အထူးဆောင်းပါး (ဘာသာပြန်)

◾️ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို၏ အရှေ့တောင်အာရှ၊ အတိအကျဆိုရလျှင် မြန်မာနိုင်ငံ သို့ လာရောက်မည့် ခရီးစဉ်သတင်းသည် မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။ ဤနိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ် (ရာစုနှစ် လေးပုံတစ်ပုံ) ခန့်ကတည်းက စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘယ်လာရုစ်အစိုးရအနေဖြင့် မြန်မာ့ဈေးကွက်သို့ ဝင်ရောက်ရန် တက်ကြွသော (တစ်ခါတစ်ရံ အောင်မြင်မှုရှိသော) ကြိုးပမ်းမှုများ ရှိခဲ့လင့်ကစား နှစ်ပေါင်းများစွာ  ကြာသည်အထိ ထူးခြားသော တိုးတက်ပြောင်းလဲမှုမျိုး မတွေ့ရှိခဲ့ရပေ။

ပိတ်ဆို့အရေးယူမှုများနှင့် ရှုပ်ထွေးသော ပြည်တွင်းနိုင်ငံရေး အခြေအနေများသည် ဤနိုင်ငံ၏ တည်ငြိမ် သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ မဖြစ်စေခဲ့ပါ။ သယံဇာတအရင်းအမြစ်များနှင့် ဒေသတွင်း သြဇာလွှမ်းမိုးမှု ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံသည် အာရှနှင့် အနောက်နိုင်ငံများမှ ကစားသမား များအတွက် "မက်လောက်စရာ အရာတစ်ခု" ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက နိုင်ငံ အနေ   ဖြင့် မည်မျှကြီးမားသော စိန်ခေါ်မှု အခက်အခဲများကို ကျော်ဖြတ်ရဦးမည်ကို မှန်းဆကြည့်နိုင်ပါသည်။

သို့သော်ငြားလည်း မကြာသေးမီအချိန်အတွင်း မင့်စ် (ဘယ်လာရုစ်) နှင့် နေပြည်တော် (မြန်မာ) တို့  အကြား ဆက်ဆံရေးများ သိသိသာသာ တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့် မတ်လတွင် သမ္မတ အလက်  ဇန္ဒား လူကာရှန်ကိုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် (ယခု ယာယီ သမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့  အကြား တရားဝင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ယင်းက နှစ်နိုင်ငံဆက်ဆံရေးအတွက် အရှိန်အဟုန်သစ် တစ်ရပ် ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါတွင် ဘယ်လာရုစ်ခေါင်းဆောင်သည် နေပြည်တော်သို့ အပြန်အလှန်  ခရီးစဉ် လာရောက်ခြင်းဖြစ်သည်။ ဘယ်လာရုစ်နှင့် မြန်မာနိုင်ငံတို့သည် ရေရှည်တည်တံ့သော ပူးပေါင်း  ဆောင်ရွက်မှုကို တည်ဆောက်နိုင်မည်လော၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်အရာအပေါ် အခြေခံမည်နည်း။ ဆက်လက်လေ့လာ သုံးသပ်ကြည့်ကြပါစို့။

မြန်မာနိုင်ငံအကြောင်း ဘာတွေ သိထားကြသနည်း

မြန်မာ (ယခင် ဗမာ) သည် ဗြိတိန်၏ ကိုလိုနီလက်အောက်ခံ နိုင်ငံဟောင်းတစ်ခု ဖြစ်သည်။ သို့သော် လွန်ခဲ့သော ရာစုနှစ် အလယ်ပိုင်းတွင် ဂျပန်တို့၏ ကျူးကျော်သိမ်းပိုက်မှုကိုပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မြန်မာ့ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများသည် ဂျပန်တို့လက်မှ လွတ်လပ်ရေးရရှိရန် မျှော်လင့်၍  မရကြောင်း နားလည်ခဲ့ကြသလို၊ တစ်ချိန်တည်းမှာပင် ဂျာမနီနှင့် ဂျပန်လက်ကို အသုံးပြု၍ ဆိုဗီယက် ယူနီယံကို ဖျက်ဆီးလိုခဲ့သော ဗြိတိသျှတို့အပေါ်လည်း အလွန်အကျွံ မျှော်လင့်အားထားခြင်း မပြုရန် သတိပေးခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံလွတ်မြောက်ပြီးနောက် ဂျပန်ကျူးကျော်မှု ဆန့်ကျင်ရေး တိုက်ပွဲ  သည် ဗြိတိသျှနယ်ချဲ့စနစ်ကို ပြန်လည်ခုခံတိုက်ခိုက်သည့် တိုက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဗမာ(မြန်မာ)နိုင်ငံသည် တရားဝင် လွတ်လပ်ရေး ရရှိခဲ့သည်။

နိုင်ငံအဖြစ် ရပ်တည်လာနိုင်သည်နှင့်အမျှ နိုင်ငံရေးစနစ်သစ် တစ်ရပ်ကို ပြန်လည်တည်ဆောက်ခြင်း၊ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် ဦးစားပေးလုပ်ငန်းများကို ရွေးချယ်ခြင်းတို့ ပြုလုပ်ကြရ စမြဲဖြစ်သည်။ ဤနေရာတွင် မြန်မာနိုင်ငံသည်လည်း ချွင်းချက်မရှိခဲ့ပါ။ ကျွန်ုပ်တို့အနေဖြင့် ထိုအနိမ့်  အမြင့် ဖြစ်စဉ်များကို အသေးစိတ် မပြောလိုသော်လည်း တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် နေထိုင်  ကြသော နိုင်ငံသစ်နှင့် ရှုပ်ထွေးနက်နဲသော နိုင်ငံတစ်ခုအတွက် အလွန်မလွယ်ကူခဲ့ကြောင်းကိုမူ မှတ်ချက် ပြုလိုပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအတွက် အလွန်စိုးရိမ်သည်ဟု အကြောင်းပြကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ၏ နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသည်ကို ဘယ်လာ ရုစ်နိုင်ငံအနေဖြင့် ကိုယ်တွေ့ကြုံဖူး၍ ကောင်းစွာ သိရှိပါသည်။

အချက်အလက် တစ်ခုကို ပြောပြလိုပါသည်။ "အာဏာရှင်မှ ဒီမိုကရေစီသို့ (From Dictatorship to Democracy)" ဟူသော လက်စွဲစာအုပ်ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူ အမေရိကန်လူမျိုး ဂျင်းရှပ် (Gene Sharp) က ဤသို့ ပြန်ပြောင်းပြောပြခဲ့ဖူးသည် - "မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူး ဟောင်း ရောဘတ် ဟယ်လ်ဗီ (Robert Helvey) က ကျွန်တော့်ကို မြန်မာပြည် ခေါ်သွားခဲ့ပါတယ်။ သူက အစိုးရဆန့်ကျင်ဘက်အုပ်စုတွေ၊ အထူးသဖြင့် ကရင်အဖွဲ့တွေကို စာနာထောက်ခံသူပါ။ ကွယ်လွန်သူ ဦးတင်မောင်ဝင်း ဦးစီးပြီး ဘန်ကောက်မှာ အခြေစိုက်တဲ့ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာသုံး 'ခေတ်ပြိုင် (Khit Pyaing)' ဂျာနယ်အတွက် ဆောင်းပါးတချို့ ရေးပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆောင်းပါးတွေကပဲ နောက်ဆုံးမှာ 'အာဏာရှင်မှ ဒီမိုကရေစီသို့' ဆိုပြီး လူသိများလာတဲ့ စာအုပ် ထုတ်ဝေမှုရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်" ဟူ၍ ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ရောင်စုံတော်လှန်ရေး (Color revolutions) များ၏ အယူအဆသည် မြန်မာ နိုင်ငံတွင် စတင်ပေါက်ဖွားခဲ့ပြီး ပထမဆုံး စမ်းသပ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်လွန်နှစ်များရောက်မှသာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ဖိအားများ စတင် လျော့ပါး  လာခဲ့ပြီး နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။ ဈေးသက် သာသော လုပ်သားအင်အား၊ သဘာဝသယံဇာတများ၊ အချက်အချာကျသော တည်နေရာနှင့် ကြီးထွား လာနေသော မြန်မာ့ပြည်တွင်းဈေးကွက်တို့သည် အိမ်နီးချင်းနိုင်ငံများကိုသာမက အခြားနိုင်ငံများကိုပါ ဆွဲဆောင်နိုင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၁၁ ဆအထိ တိုးတက်လာခဲ့သည်။ ဘယ်လာရုစ်နိုင်ငံသည်လည်း ဤဈေး  ကွက်တွင် နေရာအခိုင်အမာရရှိရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပါသည်။

sta 0081 result

လက်ရှိ မြန်မာနိုင်ငံတွင် ဘာတွေဖြစ်ပျက်နေသနည်း

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျပ်အတည်း တစ်ဖန်ပြန်လည် ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား ပဋိပက္ခများစွာ ပေါ်ပေါက်ကာ ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းသွားခဲ့သည်။ ဝမ်းနည်းစရာအကောင်း ဆုံးအချက်မှာ ပြည်တွင်းပဋိပက္ခမီးတောက်ကို ပြည်ပမှ ထောက်ပံ့ကူညီပေးနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားပြီး တိုင်းပြည်အေးချမ်းရေးနှင့် နယ်စပ်တည်ငြိမ်ရေးကို လိုလားသောကြောင့် မြန်မာ့အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ တရုတ်၏ အကျိုးစီးပွားများသည် အိန္ဒိယနှင့် ဂျပန်တို့၏ မဟာဗျူဟာများနှင့် ဆုံမှတ်ချင်း  တူနေသည်။ သို့သော် ယင်းတို့အားလုံးသည် စီးပွားရေးအရသာ ဖြစ်သည့်အတွက် မိတ်ဖက်နိုင်ငံများသည် မြန်မာပြည်သူများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အလျင်မလိုကြဘဲ ဖြစ်နိုင်သမျှ ဘေးဖယ် နေလေ့ရှိကာ လှုပ်ရှားဆောင်ရွက်နိုင်မည့် အခင်းအကျင်းကို ချန်လှပ်ထားကြသည်။

သို့သော် နိုင်ငံရေးကိစ္စများ ဝင်ပါလာသောအခါ ပြဿနာပေါင်းစုံ တက်လာလေ့ရှိသည်။ အနောက်အုပ်စု  သည် ဒေသတွင်း၌ ယင်းတို့၏ သြဇာလွှမ်းမိုးမှုကို ရယူလိုကြသည်။ ထို့အပြင် မည်သည့်နည်းလမ်းဖြင့် မဆို တရုတ်၏ အနေအထားကို ထိခိုက်အောင်လုပ်ရန်လည်း ယင်းတို့အတွက် အရေးကြီးသည်။ ရိုးသား  သောနည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပါမည်လော။ မဖြစ်နိုင်ပါ။ ရလဒ်အနေဖြင့် ပိတ်ဆို့အရေးယူမှု အသစ် များနှင့် အတိုက်အခံများအား ဘဏ္ဍာရေးအကူအညီပေးမှုများ ဖြစ်လာသည်။ အားလုံးက ပုံမှန်မြင်နေကျ အတိုင်းပင်ဖြစ်ပါသည်။

ဘယ်လာရုစ်နှင့် မြန်မာ ဆက်ဆံရေး တိုးတက်ပြောင်းလဲလာမှု အခြေအနေ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးချုပ် Mikhail Myasnikovich သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။ ထိုစဉ်က ဒေသတွင်း အပန်းဖြေစခန်းများတွင် ဟိုတယ်ဆောက်လုပ်ရေးနှင့် ခရီးသွား လုပ်ငန်း အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဘယ်လာရုစ်ဘက်က ကမ်းလှမ်းခဲ့သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် မြန်မာ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။

"ဒီဈေးကွက်မှာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားကုမ္ပဏီတွေ တက်တက်ကြွကြွ လုပ်ကိုင်နေကြတာကြောင့် ကျွန်တော်တို့လည်း ဒီမှာ ခြေကုပ်ယူဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စရပ်အားလုံးကို အစိုးရ အဖွဲ့မှာ ပြန်လည်သုံးသပ်ပြီး အရင်ဆုံး ဖြေရှင်းဆောင်ရွက်ရမယ့် ဦးစားပေးကိစ္စတွေကို ရွေးချယ်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟု Mikhail Myasnikovich က မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။

အနာဂတ်တွင် ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံရှိ တွင်းထွက်သယံဇာတ ရှာဖွေရေးနှင့် တူးဖော်ရေး  လုပ်ငန်းများတွင် ပါဝင်လာနိုင်သည်။ နှစ်ဖက်စလုံးက သက်ဆိုင်ရာ နားလည်မှုစာချွန်လွှာကိုပင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အထူးသဖြင့် ရေနံ၊ ရွှေ၊ ဇင့်၊ ကြေးနီ၊ ကိုဘော့နှင့် သံသတ္တုရိုင်းများ အကြောင်း ဆွေးနွေးခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံသည် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းနှင့် အခြားသော ကျောက်မျက် ရတနာများ   ကြောင့်အကျော်ကြားဆုံးဖြစ်သည်။ မြန်မာ့ပတ္တမြားများသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးနှင့် အလှပ ဆုံးဟု သတ်မှတ်ခံထားရသည်။ "ခိုသွေးရောင်" ကျောက်မျက်တစ်ပွင့်သည် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိနိုင်သည်။ ဘယ်လာရုစ်နိုင်ငံအနေဖြင့် ယင်းတို့ကို တူးဖော်ရန် စိတ်ဝင်စားမှု ရှိနေပါသလား။ ဤအကြောင်းကို ကျွန်ုပ်တို့ ထပ်မံဆွေးနွေးပါဦးမည်။

သို့ရာတွင် ထိုအချိန်က ဘယ်လာရုစ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အလားအလာအားလုံးကို အကောင် အထည် မဖော်နိုင်ခဲ့ပေ။ နှစ်နိုင်ငံအကြား ဆက်သွယ်မှုများ မခိုင်မာသေးခြင်းကြောင့် (တရားဝင်တွေ့ဆုံမှု အရေအတွက်နှင့် အဆင့်အတန်းကြောင့်သာ မဟုတ်ဘဲ တွေ့ဆုံမှုများစွာ ရှိခဲ့ပါသည်) သို့မဟုတ် စီးပွားရေး၊ ပြည်တွင်းနှင့် ပြည်ပနိုင်ငံရေး ဦးစားပေးများကြောင့် ဘယ်လာရုစ်နှင့် မြန်မာတို့သည် အခြား ကဏ္ဍများကို အာရုံစိုက်ရန် လိုအပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း နှစ်နိုင်ငံစလုံးသည် ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်ခြင်း သို့မဟုတ် ရရှိပြီးသား သဘောတူညီချက်များကို ရပ်ဆိုင်းပစ်ခြင်း မျိုးမရှိခဲ့ပါ။

၂၀၁၄ ခုနှစ် ဆောင်းဦးရာသီတွင် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ "ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေက အနာဂတ်ကို ရည်မှန်းပါတယ်။ ဘယ်လိုပေးဆပ်  ရမှုမျိုးပဲ ရှိရှိ ဒီလမ်းခရီးကို ဖြတ်သန်းရပါမယ်" ဟု ဘယ်လာရုစ်သမ္မတက ပြောကြားခဲ့သည်။ "သာမန် ကုန်ပစ္စည်းတင်ပို့မှုကနေ ဘယ်လာရုစ်မှာ မထုတ်လုပ်နိုင်တဲ့ မြန်မာ့ထုတ်ကုန်တွေ ဝယ်ယူတာအထိ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးတက်အောင်လုပ်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ" ဟုလည်း ဆိုသည်။

ထို့နောက် ခြောက်လအကြာတွင် ဘယ်လာရုစ်နိုင်ငံခေါင်းဆောင်သည် မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်  ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို လက်ခံတွေ့ဆုံခဲ့သည်။ "အရပ်ဘက်နဲ့ စစ်ဘက် ပညာရေးစနစ် လေ့ကျင့် သင်ကြားပေးမှုကနေ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း ခေတ်မီတိုးတက်ရေးအထိ ကဏ္ဍစုံမှာ ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်။ ခင်ဗျားတို့ဆီမှာ သတ္တုသယံဇာတသိုက်တွေ အများကြီးရှိတယ်။ စိုက်ပျိုးရေးအတွက်ရော သတ္တုတူးဖော်ရေး လုပ်ငန်းတွေအတွက်ပါ သက်ဆိုင်ရာ စက်ယန္တရား နည်းပညာတွေကို ပံ့ပိုးပေးဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ" ဟု အလက်ဇန္ဒား လူကာရှန်ကို   က ပြောကြားခဲ့သည်။

သူ၏ ပြောကြားချက်အရ ဘယ်လာရုစ်နှင့် မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဖွံ့ဖြိုးတိုး တက်ရန်အတွက် အခြေခံအုတ်မြစ်မှာ နှစ်ဖက်ညှိနှိုင်း သတ်မှတ်ထားသော အဓိကကဏ္ဍ ၃ ခုမှ ၅ ခု ဖြစ်လာနိုင်သည်။ ရှိရင်းစွဲ အလားအလာများကို မည်သို့လက်တွေ့ အကောင်အထည်ဖော်မည်နည်း ဆိုသည့် နည်းလမ်းကို ရှာဖွေရန်သာ ကျန်ရှိတော့ကြောင်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

"ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံလို ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံမျိုး လိုအပ်ပါတယ်" ဟု ဦးခင်အောင်မြင့်က တစ်ဖန်ပြန်လည် ပြောကြားခဲ့သည်။

ဘယ်လာရုစ်နှင့် မြန်မာတို့ မည်သည့်အရာကို အဓိကထား လုပ်ဆောင်နေကြသနည်း

၂၀၂၄ ခုနှစ်တွင် ဘယ်လာရုစ်နှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၄.၆ သန်းအထိ ရောက်ရှိခဲ့သည် (၂၀၂၃ ခုနှစ် ပမာဏ၏ ၁၉၀ ရာခိုင်နှုန်း ဖြစ်သည်)။ ယင်းအနက် ဘယ်လာရုစ် ပို့ကုန်သည် ဒေါ်လာ ၂၂ သန်းကျော်လွန်ခဲ့ပြီး (၃၉၁.၄ ရာခိုင်နှုန်း တိုးတက်)၊ အဓိကအားဖြင့် အထူးကုန် ပစ္စည်းများနှင့် သတင်းအချက်အလက် မှတ်တမ်းတင်ပစ္စည်းများ (Information carriers) ပါဝင်သည်။ သွင်းကုန်အဓိကပစ္စည်းများမှာ အဝတ်အထည်၊ ဆန်နှင့် ဖိနပ်တို့ ဖြစ်ကြသည်။

၂၀၂၅ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မင့်စ်မြို့ (Minsk) သို့ လာရောက်လည်ပတ်ခဲ့သည်။ ဘယ်လာရုစ်နိုင်ငံ မြို့တော်တွင် ပူးတွဲ စီးပွားရေး ဖိုရမ်ကို ကျင်းပခဲ့ပြီးနောက် အဆင့်မြင့်ဆုံးသော ဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲ ရလဒ်များအရ အရှေ့တောင်အာရှတွင် ဘယ်လာရုစ်နိုင်ငံအတွက် နောက်ထပ် တိုးတက်မှု အချက်အချာနေရာသစ်တစ်ခု ပေါ်ထွက်လာပြီဖြစ်ကြောင်း ပြောဆိုနိုင်စေခဲ့သည်။

"ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို လေ့လာဆန်းစစ်ကြည့်ရာတွင် ကျွန်ုပ်တို့အနေဖြင့် အနာဂတ် ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ပြီဟူသော ကောက်ချက်ကို ချမိပါ  သည်။ ယနေ့အချိန်တွင် ကျွန်ုပ်တို့အနေဖြင့် ရှေ့သို့ဆက်လက် လျှောက်လှမ်းရန် လိုအပ်နေပါသည်။ ကျွန်ုပ်တို့ရှေ့တွင် ကြီးမားသော အခွင့်အလမ်းများ ရှိနေသည်ကို မြင်တွေ့နေရပါသည်။ သို့သော် အချိန် သည် လျင်မြန်စွာ ကုန်ဆုံးတတ်ပါသည်။ ထိုအချိန်ကို လက်လွတ်မခံဘဲ ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပိုမို နက်ရှိုင်းကျယ်ပြန့်စေရန် ရရှိထားသော အခွင့်အလမ်းများကို အသုံးချကြပါစို့။ ကျွန်ုပ်တို့အနေဖြင့် ယင်း အတွက် အဆင်သင့်ရှိနေပါသည်" ဟု အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာမိတ်ဖက်များအား တိုက်တွန်း ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခြေအနေမှာ ထင်ရှားနေပါသည်။ မြန်မာနိုင်ငံ သည် သဘာဝသယံဇာတ ပေါကြွယ်ဝကြောင်း ကျွန်ုပ်တို့ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာ ကမ်းရိုးတန်းတွင် တည်ရှိပြီး လူဦးရေ ၅၅ သန်းခန့် ရှိပါသည်။ အထူးသဖြင့် မိတ်ဖက်နိုင်ငံဘက်မှ စက်မှု၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် နည်းပညာ လိုအပ်ချက် မြင့်မားနေချိန်တွင် ဘယ်လာရုစ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ မိမိတို့၏ ကျွမ်းကျင်မှုများဖြင့် ကူညီပံ့ပိုးပေးရန် အဆင်သင့် ရှိနေပါသည်။

"ရှေ့သို့ဆက်လှမ်းနိုင်ရန်အတွက် အခြေခံကျသော စီမံကိန်းအချို့ ရှိရန် လိုအပ်ပါသည်။ အစပိုင်းတွင် စီမံကိန်းအရေအတွက် နည်းပါးလျှင်လည်း ဖြစ်စေဦးတော့။ သို့သော် ယင်းတို့သည် အခြားသော ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများကိုပါ ဆွဲခေါ်သွားနိုင်မည့် ဘက်စုံလွှမ်းခြုံနိုင်သော၊ အခြေခံအုတ်မြစ်သဖွယ် ဖြစ် သော စီမံကိန်းကြီးများ ဖြစ်ရပါမည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံအပေါ် အလွန်ကြီးမားသော စိတ်ဝင် စားမှု ရှိပါသည်" ဟု ဘယ်လာရုစ်ခေါင်းဆောင်က အလေးအနက် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိမိတို့အနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံရေးတွင် စာမျက်နှာသစ် ဖွင့်လှစ်ရန်နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အရည် အသွေးပိုင်းဆိုင်ရာ အဆင့်အတန်းသစ်တစ်ခုသို့ မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြန်လည်ပြောကြား ခဲ့သည်။ "မြန်မာနိုင်ငံဘက်မှ စီးပွားရေးကဏ္ဍ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် များစွာ စိတ်ဝင်စားမှုနှင့် ဆန္ဒရှိပါသည်။ ထို့ကြောင့် မိမိတို့၏ ထိတွေ့ဆက်ဆံမှုများကို တိုးချဲ့ရန်အတွက် မဟာ ဗျူဟာမြောက် စီမံချက်တစ်ခုကို ဆွေးနွေးရန် အဆင်သင့်ရှိပါသည်" ဟု သူ၏ ဦးစားပေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာအစိုးရ ခေါင်းဆောင်က သူ၏ နိုင်ငံအတွက် အဆုံးအဖြတ်ပေးနိုင်သည်အထိ အရေးပါသော စိုက်ပျိုး ရေးကဏ္ဍနှင့် စက်မှုအင်ဂျင်နီယာလုပ်ငန်းကဏ္ဍတို့ကို ပထမဦးစားပေးအဖြစ် ထည့်သွင်းပြောကြားခဲ့  သည်။ အထူးသဖြင့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ (Agro-industrial complex) နည်းပညာများကို ဘယ်လာရုစ်နိုင်ငံမှ လွှဲပြောင်းရယူရန်၊ လယ်ယာသုံး စက်ကိရိယာများနှင့် စက်ယန္တရားများ ထုတ်လုပ်ရန်နှင့် ဓာတ်မြေဩဇာ အမျိုးမျိုး ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားလျက်  ရှိသည်။ အရှေ့တောင်အာရှ မိတ်ဖက်များ၏ နောက်ထပ် အဆိုပြုချက်တစ်ခုမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းအမျိုးမျိုး ထူထောင်ရန်အတွက် မြန်မာ့စီးပွားရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ ဥပမာအားဖြင့် ကွန်ကရစ် ထုတ်လုပ်ခြင်း သို့မဟုတ် တာယာထုတ်လုပ်ရန်အတွက် ရော်ဘာစိုက်ပျိုး  ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အခြေအနေကို သုံးသပ်လျက် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက နိုင်ငံအတွက် အကျိုးအမြတ်ရှိစေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြရန် မိတ်ဖက်များအား အကြံပြုခဲ့သည်။ "ခင်ဗျားတို့ လုပ်ဆောင်သမျှ ကိစ္စတွေကို တစ်စုံတစ်ယောက်က မကြိုက်မနှစ်သက် ဖြစ်နေမှာကတော့ သဘာဝပါပဲ။ ပိတ်ဆို့အရေးယူမှုတွေလည်း ရှိလာပါလိမ့်မယ်၊ ဒါက ကျွန်တော်တို့ဆီမှာ  ရော ခင်ဗျားတို့ဆီမှာပါ ရှိပြီးသားပါ။ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေဆိုတာ အခွင့်အလမ်းတွေကို ဖော် ဆောင်ပေးတဲ့ အချိန်ကာလ တစ်ခုပါပဲ။ ဒါကြောင့် ဒီအခွင့်အရေးတွေကို အသုံးချပြီး နိုင်ငံတွေအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းအောင် လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူထားပြီး ဖြစ်ပါ တယ်။ ဒီကိစ္စကို ကျွန်တော်တို့ မဖြစ်မနေ လုပ်ဆောင်သွားမှာပါ" ဟု ဘယ်လာရုစ်ခေါင်းဆောင်က ကတိပြု ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဘယ်လာရုစ်နှင့် မြန်မာ နှစ်နိုင်ငံသည် ပူးတွဲစီမံကိန်းများ ပေါ်ပေါက် လာစေရန် လုပ်ဆောင်လျက်ရှိသည်။ ယင်းတို့မှာ ယခင် Zetorစက်ရုံနေရာတွင် အလတ်စားနှင့် အသေး စား ထွန်စက်များ တပ်ဆင်ထုတ်လုပ်ခြင်း၊ Grodno Azot အများနှင့်သက်ဆိုင်သော ကုမ္ပဏီနှင့် Grodno နိုက်ထရိုဂျင်စက်မှုလုပ်ငန်းနှင့် အော်ဂဲနစ်ဒြပ်ပေါင်းဆိုင်ရာ သုတေသနနှင့် ဒီဇိုင်းအင်စတီကျုတို့မှ နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ထုတ်လုပ်မှု ခေတ်မီတိုးတက်စေရန် အကြံပေးကူညီခြင်း၊ Belmed-preparaty ၏ နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်လုပ်ခြင်း၊ နို့စားနွား မွေးမြူရေးနှင့် ထုတ်လုပ်ရေး စခန်းများ တည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကာကွယ်ဆေးများ ပူးတွဲထုတ်လုပ်ခြင်းတို့ ဖြစ်ကြသည်။

ထို့ပြင် ဘယ်လာရုစ်နိုင်ငံမှ MAZ မော်တော်ယာဉ်များ၊ နိုက်ထရိုဂျင် ဓာတ်မြေဩဇာ၊ ဆေးဝါးပစ္စည်းများ၊ နို့မှုန့်နှင့် ကလေးအာဟာရ ဖြည့်စွက်စာများ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး စက်ကိရိယာများကို မြန်မာ နိုင်ငံသို့ ပေးပို့တင်သွင်းရန် ဆွေးနွေးလျက်ရှိသည်။

ကျောက်မျက်ရတနာများနှင့် ပတ်သက်၍ အခြေအနေ မည်သို့ရှိသနည်း။ နိုင်ငံခြားရေးဝန်ကြီး Maxim Ryzhenkov က ဆွေးနွေးပွဲပြင်ပ၌ ပြောကြားရာတွင် ဘယ်လာရုစ် လက်ဝတ်ရတနာ လုပ်ငန်းကဏ္ဍသည် မိမိတို့နိုင်ငံတွင် လက်ဝတ်ရတနာ ထုတ်လုပ်ရာ၌ အသုံးပြုနိုင်မည့် ကျောက်မျက်ရတနာများကို မြန်မာနိုင်ငံ၌ တူးဖော်ရန်နှင့် ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း ဆိုသည်။

ဘယ်လာရုစ်က မြန်မာနိုင်ငံကို မည်သို့ ကူညီခဲ့သနည်း

မတ်လကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ လူပေါင်း ထောင်ချီ သေဆုံးခဲ့ရပြီး နိုင်ငံတစ်ဝှမ်းရှိ လူနေအိမ်များနှင့် အဆောက်အအုံများ၊ အခြေခံအဆောက်  အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဘယ်လာရုစ်သမ္မတ၏ လမ်းညွှန်ချက်အရ အရေးပေါ်အခြေအနေများ ဆိုင်ရာ ဝန်ကြီးဌာန (MCHS) မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်တကွ ပြိုပျက်တဲများ၊ စောင်များနှင့် စားသောက်ကုန်များ ပါဝင်သော လူသားချင်းစာနာမှု အကူအညီ တန်ချိန် ၂၀ ကို မြန်မာနိုင်ငံသို့ စေလွှတ် ပေးပို့ခဲ့သည်။

ဘယ်လာရုစ်နိုင်ငံမှ ကယ်ဆယ်ရေးသမားများ၊ ခွေးအသုံးပြု ရှာဖွေရေးကျွမ်းကျင်သူများနှင့် ဆေးဘက် ဆိုင်ရာ ဝန်ထမ်း အယောက် ၃၀ ကျော်တို့သည် ငလျင်ဒဏ်သင့်မှု နောက်ဆက်တွဲများကို ရှင်းလင်းရာတွင် ကူညီခဲ့ကြပြီး အပျက်အစီးများကြားမှ ရှာဖွေတွေ့ရှိသော ထိခိုက်ဒဏ်ရာရသူများကို ကူညီကယ်ဆယ် မှုများ ပြုလုပ်ပေးခဲ့ကြသည်။ ခက်ခဲသော အခြေအနေများနှင့် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးနေသော မခိုင်ခံ့သည့် အဆောက်အအုံများ ထပ်မံပြိုကျနိုင်သည့် အန္တရာယ်များ ရှိနေလင့်ကစား လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဆက်တိုက် ဆောင်ရွက်ခဲ့ကြသည်။

"အရေးပေါ်အခြေအနေ ဖြစ်ပွားရာနေရာမှာတင် တိုက်ရိုက် ကုသကယ်ဆယ်မှုတွေ ပြုလုပ်ပေးနိုင်တာက ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုပါပဲ။ (ကျိုးပဲ့သွားတဲ့) ထိခိုက်ဒဏ်ရာရ အစိတ်အပိုင်းတွေကို မလှုပ်ရှား အောင် ထိန်းချုပ်ပေးတာ၊ ရှော့ခ် (Shock) မရအောင် ကုသပေးတာနဲ့ အကိုက်အခဲပျောက်ဆေး ပေးတာ မျိုးတွေဆောင်ရွက်ပေးနိုင်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းအားလုံး ကျွန်တော်တို့ဆီမှာ ပါလာ ပါတယ်။ အဲဒီအထဲမှာ ခေတ်မီဆန်းပြားတဲ့ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ယာယီစခန်းချရာ နေရာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကူးစက်ရောဂါ ဘေးကင်းစေဖို့ အတွက်ရော၊ သန့်ရှင်းရေးနဲ့ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်ပါ လိုအပ်တဲ့ ပိုးသတ်ဆေးတွေ၊ ပိုးမွှားသန့်စင်ဆေးရည်တွေနဲ့ ရေသန့်စင်ဆေး အလုံအလောက်လည်း ပါရှိပါတယ်" ဟု ဘယ်လာရုစ် အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာန၊ "ZUBR" အထူးတပ်ဖွဲ့မှ ဆရာဝန် Yuri Geleklidi က ပြောကြားခဲ့သည်။

မင့်စ်မြို့သို့ လာရောက်သော မတ်လခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုအားပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ (ပထမအဆင့်) ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးပွဲအပြီးတွင် လွတ်လပ်ရေးနန်းတော် (Palace of Independence) ၌ ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့သည် အစိုးရက ချီးမြှင့်သည့် နိုင်ငံ၏ အမြင့်ဆုံး အရပ်ဘက်ဆိုင်ရာ ဆုတံဆိပ်ဖြစ်သည်။ ကဏ္ဍစုံတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရန် အားထုတ်ကြိုးပမ်းခဲ့မှုများအတွက် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုအား ဤဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

"ဒါဟာ ကြိုတင်ပေးအပ်တဲ့ အသိအမှတ်ပြုမှုတစ်ခုဆိုတာ ကျွန်တော် နားလည်ပါတယ်။ ယင်းနဲ့ထိုက်တန် ကြောင်း သက်သေပြနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါမယ်" ဟု သမ္မတက ဘွဲ့တံဆိပ်ကို လက်ခံရယူစဉ် ပြောကြားခဲ့သည်။

သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ သဘောတူညီချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြီးကြပ်စစ်ဆေးရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေ မည့် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍသစ်များကို ဖော်ထုတ်ရန် ရည်ရွယ်ထားသည်။

ခရီးစဉ်မတိုင်မီတွင် ဘယ်လာရုစ်သမ္မတသည် မြန်မာနိုင်ငံနှင့် ပြုလုပ်မည့် အစိုးရချင်း သဘောတူညီချက် မူကြမ်းများကို အတည်ပြုခဲ့သည်။ ဥပမာအားဖြင့် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ခြင်း ဖြစ်သည်။ သို့သော် အဓိက အလေးထားသည်မှာ စီးပွားရေးဖြစ်သည်။ လက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းများထဲတွင် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် မူကြမ်း လည်းပါဝင်သည်။ ယင်းသည် နိုင်ငံများအကြား ကုန်စည်စီးဆင်းမှုကို ရိုးရှင်းလွယ်ကူစေရန်၊ မလိုအပ် သော အတားအဆီးများကို ဖယ်ရှားရန်နှင့် သက်ဆိုင်ရာ ဌာနများအကြား တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်မှု တည်ဆောက်ရန် ရည်ရွယ်သည်။ ဤအချက်သည် ကုန်သွယ်မှု လမ်းကြောင်းသစ်များ ဖန်တီးခြင်းကို မြန်ဆန်စေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကို တိုးမြင့်လာစေနိုင်သည်။ နောက်ထပ် အဓိကကျသော သဘောတူညီချက်တစ်ခုမှာ နှစ်ထပ်ကွမ်း အခွန်ကောက်ခံမှု ရှောင်ရှားရေး (Avoidance of Double Taxation) ဖြစ်သည်။ ဤအစီအမံသည် ပြည်ပဈေးကွက်သို့ ဝင်ရောက်ရန် စဉ်းစားနေ ကြသော စီးပွားရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်ပါသည်။

ဘယ်လာရုစ်နှင့် မြန်မာနိုင်ငံတို့အတွက် ကြီးမားသော အခွင့်အလမ်းများ ပေါ်ပေါက်လာမည့် အချိန် အခါသို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။ မင့်စ်မြို့ (ဘယ်လာရုစ်) သည် အရှေ့တောင်အာရှတွင် ခြေကုပ်နေရာသစ်တစ်ခု ရရှိခဲ့သလို၊ နေပြည်တော် (မြန်မာ) သည်လည်း ဥရောပ အလယ် ဗဟို တည့်တည့်တွင် ခြေကုပ်တစ်ခု ရရှိခဲ့ပြီ ဖြစ်သည်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့အကောင်အထည်ဖော်ရန်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် စိတ်ဝင်စားဖွယ်ရာ သတင်း ကောင်း အသစ်များကို ကျွန်ုပ်တို့ စောင့်မျှော်နေကြပါသည်။

++++

ဘယ်လာရုစ် အစိုးရပိုင် ဘယ်လာရုစ် တယ်လီဂရပ်သတင်းအေဂျင်စီ Belta ပါရှိသည့်  ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အကြိုဂုဏ်ပြုဆောင်းပါးကို ရုရှားဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြအပ်ပါသည်။ အယ်ဒီတာ