နေပြည်တော်၊ ဖေဖော်ဝါရီ ၂ — သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဒီဇယ်ဆီတင် သင်္ဘောတစ်စီးအား ဓာတ်ခွဲစမ်းသပ်ချက်အရ အရည်အသွေး စံချိန်စံညွှန်းမမီသဖြင့် ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ တွင် ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) တင်ဆောင်လာတဲ့ Tanker သင်္ဘောတစ်စီး ရောက်ရှိလာခဲ့ရာ ဝန်ကြီးဌာနက တင်ဆောင်လာတဲ့ ဒီဇယ်များကို နမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

စစ်ဆေးချက်ရလဒ်များအရ အဆိုပါဒီဇယ်ဆီတွေက သတ်မှတ်ထားတဲ့ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရတဲ့အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေး ယခုကဲ့သို့ ပြန်လည်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချရေးနှင့် ပြည်တွင်း  ရေနံချက်စက်ရုံ စီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်လျက်ရှိနေပါတယ်။  ဒါပေမယ့် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းနေရဆဲဖြစ်သဖြင့် တင်သွင်းလာသည့် စက်သုံးဆီများနှင့် ဈေးကွက်တွင်းရှိ စက်ဆီချောဆီများ၏ အရည်အသွေး၊ အခြင်အတွယ်နှင့် ဈေးနှုန်းတည်ငြိမ်မှု  ရှိစေရေး   တို့ကို တင်းကြပ်စွာ စိစစ်ထိန်းကျောင်းလျက်ရှိတယ်လို့သိရပါတယ်။

#knl/ymg