#Local_News
Published_ 4 July 2023
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလတွင် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံ၌ ပိတ်မိနေသူများနှင့်အရေးယူခံခဲ့ရသူ မြန်မာနိုင်ငံသား အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၈၆ ဦးတို့သည် ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်း မြို့ရှိတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားခဲ့ပါတယ်။
ထို့နောက် ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင် လာခြင်း ရှိ/မရှိတို့ကို စစ်ဆေးပြီး လက်ခံခဲ့ကြပါတယ်။
၎င်းတို့အနက် ရောဂါပိုးတွေ့ရှိသူများကို ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသူများကို နေရပ် ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #ပိတ်မိနေသူမြန်မာနိုင်ငံသား၈၆ဦး
#YMG #Yangon_Media_Group
#Local_News
Published_ 4 July 2023
တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့တွင် ရောက်ရှိနေသည့် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃ ရက်က BYD အမျိုးအစား လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံသို သွားရောက်လေ့လာကြပါတယ်။
ဝန်ကြီးနှင့် အဖွဲ့အား အာရှပစိဖိတ်အရောင်းဌာန မန်နေဂျာ Ms. Gillian Li BIN မှ BYD မော်တော်ယာဉ်များ စတင်ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု၊ ဈေးကွက်ရရှိမှုနှင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ် (EV) များ ထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။
ယင်းနောက်ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး BYD အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုကြပါတယ်။
ထို့နောက်ဝန်ကြီးသည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ နေရောင်ခြည်စွမ်းအင် သုံးပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် K Star စက်ရုံသို ရောက်ရှိကြပြီး စက်ရုံဆိုင်ရာ အချက်အလက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေများကို လေ့လာခဲ့ကြောင်းသတင်းရရှိပါတယ်။
#ygm_mnn #Local_News #BYD လျှပ်စစ်ကားစက်ရုံသို့စက်မှုဝန်ကြီးသွားရောက်လေ့လာ
#Yangon_Media_Group
#Local_News
Published 4 July 2023
ကချင်ပြည်နယ်၊ တနိုင်းမြို့အနီးဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
ဇူလိုင်လ(၄)ရက်နေ့ နေ့လည်ပိုင်းတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တနိုင်းမြို့အနောက် အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ်တွင် နှစ်စပိုင်းမှစပြီး ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး အင်အားအသင့်အတင့်ရှိသော အင်အားရစ်(ခ်)တာစကေး (၄.ဝ)ကျော်သည့်ငလျင်များလည်းလှုပ်ခတ်မှုများခဲ့ကြောင်း မြေငလျင်ဌာနခွဲမှသိရသည်။
#tthl #Local_News #တနိုင်းအနီးတွင်မြေငလျင်လှုပ်
#Yangon_Times
#Local_News
Published 4 July 2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်ရှိ နန့်ယင်းမြစ်သည် နောက်(၁)ရက်အတွင်းစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်(၄)ရက်တွင်သတိပေးချက်ထုတ်ပြန်ထားသည်။
လတ်တလောတွင် နန့်ယင်းမြစ်ရေသည် မိုးညှင်းတွင်စိုးရိမ်ရေမှတ်အောက်(၁)ပေခွဲခန့်ရောက်နေပြီး မိုးကောင်းတွင် စိုးရိမ်ရေမှတ်အောက်(၃)ပေခွဲရောက်နေသည်ဟုဆိုသည်။
သို့ဖြစ်၍ မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အတွင်းရှိမြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
#tthl #Local_News #မိုးညှင်းနှင့် မိုးကောင်းတွင်မြစ်ရေကြီးနိုင်
#Yangon_Time
#Local_News
Published- 4 July 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဇူလိုင်လ ညပိုင်းက ချစ်သူစုံတွဲချိန်းတွေ့နေစဥ် ဓားထိုးလုယက်ခံရ၍ ကောင်လေးဖြစ်သူမှာသေဆုံးခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်က သိရသည်။
မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက်နေ့၊ ည ၉ နာရီ ၁၀ မိနစ်ခန့်က ချိန်းတွေ့နေသည့်ချစ်သူစုံတွဲထံ အမည်မသိသူများရောက်ရှိလာ၍ ခြိမ်းခြောက်ပြောဆို၍ ဖုန်းလုယက်မှုဖြစ်ခဲ့ပြီး အဆိုပါစုံတွဲမှ အမျိုးသားကို ဓားဖြင့်ထိုးသွားခဲ့ကြောင်း သိရသည်။
"ရှိတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပြီး ဖုန်းလုယက်တာကိုမပေးတာကြောင့် ကောင်လေးကိုဓားနဲ့ထိုးသွားပါတယ်။ ဓားဒဏ်ရာများတဲ့အတွက် ဆေးရုံအရောက် မှာပဲဆုံးသွားပါတယ်"ဟု ယင်းအသင်းက သိရသည်။
လက်ရှိတွင်သေဆုံးသူ၏ရုပ်အလောင်းကို မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။
ယင်းအပြင်အမျိုးသမီးငယ်မှာလည်း ရိုက်နှက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
#Local_News #ဓါးထိုးခံရ၍ အမျိုးသားသေဆုံး
#Yangon-Times/BM
( ၄၁) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကနေ ကျပ်သိန်း ၅၀ တစ်ဆု၊ ကျပ်သိန်း ၂၀ နှစ်ဆုအပါအဝင် အခြားဆုမဲပေါင်း (၁၂၄၉)ဆု လာရောက်မထုတ်ယူသေး
#Local_News
Published 4 July 2023
#ဇူလိုင်လကုန်အထိနောက်ဆုံးထုတ်ယူခွင့်ပြုထား
#Yangon_Time #YMG
ပြည်ပနိုင်ငံတွေကို လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းတွေကို တင်ပို့လျက်ရှိ
#Local_News
Published 4 July 2023
#ပြည်ပကုန်သွယ်မှုကဏ္ဍ
#Yangon_Time #YMG
#World_Politics
Published 4 July 2023
ရုရှားနဲ့ အနောက်နိုင်ငံတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ဆယ်စုနှစ်တွေကြာအောင် ရှိနေဦးမှာဖြစ်ပြီး ယူကရိန်းနဲ့ ပဋိပက္ခဖြစ်နေတာကလည်း အမြဲတမ်းဆက်ရှိနေဦးမယ်လို့ ရုရှားသမ္မတဟောင်း'ဒမစ်ထရီမက်ဗီဒက်ဗ်'က သတိပေးလိုက်ပါတယ်။
တစ်ချိန်တုန်းက မက်ဗီဒက်ဗ်ကို အနောက်တိုင်းမှာ လစ်ဘရယ်ခေတ်ဆန်သူအဖြစ် သတ်မှတ်ခဲ့ကြပြီး ယမန်နှစ် ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ ရုရှားဘက်မှ ထုတ်ဖော်ပြောဆိုမှု အများဆုံးပြုလုပ်သူ ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာ လုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်နေပြီး သူ့ရဲ့ရှုမြင်ပုံတွေက ရုရှားထိပ်သီးအဆင့်မှ အတွေးအခေါ်အချို့အတိုင်း ဖော်ပြနေတယ်လို့ ရုရှားတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာကိစ္စဖြစ်စဉ်အတွင်း ကမ္ဘာကြီးက နျူကလီးယားစစ်ပွဲအသွင် ပြောင်းလဲလာခါနီး အချိန်တုန်းကထက် ရုရှားနဲ့ အနောက်နိုင်ငံတို့ရဲ့ တင်းမာမှုက များစွာပိုမိုဆိုးရွားနေကြောင်း အစိုးရပိုင်သတင်းစာမှာ ဆောင်းပါးဖော်ပြထားပါတယ်။
နျူကလီးယားစစ်ပွဲက ဖြစ်လာနိုင်ချေရှိပေမယ့် အနိုင်ရမယ့်သူ ရှိလာမှာမဟုတ်ကြောင်း၊ ယူကရိန်းကို အနောက်နိုင်ငံမှ ထောက်ပံ့ကူညီနေခြင်းက နျူကလီးယားပဋိပက္ခ ဖြစ်လာနိုင်ချေများစေကြောင်း မက်ဗီဒက်ဗ်က အကြိမ်ကြိမ်ဆိုခဲ့ပါတယ်။
အသီးသီးသော နိုင်ငံရေးသမားတွေ ဝန်မခံချင်တာတစ်ခုကတော့ ဒီလိုစစ်ဘေးကြီး ဖြစ်နိုင်ချေရှိရုံတင်မဟုတ်ဘဲ အတော်လေး ဖြစ်နိုင်ချေရှိတယ်ဆိုတာပါပဲလို့ ဖော်ပြထားပါတယ်။
မက်ဗီဒက်ဗ်ရဲ့ နျူကလီးယားခြိမ်းခြောက်မှု ရည်ရွယ်ချက်က အနောက်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေးထောက်ပံ့ကူညီရာမှာ လျှော့ချစေဖို့နဲ့ ထိုအစား ရုရှားဘက်ယိမ်းပြီး ငြိမ်းချမ်းရေးစတင်ဆွေးနွေးရန် ဖြစ်တယ်လို့ အနောက်တိုင်းသုံးသပ်သူများက ဖော်ပြခဲ့ပါတယ်။
အနောက်တိုင်းနိုင်ငံအများအပြားက ယူကရိန်းအနေနဲ့ ကိုယ်တိုင်ကာကွယ်နိုင်အောင် ကူညီလျက်ရှိပြီး ဘယ်လောက်ကြာမြင့်သည်ဖြစ်စေ ယူကရိန်းဘက်ကရှိနေမယ်လို့ ကတိပြုထားပါတယ်။
ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အများဆုံးကူညီထောက်ပံ့နေတဲ့ အမေရိကန်ကတော့ နျူကလီးယားစစ်ပွဲအန္တရာယ်ကို ရှောင်ရှားချင်တာကြောင့် ရုရှားနဲ့ တိုက်ရိုက်ရင်ဆိုင်လိုခြင်းမရှိကြောင်း ပြောကြားထားပါတယ်။
ယူကရိန်းဘက်ကတော့ သူတို့နယ်မြေကနေ ရုရှားစစ်သားတွေ မထွက်ခွာသေးရင် ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ကြောင်း ဆိုထားပါတယ်။
နေတိုး(NATO)အဖွဲ့အစည်းထဲ ယူကရိန်းဝင်ရောက်ဖို့ကို ရုရှားကရပ်တန့်ဖို့ ကြိုးစားနေဆဲလည်းဖြစ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။
ရုရှားနဲ့ အနောက်နိုင်ငံကြား တင်းမာမှုလျှော့ချနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ခက်ခက်ခဲခဲဖြင့် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း ပြောပြသွားပါတယ်။
Source: CNA #World_Politics #ယူကရိန်းပဋိပက္ခကလည်းအမြဲဆက်ရှိနေဦးမည်
#Yangon_Time #YMG
#Local_News
Published- 4 July 2023
ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးပြီး ကလေး ၁ဦးအပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်)က သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းအချိန်က ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်လမ်းမပေါ်တွင် ဒိုင်နာကားနှင့်ကုန်ကားဝင်တိုက်မှုဖြစ်ခဲ့၍ အမျိုးသား၁ဦး လက်ကျိုးဒဏ်ရာရ၊ ကလေး၁ဦးပေါင်ကျိုးဒဏ်ရာရရှိခဲ့၍ ကျန်အမျိုး၁ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းက သိရသည်။
"၄ ဦးမှာ ၃ဦးကဒဏ်ရာရပြီး ၁ဦးပျောက်ဆုံးနေတာကိုရှာတော့ ည ၁၂ နာရီလောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်"ဟု အသင်းက သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်မြို့)က ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထပ်မံတွေ့ရှိခဲ့သူ အမျိုးသား၏ရုပ်အလောင်းကိုလည်း ကြို့ပင်ကောက် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ဒိုင်နာကားနှင့်ကုန်ကားတိုက်မိ
#Yangon_Times/BM
#Local_News
Published 4 July 2023
ယခုနှစ်ဇူလိုင်လမှစပြီး တစ်နှစ်တာအလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်မည့်အလုပ်သင်ဆရာဝန်စုစုပေါင်း(၆၀၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များဖြစ်လာကြမည်ဖြစ်သည်။
သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ရန်ကုန်တွင်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊မန္တလေးတွင် ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းနှင့် မကွေးတွင်ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းတိုမှကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌပါမောက္ခဒေါက်တာခင်မောင်အေးက အလုပ်သင်ဆရာဝန်များကိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆရာဝန်များလိုက်နာရမည့် ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။
ယနေ့အချိန်အထိကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးပညာရှင်ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံဘွဲရ ၉၄၉၆ ဦးနှင့် အခြေခံ ကျန်းမာရေး ပညာရှင် ၂၃၆၆ ဦးတိုကို မွေးထုတ်ပေးပြီး ဖြစ်ကြောင်း၊ ဘွဲလွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ ဘွဲလွန် သင်တန်းအမျိုး ၁၄၀ ကို ဖွင့်လှစ်ပိုချပေးလျက်ရှိကြောင်း သိရသည်။
#tthl #Local_News #အလုပ်သင်ဆရာဝန် (၆၀၄)ဦးရှိ
#Yangon_Time
#World_Science
Published 4 July 2023
အိမ်မွေးကြောင်တွေရဲ့ ထူးခြားတဲ့အနံ့ခံနိုင်စွမ်းကို သိရဖို့အတွက် ရှုပ်ထွေးတဲ့ နှာခေါင်းလေပြွန်တည်ဆောက်ပုံကို လေ့လာမှုပြုလုပ်ခဲ့ကြပါတယ်။
ကြောင်ရဲ့နှာခေါင်းကို 3D သုံးဖက်မြင်ပုံစံ ပုံဖော်ပြီး အစာအနံ့အမျိုးမျိုးကို လေစီးကြောင်းကနေ သယ်ဆောင်ပုံကို ပုံဖော်ဖန်တီးခဲ့ကြပါတယ်။
ကြောင်နှာခေါင်းလမ်းကြောင်းရှိ လေဟာ စီးကြောင်း ၂ ခုအဖြစ် ကွဲပြားသွားကြောင်း ဖော်ပြခဲ့ပါတယ်။
စီးကြောင်းတစ်ခုက သန့်စင်ခြင်းနဲ့ စိုစွတ်ခြင်းကို ဖြတ်သန်းကာ နောက်တစ်ခုကတော့ အနံ့ကို အနံ့ခံနေရာသို့ ပို့ဆောင်ပေးပါတယ်။
ကြောင်နှာခေါင်းရဲ့ လုပ်ဆောင်ချက်တွေက ဓာတ်ခွဲခန်းတွေမှာ အသုံးပြုပြီး အလွန်ထိရောက်မှုရှိကာ နှစ်မျိုးသုံးဓာတ်ငွေ့ပုံဖော်တဲ့ ကိရိယာလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။
ကြောင်ရဲ့ဦးခေါင်းနဲ့ မိကျောင်းကဲ့သို့ ရှည်လျားတဲ့နှာတံကြောင့် ရှုပ်ထွေးတဲ့ လေဝင်လေထွက်လမ်းကြောင်း အဖြစ် ပြောင်းလဲလာတာ ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုးဖွဲ့စည်းပုံကြောင့် ကြောင်တွေဟာ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်နဲ့ ပိုမိုထိရောက်စွာ လိုက်လျောညီထွေ နေနိုင်တာဖြစ်ပါတယ်။
နှာခေါင်းဖွဲ့စည်းပုံက နှေးကွေးတဲ့ အသက်ရှူလမ်းကြောင်းကို ကျော်သွားကာ အလျင်မြန်ဆုံးလမ်းကြောင်းကို ဖြတ်သန်းစေပြီး အနံ့ခံမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးကြောင်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။
ရှုသွင်းလိုက်တဲ့လေက အနံ့ခွဲခြမ်းစိတ်ဖြာဖို့ အချိန်ကြာရှည်စွာ လှည့်ပတ်ပြီး အခြားကုန်းနေရေနေသတ္တဝါတွေရဲ့ နှာခေါင်းတွေနဲ့ နှိုင်းယှဉ်ရင် အနံ့ခံအာရုံက အဆ ၁၀၀ ကျော်ပိုပြီးထိရောက်ပါတယ်။
သုတေသနပြုလုပ်ချက်က နှာခေါင်းဖွဲ့စည်းပုံ ကွဲပြားပြောင်းလဲလာပုံနဲ့ လုပ်ဆောင်ချက်များအပေါ် ဦးတည်ခဲ့ပါတယ်။
အကြားအာရုံနဲ့ အမြင်အာရုံအကြောင်း အများအပြားသိပြီးသားဖြစ်ပေမယ့် ဒီလေ့လာချက်ကတော့ နှာခေါင်းအကြောင်းနဲ့ အနံ့ခံအာရုံမှာ အရေးပါပုံကို ပိုပြီးနားလည်လာစေပါတယ်။
နို့တိုက်သတ္တဝါများဟာ သားကောင်လိုက်ခြင်း၊ အန္တရာယ်အာရုံခံခြင်း၊ အစာရင်းမြစ်ရှာဖွေခြင်း၊ ပတ်ဝန်းကျင်စူးစမ်းခြင်းတို့အတွက် အနံ့ခံခြင်းက အလွန်အရေးပါနေကြောင်း လေ့လာချက်စာတမ်းပြုစုသူ 'ကိုင်ကျောင်'က ပြောကြားသွားပါတယ်။
ဒီလေ့လာချက်ကို ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့မှာ PLOS Computational Biology မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Source: WION #World_Science #ကြောင်များ၏ အနံ့ခံအာရုံထူးခြား
#Yangon_Time #YMG
#Local_News
Published 4 July 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းသို့ ဇူလိုင် ၁ ရက် ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ ကောလင်းမြို့အတွင်းနှင့် ကျော်ဇေယျ(၁)ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို PDF များက ဇူလိုင် ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်တွင်မြို့၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များ ရုံး၏အနောက် တောင်ဘက် မီတာ ၁၅၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်များ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ယခုအခါ ဒဏ်ရာရရှိသူအား ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရသည်။
#Local_News #အမျိုးသမီး၃ဦးသေဆုံးကာ အမျိုးသား၁ဦးဒဏ်ရာရ
#Yangon_Times/BM
Page 944 of 1774