#Local_News
Published 26 November 2025
▪️ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ကျင်းပခဲ့ပြီး အဆိုပါဆန်စက်တွင်သမဝါယမသက်မွေးပညာသင်တန်းကျောင်းဆင်းများကို အလုပ်ခန့်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဆန်စက်ဖွင့်ပွဲအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ဖွင့်လှစ်လိုက်သည့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန် ၁၅၀ ကျ ဆန်စက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆန်စက်များအနက် အဆင့်မြင့်ဆန်စက်ကြီးတစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှထွက်ရှိလာသော စပါးများ အလေအလွင့်မရှိစေရေး၊ ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့အနေဖြင့်လည်း သွင်းအားစုများ ပံ့ပိုးမှု၊ ထွက်ရှိသီးနှံများ ဈေးကွက်ချိတ်ဆက်ပေးမှုတို့ဖြင့် အကျိုးတူလယ်ယာစနစ် (Contract Farming System) ကို ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
▪️ ထို့နောက် မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက တန် ၁၅၀ ဆန်စက် စီမံကိန်းဖြစ်ပေါ်လာပုံနှင့် ယခု တန် ၁၅၀ ဆန်စက်တွင် သမဝါယမကောလိပ်ကျောင်းဆင်းများနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းဆင်းများ အလုပ်အကိုင်ခန့်ထားပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times