#World_Health
Published 27 July 2022
မျက်ကပ်မှန်တပ်ဆင်ခြင်းဖြင့် ရောဂါပိုးဝင်ရောက်ခြင်း၊ ပစ္စည်းချို့ယွင်းခြင်း၊ ဓာတ်မတည့်ခြင်း၊ အောက်ဆီဂျင်မလုံလောက်ခြင်းနဲ့ မျက်လုံးတွင်း သွေးဖိအားတက်ခြင်းတို့ ဖြစ်ပေါ်နိုင်တဲ့အပြင် အမြင်အာရုံပြန်ကောင်းမလာနိုင်တော့တဲ့အထိ ပျက်စီးနိုင်ကြောင်း အစ္စရေးလ်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလိုအခြေအနေတွေက အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြားဆယ်ကျော်သက်တွေမှာ အများဆုံးဖြစ်နိုင်ပေမယ့် သူတို့ထက်ငယ်ရွယ်သေးတဲ့သူတွေကတော့ မျက်လုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးဖို့ စောင့်ကြပ်ပေးမယ့် အုပ်ထိန်းသူတွေရှိနေပါတယ်။
မျက်ကပ်မှန်သန့်ရှင်းစေရန် အခြေခံနည်းလမ်းတွေဖြစ်တဲ့ မျက်ကပ်မှန်မကိုင်ခင်လက်ဆေးခြင်း၊ ပိုးသတ်ဆေးဖြင့် သန့်စင်ခြင်းတို့ကို ဆယ်ကျော်သက်လူငယ်တွေက ပြုလုပ်လေ့မရှိပါဘူး။
အချိန်ကာလအလိုက် မျက်ကပ်မှန်လဲလှယ်ခြင်းမျိုး မလုပ်ကြဘဲ အိပ်တဲ့အခါ တပ်ဆင်ထားတာမျိုး ရှိကြပါတယ်။
အိပ်နေစဉ်မျက်ကပ်မှန်တပ်ဆင်ထားမိပါက မျက်ကြည်လွှာထံသွေးလည်ပတ်ရောက်ရှိမှု နည်းပါးသွားပြီး မျက်လုံးကိုထိခိုက်စေလောက်တဲ့အထိဖြစ်စေနိုင်ပါတယ်။
မျက်ကပ်မှန်အမာသား တပ်ဆင်သူတွေမှာ မျက်ကြည်လွှာက မျက်ကပ်မှန်နဲ့ အံဝင်အောင် သူ့အလိုလိုပုံသဏ္ဍာန်ပြောင်းလဲ ပေးရပါတယ်။
တစ်နေ့လောက် မတပ်ဖြစ်တဲ့အခါ မျက်ကြည်လွှာက ပုံမှန်အခြေအနေသို့ပြန်ပြောင်းသွားတတ်တာကြောင့် ခဏခဏမျက်ကြည်လွှာသဏ္ဍာန်မပြောင်းလဲရအောင် နေ့စဉ်တပ်ဆင်ဖို့ လိုအပ်ပါတယ်။
မျက်ကပ်မှန်ကြောင့် အမြှေးပါးရောင်တဲ့ အခြေအနေကလည်း အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းမျိုးဖြစ်ပြီး နီရဲခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်းတို့ ခံစားရနိုင်ပါတယ်။
မျက်ကပ်မှန်သန့်စင်ပေးတဲ့ ဓာတုအရည်တွေကို ပြင်းအားများများနဲ့သန့်စင်မိပါကလည်း ဓာတုတုံ့ပြန်မှုပြင်းပြင်းထန်ထန်ဖြစ်တတ်ပါတယ်။
အစ္စရေးလ်မှာ မျက်ကပ်မှန်တပ်တင်သူ ခန့်မှန်းချေ အယောက် ၃ သိန်းခန့်ရှိပြီး ပျမ်းမျှအသက်တွေက ၃၀.၃ နှစ်ရှိကာ ၁၀ ယောက်မှာ ၆ ယောက်ကျော်က အမျိုးသမီးတွေဖြစ်ပါတယ်။
အနောက်တိုင်းနိုင်ငံတွေမှာ အသက် ၄၅ နှစ်အရွယ်အထိ မျက်ကပ်မှန်တပ်ဆင်ခြင်းက မျက်ကြည်လွှာရောဂါပိုးဝင်ရောက်ခြင်း အဖြစ်အများဆုံးဖြစ်တဲ့အပြင် အမြင်အာရုံပျောက်နိုင်တဲ့အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။
Pseudomonas aeruginosa ဆိုတဲ့ဘက်တီးရီးယားဟာ မျက်ကြည်လွှာကို ရက်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်ပါတယ်။
အခုဆိုရင် မျက်ကပ်မှန်တွေကို အွန်လိုင်းကနေဝယ်ယူလာကြတဲ့အခါ ဆရာဝန်တွေနဲ့ မတိုင်ပင်ဖြစ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
အန္တရာယ်မဖြစ်စေတဲ့ အခြေအနေမျိုးကြုံတွေ့ရင်တောင် မျက်ကပ်မှန်ကိုဆက်ပြီး မတပ်ဆင်ကြပါဘူး။
မျက်ကပ်မှန်တပ်ဆင်တဲ့အခါ မျက်လုံးနဲ့မျက်ကပ်မှန်အသားမကျခြင်း၊ နီရဲခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ အမြင်ဝေဝါးခြင်းတိုဖြစ်ပေါ်တယ်ဆိုရင် မျက်ကပ်မှန်ကို ချက်ချင်းချွတ်ပစ်ပြီး ကျွမ်းကျင်ပညာရှင်နဲ့ဆွေးနွေးတိုင်ပင်သင့်ကြောင်း သုတေသီများကအကြံပြုထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Industry
Published 26 July 2022
ဗီယက်နမ်တော်လှန်ရေးတပ်ဖွဲ့များ ဝတ်ဆင်ခဲ့တဲ့ ဗီယက်နမ်လက်လုပ်ရော်ဘာဖိနပ်တွေကို စစ်ကားဘီးတာယာများ၊ စစ်လေယာဉ်ဘီးတာယာများမှ အသုံးမပြုတော့တဲ့ ပစ္စည်းများဖြင့် ပြုလုပ်ကြပါတယ်။
#Yangon_Media_Group
Published 26 July 2022
အာတိတ်ပင်လယ်ဖျံမလေးတစ်ကောင်ဟာ အနားယူဖို့နေရာ ရှာဖွေဖို့ကြိုးစားရင်း နော်ဝေနိုင်ငံ မြို့တော်အောစလိုအနီးက လှေတွေအနီး ကူးခတ်ရောက်ရှိလာခဲ့ပါတယ်။
ပင်လယ်ပျော် နို့တိုက်သတ္တဝါကြီးတစ်ကောင်းဖြစ်တဲ့ အဲဒီပင်လယ်ဖျံကြီးဟာ လှေရဲ့နောက်ဘက်ကနေ အပေါ်ကိုတက်လာတာကို မြင်ရသူတွေဟာ ဇဝေဇဝါဖြစ်ကုန်ကြပါတယ်။
တကယ်တမ်းတော့ ဖရီယာလို့အမည်ပေးထားတဲ့ အဲဒီဖျံမကလေးဟာ နေပူစာလှုံရင်း အနားယူဖို့ လှေပေါ်တက်လာတာပါ။
ဖရီယာဆိုတာ စကင်ဒီနေဗီးယားရဲ့ လှပခြင်းနှင့်ချစ်ခြင်းမေတ္တာဆိုင်ရာ နတ်သမီးတစ်ပါးအမည်ပါ။
အလေးချိန်ပေါင်၁၃၀၀ရှိတဲ့ဖရီယာကြောင့် ဥရောပတစ်ခွင်က ဆိပ်ကမ်းတွေက လှေတွေ၊ လေသွင်းလှေတွေတော်တော်များများ နစ်မြုပ်ခဲ့ရပါတယ်။
အဲဒါကြောင့် အော်စလိုက သူနေပူစာလှုံပြီး အေးအေးချမ်းချမ်း နားနေနိုင်အောင် သူနှင့်ကိုက်ညီတဲ့ ရေပေါ်ဆိပ်ခံလေးတစ်ခုကို ဖန်တီးပေးထားပါတယ်။
ဖရီယာလို့အမည်ပေးထာတဲ့ အဲဒီဖျံမကလေးဟာ နေထိုင်ကောင်းနေပုံရတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်းမန်နေဂျာ ရော့ဖ် အာရက် ဂျင်ဆင်က ပြောပါတယ်။
#Source_AFP
#Sleepy_walrus
#Freya
#Oslo_walrus
#World_Politics
Published 26 July 2022
ရုရှားက ဥရောပထံဓာတ်ငွေ့တင်ပို့ခြင်းများကို ထပ်မံဖြတ်တောက်သွားမှာဖြစ်ပြီး ယူကရိန်းကိုထောက်ပံ့နေတဲ့ နိုင်ငံများအတွက်တော့ အထိနာဦးမယ့် အခြေအနေဖြစ်နေပါတယ်။
ပင်လယ်နက်ဒေသတဝိုက် ဂျုံစေ့ပြန်လည်တင်ပို့ရေးကို ယခုသီတင်းပတ်အတွင်း သဘောတူညီခဲ့ကြတာကြောင့် စီးပွားရေးဖိအားလျော့ကျလာဖို့ မျှော်လင့်နေကြတဲ့အချိန်မှာ အခုလိုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းဘက်က အင်္ဂါနေ့ကထုတ်ပြန်ရာမှာ ရုရှားက ပဲ့ထိန်းဒုံးကျည်များဖြင့် တောင်ပိုင်းကိုတိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့တွေကလည်း ရန်သူပစ်မှတ်တွေကို တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ မှတ်ချက်ပြုခြင်းမရှိသေးပါဘူး။
သောကြာနေ့မှာရရှိခဲ့တဲ့ သဘောတူညီချက်အရ ယူကရိန်းမှပထမဆုံးကုန်တင်သင်္ဘောတွေ ရက်ပိုင်းအတွင်းထွက်ခွာနိုင်တော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပေမယ့် ရုရှားတို့က ယူကရိန်းရဲ့အိုဒက်ဆာဆိပ်ကမ်းကို တိုက်ခိုက်ခဲ့တာပါတယ်။
ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပွားလာတာ ၆ လခန့်ကြာမြင့်လာပြီဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာအကြီးဆုံးစစ်ပွဲဖြစ်လာပါတယ်။
စစ်ပွဲရဲ့သက်ရောက်မှုက ယူကရိန်းသာမက နိုင်ငံအများအပြားကိုပါထိခိုက်နေပြီး လောင်စာစွမ်းအင်ဈေးနှုန်းများ ထိုးတက်ကာ ဆင်းရဲတဲ့နိုင်ငံတွေက လူသန်းပေါင်းများစွာဟာ အငတ်ဘေးကြုံရဖွယ်ရှိနေပါတယ်။
အနောက်နိုင်ငံအနေနဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်တာဟာ ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေကို မြင့်တက်စေနိုင်တယ်လို့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယခုလအတွင်း သတိပေးခဲ့ပါတယ်။
စက်မှုလုပ်ငန်းစောင့်ကြည့်ရေးအဖွဲ့ရဲ့အဆိုအရ နော့ဒ်စထရင်းမ်(၁)ဂတ်စ်ပိုက်လိုင်းကနေ ဂျာမနီကိုပေးပို့နေတဲ့ ဓာတ်ငွေ့ပမာဏကို ဗုဒ္ဓဟူးနေ့ကစတင်ပြီး တစ်နေ့ကို ၃၃ သန်းကုဗမီတာအထိ လျှော့ချသွားဖွယ်ရှိကြောင်း ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom က အသိပေးခဲ့ပါတယ်။
စစ်ပွဲကာလမတိုင်ခင်က ဥရောပသို့ပေးပို့နေတဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းနဲ့ ရေနံ ၃၀ ရာခိုင်နှုန်းဟာ ရုရှားဆီကနေ တင်သွင်းဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ထိုပမာဏရဲ့တဝက်ခန့်ကိုသာ ဆက်လက်ပေးပို့သွားဖွယ်ရှိပါတယ်။
ဓာတ်ငွေ့တင်ပို့ခြင်းကို လျှော့ချရခြင်းက ပြုပြင်ထိန်းသိမ်းခြင်းကိစ္စတွေနဲ့ အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့ခြင်းတွေကြောင့်လို့ ရုရှားဘက်ကဆိုခဲ့ပြီး ဥရောပသမဂ္ဂကတော့ ရုရှားတို့ဟာ လောင်စာဆီတင်ပို့ခြင်းနဲ့ပတ်သက်ပြီး ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
လာမယ့်ဆောင်းတွင်းမှာ ရုရှားကဓာတ်ငွေ့ဖြတ်တောက်သွားဖွယ်ရှိပြီး ထိုသို့ဖြတ်တောက်လိုက်ပါက ဂျာမနီအနေနဲ့ စီးပွားရေးဆုတ်ယုတ်မှုကိုကြုံတွေ့လာနိုင်ပြီး ငွေကြေးဖောင်းပွခြင်းကြောင့် အထိနာနေရတဲ့သူတွေလည်း ပိုမိုနစ်နာလာမှာဖြစ်ကြောင်း ဥရောပနိုင်ငံရေးသမာများက အကြိမ်ကြိမ် သတိပေးထားပါတယ်။
ရုရှားက ဥရောပထံဓာတ်ငွေ့တင်ပို့ခြင်းကို အလုံးစုံဖြတ်တောက်ဖို့တော့ အစီအစဉ်မရှိဘူးလို့ ဆိုထားပါတယ်။
ကျူးကျော်မှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိခင်တုန်းက ကမ္ဘာ့ဂျုံတင်ပို့မှုရဲ့ ၃ ပုံ ၁ ပုံနီးပါးဟာ ရုရှားနဲ့ယူကရိန်းထံမှ ဖြစ်ပါတယ်။
ပင်လယ်နက်မှတဆင့် တူရကီရဲ့ဘော့စ်ဖောရပ်စ် ရေလက်ကြားကနေ ဈေးကွက်များထံဖြန့်ချိမယ့် ကုန်သည်သင်္ဘောများကို မတိုက်ခိုက်ရန် ရုရှား၊ တူရကီ၊ ယူကရိန်း၊ ကုလသမဂ္ဂတိုက သောကြာနေ့မှာ သဘောတူညီခဲ့ကြပါတယ်။
ထိုကဲ့သို့သဘောတူညီပြီး ခဏအကြာမှာပဲ ရုရှားတို့က အိုဒက်ဆာဆိပ်ကမ်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရုရှားတို့က သူတို့ရဲ့ကတိကဝတ်ကို စောင့်ထိန်းမှာလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ အိမ်ဖြူတော်ကပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#DailyNews
Published - 26 July 2022
၁။ မြန်မာနိုင်ငံကို ခရီးမသွားသင့်သည့် နိုင်ငံအဆင့် အမေရိကန်သတ်မှတ်ခြင်းအတွက် ခရီးသွားလုပ်ငန်းနစ်နာမှုရှိ
၂။ မြန်မာ့လူဦးရေ(၅)သန်းကျော်တွင် အသည်းရောင်ရောဂါများရှိနေ၊ B ပိုး C ပိုး ရှိမရှိအခမဲ့ စစ်ဆေးပေးမည်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဗီယက်နမ်စစ်ပွဲကာလမှ စတင်အသုံးပြုခဲ့သည့် ရော်ဘာဖိနပ်များ ယနေ့အချိန်အထိ လူကြိုက်များလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Health
Published 26 July 2022
မိမိရဲ့အတွေးအခေါ်တွေ၊ စိတ်ခံစားမှုတွေ၊ ပြုမူပုံတွေကိုပုံမှန်သုံးသပ်လေ့ရှိတဲ့ လူကြီးတွေဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေလျော့နည်းကြောင်း လေ့လာတွေ့ရှိထားပါတယ်။
တစ်နေ့ကို ၁၀ မိနစ်မျှ မိမိကိုယ်မိမိပြန်လည်သုံးသပ်ခြင်းဖြင့် ဦးနှောက်ကျန်းမာရေးနဲ့ အသိဉာဏ်စွမ်းရည်တွေကို သိသိသာသာကောင်းမွန်စေနိုင်တယ်လို သုတေသီများတွေ့ရှိခဲ့ပါတယ်။
မှတ်ဉာဏ်ချို့ယွင်းလာခြင်းဝေဒနာနဲ့ ပတ်သက်ပြီး ကုသဆေးမရှိတာကြောင့် ယခုလိုတွေ့ရှိချက်က စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တဲ့ဝေဒနာ ဖြစ်လာနိုင်ချေကို လျှော့ချပေးနိုင်ဖို့ အထောက်အကူဖြစ်လာဖွယ်ရှိနေပါတယ်။
လန်ဒန်တက္ကသိုလ်ကောလိပ်မှ သုတေသနအဖွဲ့ကဦးဆောင်ပြီး အသက် ၇၀ ဝန်းကျင် လူ ၂၅၉ ယောက်ကို စမ်းသပ်မှု ၂ ခုပြုလုပ်ပြီး ရရှိလာတဲ့အချက်အလက်များကို ဆန်းစစ်ခဲ့ကြပါတယ်။
စမ်းသပ်ခံတဲ့သူတွေကို သူတို့ရဲ့အတွေးအခေါ်၊ ခံစားမှုတွေနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်လေ့ ရှိသလဲဆိုတာကို မေးမြန်းခဲ့ကြပါတယ်။
မိမိကိုယ်ကိုပြန်လည်သုံးသပ်လေ့ရှိသူတွေက မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဦးနှောက်ကျန်းမာရေးတို့မှာ ပိုမိုသာလွန်ကြကြောင်း 'ဟာရီယက်ဒမ်နစ်ဇ်ကင်း'ရဲ့တင်ပြချက်ကို Neurology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
မိမိကိုယ် မိမိသုံးသပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာအချက်များနဲ့မသက်ဆိုင်ဘဲ ဘယ်သူမဆိုဆောင်ရွက်နိုင်ပါတယ်။
ဒီလိုသုံးသပ်ခြင်းက ဘာကြောင့်မှတ်ဉာဏ်စွမ်းရည်တွေကို ကာကွယ်ပေးနိုင်လဲဆိုတာကို သုတေသီတွေသေချာ မသိရှိသေးပါဘူး။
ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်စေသလို ခန္ဓာကိုယ်ထဲက ဖိစီးမှုကိုလျှော့ချပြီး စိတ်တည်ငြိမ်ခြင်းတိုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နေ့တိုင်းအချိန်ပေးပြီး အလုပ်အကိုင်၊ လူမှုဆက်ဆံရေးကိစ္စတွေမှာ မျှမျှတတပြန်လည်တွေးတောခြင်းက မှတ်ဉာဏ်ချိုယွင်းမှုဖြစ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။
"မိမိကိုယ်ကိုသုံးသပ်ခြင်းက ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်အောင်ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ချေကိုလည်း လျှော့ချနိုင်ဖွယ်ရှိနေပါတယ်" လို့ ဒေါက်တာ'ရစ်ချတ်အုတ်ကလေ'က ရှင်းပြခဲ့ပါတယ်။
၂၀၄၀ အရောက်တွင် ယူကေမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ဝေဒနာခံစားရသူ ၁.၆ သန်းရှိလာမယ်လို ခန့်မှန်းရပါတယ်။
Source: DailyMail
#Yangon_Media_Group
#World_Health
Published 25 July 2022
ပါးစပ်ခြောက်သွေ့လာတဲ့အခါ များသောအားဖြင့် ရေသောက်ဖို့ လိုအပ်တာ သိပြီးသားပါ။
များသောအားဖြင့် ရေသောက်ရင်ပျောက်သွားပေမယ့် တချိန်လုံးရေငတ်နေတယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ ရှိနေနိုင်တာဖြစ်ပါတယ်။
ပါးစပ်ခြောက်သွေ့ခြင်းမျိုး အချိန်ကြာရှည်စွာဖြစ်ပွားနေရင်တော့ တံတွေးထွက်ရှိခြင်းမှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ အဖြစ်များလာပြီး အသက် ၆၅ နှစ်နဲ့အထက်လူကြီး ၃၀ ရာခိုင်နှုန်းလောက်မှာ တွေ့ရတတ်ပါတယ်။
အာခံတွင်းမှာ တံတွေးထွက်ခြင်းနည်းပါးပြီး ပါးစပ်ခြောက်သွေ့ခြင်းမျိုးက စိတ်ဖိစီးမှုများပြီး ရေသောက်နည်းတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
တံတွေးထွက်တဲ့ ဂလင်းတွေရဲ့လုပ်ဆောင်ချက် ချို့ယွင်းလာပြီး တံတွေးထွက်ရှိမှု နည်းပါးတာဖြစ်ကြောင်း ခံတွင်းကျန်းမာရေးအထူးကုဒေါက်တာ'အာယဲလက်ဇလိုတိုဂေါစကီး'က ရှင်းပြသွားပါတယ်။
"တံတွေးက ခံတွင်းကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရည်ပါ၊ အစားအစာတွေကို အရသာခံဖို့နဲ့ မျိုချဖို့အတွက် တံတွေးက အရေးပါပါတယ်၊ အစားအစာတွေနဲ့ ပွတ်တိုက်ခြင်းနဲ့ ရောဂါပိုးမွှားဝင်ရောက်ခြင်းတို့မှကာကွယ်ပေးပြီး သွားနဲ့သွားဖုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်" လို့ ပြောပြခဲ့ပါတယ်။
တံတွေးထွက်ရှိမှု ချို့ယွင်းခြင်းနဲ့ ပါးစပ်ခြောက်သွေ့ရတဲ့ အခြားအကြောင်းအရင်းတွေထဲမှာ ဆေးဝါးသုံးစွဲရခြင်း၊ ကင်ဆာရောဂါသည်များတွင် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ခုခံအားကျဆင်းရောဂါများ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ကူးစက်ရောဂါများဖြစ်တဲ့ အသည်းရောင်အသားဝါစီ၊ အေအိုင်ဒီအက်စ်၊ ဆီးချိုရောဂါ၊ ပါကင်ဆန်ရောဂါ စတဲ့အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။
ခံတွင်းခြောက်သွေ့ခြင်းပြဿနာက အသက် ၆၅ နှစ်အထက်လူကြီးတွေမှာ ပိုအဖြစ်များပေမယ့် အသက်ကြီးလာလို့ တံတွေးထွက်ရှိခြင်းနည်းလာတာမျိုးတော့ မဟုတ်ပါဘူး။
တကယ်တမ်းကတော့ တံတွေးထွက်နည်းခြင်းက ရောဂါထူပြောလာခြင်းနဲ့ သုံးစွဲရတဲ့ ဆေးဝါးတွေများလာခြင်းကြောင့်ဖြစ်ပြီး နှစ်တွေကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။
ခံတွင်းခြောက်လာတဲ့အခါ အစားဝါးရခက်ခဲခြင်း၊ မျိုချရခက်ခဲခြင်းတို့ဖြစ်လာကာ အစာခြေစနစ်နဲ့ အဟာရရရှိမှု ချို့တဲ့လာနိုင်တဲ့အပြင် သွားနဲ့ခံတွင်း ရောဂါများဖြစ်လာနိုင်ပါတယ်။
အချိန်ကြာရှည်စွာ ပါးစပ်ခြောက်သွေ့ခြင်းခံစားလာရရင်တော့ ခံတွင်းအထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ထိုအခြေအနေတွေအတွက် တံတွေးထွက်ရှိခြင်းကိုအားပေးတဲ့ ဆေးဝါးပေးခြင်းနဲ့ ပုံမှန်သုံးစွဲနေတဲ့ဆေးတွေကိုပြောင်းလဲတာမျိုး ပြုလုပ်ပေးလေ့ရှိပြီး ခံတွင်းခြောက်သွေ့ခြင်းကို အတော်လေးသက်သာစေပါတယ်။
မသက်သာစေနိုင်ဘူးဆိုရင်တော့ ပါးစပ်ခြောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါအခြေအနေတွေကို သက်သာအောင်ပြုလုပ်ပေးပါတယ်။
"သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်၊ နောက်ဆက်တွဲ အခြေအနေတွေအဖြစ်များတာကြောင့် ဆရာဝန်ရဲ့အကူအညီနဲ့ တံတွေးထွက်ရှိခြင်းကို ပုံမှန်စစ်ဆေးသင့်ပါတယ်" လို့ 'ဇလိုတိုဂေါစကီး'က ရှင်းပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 1037 of 1212