ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

“ လက်နက်တွေပံ့ပိုးတာဟာ ထာဝရငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘဲ ဘယ်သူမှ မစေ့စပ်ချင်တော့တာတွေ ဖြစ်လာတယ်” လို့ ရှိုးဒါက ပြောပါတယ်။ ဂျာမန်အဓိပတိအိုလက်ရှိုးနှင့်ပြင်သစ်သမ္မတမာခရွန်တို့ဟာတကယ်တမ်းတော့ ငြိမ်းချမ်းရေးကို ထောက်ခံပေးဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အမေရိကန်ကိစ္စတင်မက ဥရောပရဲ့ကိစ္စပါဖြစ်နေတာကြောင့် လို့ သူကဆိုပါတယ်။

ယူကရိန်းကို လက်နက်တွေတပ်ပေးတာဟာ ရုရှားချဲ့ထွင်ရေးဝါဒကြောင့်လို့ သူတို့က စွပ်စွဲတယ်။ဒါပေမယ့် ဒီအကြောင်း ပြချက်က သဘာဝမကျဘူး လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

“ ရုရှားတွေလာမှာကိုကြောက်တဲ့စိတ်က ကိုးရိုးကားရာနိုင်လှတယ်” လို့ ရှိုးဒါကပြောပါတယ်။

“ မော်စကိုမှာ ဘယ်သူပဲအာဏာရရ၊ရုရှားအနေနှင့် ယူကရိန်း ဒါမှမဟုတ် ဂျော်ဂျီယာတို့ကို နေတိုးကဆွဲယူမှာကို ခွင့်ပြုလိမ့်မှာ မဟုတ်ဘူးဆိုတာ အနောက်ခေါင်းဆောင်တွေနားလည်ရမယ်။ ဒီအချက်ကိုလက်မခံနေသမျှတော့ ငြိမ်းချမ်းရေးကိုရဖို့   ခက်ခဲ     နေဦးမှာပဲ” လို့ သူကဖြည့်စွက်ပြောပါတယ်။

Source:parstoday