#WorldNews
Published 22 June 2022
ဂျပန်နိုင်ငံကျား/မတန်းတူညီမျှရေးဗျူရိုဝန်ကြီးများရုံးမှ စစ်တမ်းလေ့လာချက်တစ်ခုကို ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာ အသက် ၃၀ ဝန်းကျင်ရှိလူလွတ် ၄ ယောက်မှာ ၁ ယောက်နှုန်းက အိမ်ထောင်ပြုချင်စိတ်မရှိကြဘူးလို့ သိရှိရပါတယ်။
ထိုစစ်တမ်းကို ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း အသက် ၂၀ မှ ၆၀ နှစ်ကြားရှိလူပေါင်း ၂ သောင်းမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ ဝန်းကျင်အတွင်း အိမ်ထောင်မပြုချင်တဲ့ အမျိုးသမီးတွေက ၂၅.၄ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေကတော့ ၂၆.၅ ရာခိုင်နှုန်းအသီးသီးရှိကြကာ အိမ်ထောင်မပြုချင်တဲ့အကြောင်းအရင်းတွေကတော့ မတူညီကြပါဘူး။
အိမ်ထောင်မပြုချင်တဲ့အမျိုးသမီးတွေကို မေးမြန်းခဲ့ရာမှာ အကယ်၍အိမ်ထောင်ပြုလိုက်မယ်ဆိုရင် အိမ်ကိစ္စ၊ ကလေးထိန်းရတဲ့ကိစ္စ၊ လက်တွဲဖော်နဲ့ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကိစ္စတွေကို တာဝန်ယူခံစားရမှာဖြစ်တာကြောင့်လို့ အများစုက ဖြေကြားခဲ့ကြပါတယ်။
အမျိုးသမီးတွေက သူတို့ရဲ့နောက်ဆုံးနာမည်တွေကို မပြောင်းချင်ကြတာကြောင့် အိမ်ထောင်ပြုခြင်းကို ငြင်းကန်နေကြတာလည်းဖြစ်ပါတယ်။
ဂျပန်အရပ်ဘက်နဲ့ မိသားစုဥပဒေအရ မိသားစုဝင်တွေအနေနဲ့ မျိုးရိုးနာမည်တူညီရမှာဖြစ်ပြီး အများအားဖြင့် ဇနီးသည်တွေက နောက်ဆုံးနာမည်ပြောင်းလဲရလေ့ရှိပါတယ်။
အိမ်ထောင်မပြုချင်တဲ့ အမျိုးသားလူလွတ်တွေကတော့ လွတ်လပ်မှုကိုလိုချင်ပြီး အိမ်ထောင်သည်ဘဝကိုထောက်ပံ့ဖို့ ငွေကြေးအလုပ်အကိုင် မပြည့်စုံတာကြောင့်ဖြစ်တယ်လို့ ဖြေဆိုကြပါတယ်။
ဒါ့အပြင် အသက် ၂၀ မှ ၃၉ နှစ်ကြားအမျိုးသား ၃၆.၂ ရာခိုင်နှုန်းက လက်ထပ်ဖို့အထိ နှစ်သက်လောက်တဲ့လက်တွဲဖော်မျိုး မဆုံတွေ့သေးတာကြောင့်လို့လည်း ဆိုပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ တစ်ခါမှချိန်းမတွေ့ဖူးတာကြောင့်လည်း ပါဝင်နေပါတယ်။
သုတေသီတွေကစစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ရာ အသက် ၃၀ ဝန်းကျင် ဂျပန်လူလွတ်အမျိုးသား ၃၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေနဲ့တစ်ခါမှချိန်း မတွေ့ဖူးကြဘူးလို့ သိရှိရပါတယ်။
အာရှနိုင်ငံတွေမှာ အိမ်ထောင်မပြုဘဲ ကလေးယူလေ့မရှိကြတဲ့အပြင် ဂျပန်နိုင်ငံကလူတွေ အိမ်ထောင်မပြုချင်ကြတာကြောင့် ကလေးမွေးဖွားမှုနှုန်းက ဒီထက်ပိုကျဆင်းလာဖို့ ရှိနေပါတယ်။
နိုင်ငံရဲ့လူဦးရေကျဆင်းလာတဲ့အပြင် ကလေးမွေးဖွားမှုနှုန်းက ဒီထက်ပိုလျော့ကျလာဖွယ်ရှိတာကြောင့် ဂျပန်အနေနဲ့ အလုပ်သမားဝန်ထမ်းရှားပါးမှုနဲ့ ရေရှည်စီးပွားရေးပြဿနာများကြုံတွေ့လာရနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
Source: Insider
#Yangon_Media_Group
#WorldRecord
Published 21 June 2022
မက္ကဆီကိုစီးတီးမြို့တော် ဗဟိုပလာဇာမှာ လူပေါင်း ၁၄,၂၉၉ ယောက်ပါဝင်တဲ့ ကမ္ဘာ့အကြီးမားဆုံးလက်ဝှေ့သင်တန်းကို လက်ခံကျင်းပခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ကြောင်း မြို့တော်ဝန်'ကလော်ဒီယာရှိန်းဘမ်း'က စနေနေ့က ကြေညာလိုက်ပါတယ်။
#Yangon_Media_Group
Published 21 June 2022
ကမ္ဘောဒီးယားနိုင်ငံက တံငါသည်တစ်ဦးဟာ မဲခေါင်မြစ်ထဲကနေ ကမ္ဘာ့အကြီးဆုံးလို့ မှတ်ယူနိုင်တဲ့ ရေချိုငါးကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိပ္ပံပညာရှင်တစ်ဦးကပြောပါတယ်။
အဲဒီငါးကြီးဟာ အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိတဲ့ ငါးလက်ထုံဖြစ်ပြီး ပါးဟပ်ကနေ အမြီးအထိ ၁၃ ပေ အလျားရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က အဲဒီငါးကြီးကို ဖမ်းမိတာဖြစ်ပြီး သူ့ရဲ့ အပြုအမူတွေကို စောင့်ကြည်လေ့လာလို့ရအောင် ကတ်ပြားတစ်ခု ချိတ်ဆွဲပေးပြီး မြစ်ထဲပြန်လွှတ်ပေးလိုက်ပါတယ်။
ဒီငါးကြီးဟာ ယခင်က ၂၀၀၅ခုနှစ်မှာ ထိုင်းနိုင်ငံမှာ အကြီးဆုံးအဖြစ် ဖမ်းမိခဲ့တဲ့ မဲခေါင်ငါးခူကြီးထက် ပိုကြီးပါတယ်။အဲဒီတုန်းက ငါးခူကြီးဟာ အလေးချိန် ၂၉၃ ကီလိုရှိပါတယ်လို့ အမေရိကန်ရန်ပုံငွေနှင့်လည်ပတ်နေတဲ့ မဲခေါင်သုတေသနစီမံကိန်းက ပြောပါတယ်။
အခု ငါးလက်ထုံကြီး ကို ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ဆတွန်ထရန်းပြည်နယ်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး မြေနိမ့်ပိုင်းမှာ နေတဲ့ လူဝံထက် အလေးချိန်နှစ်ဆစီးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
“ မြစ်တွေကန်တွေက ငါးကြီးတွေကို နှစ်ပေါင်း ၂၀လေ့လာခဲ့ရာမှာ ဒီငါးက ကျွန်တော်တို မှတ်တမ်းတင်ထားသမျှ ကမ္ဘာပေါ်မှာ အကြီးဆုံးရေချိုငါးတစ်ကောင်ဖြစ်တယ်”လို့ မဲခေါင်၏အံမခန်းစရာများ စီမံချက်ရဲ့ ဦးဆောင် ငါးဇီဝဗေဒပညာရှင် ဇက်ဘ်ဟိုဂန်ကပြောပါတယ်။
“ ဒီတွေ့ရှိမှုဟာ အတော့်ကိုအံ့အားသင်စရာပဲ။ ဒီမျိုးစိတ်တွေနှင့် သူတို့ကျက်စားတဲ့ မြစ်တလျောက် ဆန်းကြယ်တဲ့ ဝန်းကျင်ကိုပိုပြီးနားလည်ဖို့ ကြိုးစားရမယ်” လို့ သူကပြောပါတယ်။
သုတေသနပညာရှင်တွေဟာ အသံပါတဲ့ကတ်ကလေးတစ်ခုကို ငါးမှာချိတ်တွဲပေးလိုက်ပြီး မြစ်ထဲပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ဆန်းကြယ်တဲ့အပြုအမူတွေကို စောင့်ကြည့်လေ့လာနိုင်ဖို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ဒီပြည်နယ်ထဲမှာပဲ လေးမီတာအရှည်ရှိပြီး ၁၈၀ကီလိုအလေးချိန်ရှိတဲ့ ငါးလက်ထုံတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
မဲခေါင်မြစ်ထဲမှာ ငါးမျိုးစိတ်ပေါင်း တစ်ထောင်ကျော် ကျက်စားနေပါတယ်။ ငါးလက်ထုံတစ်မျိုးတည်း ငါးကြီးမဟုတ်ပါဘူး။ သုံးမီတာအထိ အလျားရှိပြီး ၂၇၀ကီလိုအထိ အလေးချိန်ရှိတဲ့ငါးခူကြီးတွေနှင် Berb(ဘတ်)ငါးကြီးတွေလည်း မဲခေါင်မြစ်ထဲ ရှိနေပါတယ်။
မဲခေါင်မြစ်ဟာ တရုတ်နိင်ငံက မြစ်ဖျာခံပြီး လာအို၊မြန်မာ၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းတဲ့ နာမည်ကျော်မြစ်တစ်စင်းဖြစ်ပါတယ်။
Source: AFP
Published 21 June 2022
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်က နင်ဂါစီရင်စုမှာ တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေး လုပ်သားတွေဟာ တောဆင်ရိုင်းတစ်အုပ်လုံး နေ့လယ်နေ့ခင်း တစ်ရေးအိပ်စက်အနားယူနေကြတဲ့ ကြုံတောင့်ကြုံခဲ ရှားပါး ဗွီဒီယိုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ ဆင်ရိုင်းတစ်အုပ်ဟာ အဲဒီစီရင်စုထဲက ရွာတစ်ရွာအနီး သစ်တောထဲမှာ အေးအေးလူလူ အိပ်မောကျနေကြတာပါ။
ဆင်ပေါက်ကလေးတစ်ကောင်ပါဝင်တဲ့ ဆင်ခုနှစ်ကောင်အုပ်စုဟာ အဲဒီနေ့က အစာရှာဖွေကြပြီးနောက် သူတို့ထဲက ဆင်ငါးကောင်က ကုန်းကမူစွန်းကလေးမှာ လှဲချပြီး အနားယူအိပ်စက်ကြတဲ့အခါ အခြား ဆင်ကြီးနှစ်ကောင်က သူတို့ဘေးနားမှာ စောင့်ကြပ်ရပ်ပေးနေကြပါတယ်။
ဗွီဒီယိုထဲမှာ ဆင်ပေါက်ကလေးဟာ သူမိဘတွေကြားမှာ မှိန်းနေတာကိုကြည့်ရတာ နွေးထွေးတဲ့မိသားစုလေးလို ကြည်နူးစရာဖြစ်ပါတယ်။
ဆင်ပေါက်ကလေး တစ်နှစ်ခွဲ ဒါမှမဟုတ် (၂)နစ်သားကလေးလောက်ပဲရှိဦးမယ်။ ကျန်းမာတယ်။လက်ရှိမှာ မြက်စိမ်းတွေကိုစားတယ်။မိခင်ဆင်မကြီးရဲ့နို့ကို တစ်ခါတစ်ခါစို့တယ်။ လေးနှစ်သားအထိ ဒီအတိုင်းစားသောက်နေဦးမှာ ဖြစ်တယ်လို့ နင်ဂါစီရင်စု၊ မန်းရှင်း သစ်တောဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဝန်စီးချီးကပြောပါတယ်။
ဆင်အုပ်တွေဟာ ရွာအနီးမှာ ဒီနှစ်အတွင်း လေးကြိမ်လောက် လှည့်လည်သွားလာကြတာတွေ့ရတယ်လို့ စောင့်ကြည့်နေတဲ့အလုပ်သမားတွေက ပြောပါတယ်။
လူသားတွေနှင့်ဆင်တွေ အန္တရာယ်ကင်းစေဖို့ ဆင်တွေကို ဒရုန်းတွေနှင့်စောင့်ကြည့်နေပြီး အချိန်မီ သတိပေးနိုင်အောင် သက်ဆိုင်ရာကဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
Source CCTV+
Published 21 June 2022
လက်ရှိ G20 ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီလကုန်မှာ မော်စကိုကို သွားရောက်ပြီး ရုရှားသမ္မတ ဗလက်ဒီမာပူတင်နှင့် တွေ့ဆုံစကားပြောမယ်လို့ အင်ဒိုနီးရှား နိုင်ငံပိုင်သတင်းအေဂျင်စီက လုံခြုံရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ပါတယ်။
ယခုနှစ် G20 ထိပ်သီးအစည်းဝေးဟာ ယူကရိန်းစစ်ပွဲအရိပ်ထိုးခံနေရပီး အချို့ အနောက်နိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ဖို့နှင့် ရုရှားကို အစည်းအဝေးကနေ ဖယ်ထုတ်ဖို့ ခြိမ်းခြောက်နေချိန်မှာ အင်ဒိုနီးရှားဟာ အုပ်စုအတွင်းညီညွတ်မှု ရရှိအောင် ကြိုးစားနေရတာြဖစ်ပါတယ်။
ဂျိုကိုဝီလို့ အများသိကြတဲ့ အင်ဒိုနီးရှားခေါင်းဆောင်ဟာ သမ္မတပူတင်နှင် ဇွန်၃၀ရက်မှာ တွေ့ဆုံမယ်လို့ နိုင်ငံပိုင်သတင်းဌာန အင်တာရာက ပြောပါတယ်။
“မှန်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်ပါ” လို့ လုံခြုံရေးညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မာဖဒ်အမ်ဒီက သမ္မတအိမ်တော်မှာ တနင်္လာနေ့က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရုရှားအစိုးရသတင်းဌာန တပ်စ်ကလည်း ဒီသတင်းကို အတည်ပြုရေးသားပါတယ်။
ရုရှားကို မသွားခင်မှာ ဂျိုကိုဝီဟာ ဂျာမနီကိုသွားရောက်ပြီး ဇွန်၂၆ကနေ ၂၈ အထိ G7 ထိပ်သီးအစည်းအဝေး တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ ရုရှားကိုမရောင်ခင် ယူကရိန်းမှာ တစ်ထောက်နားဖို့လည်း စဉ်းစာနေတယ်လို့ ပြည်တွင်းမီဒီယာတွေက ရေးသားကြပါတယ်။
နိုဝင်ဘာလမှာ ဘာလီတွင်ကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကကိုလည်း ဖိတ်ကြားမယ်လို့ အင်ဒိုနီးရှားက ဧပြီလမှာကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပူတင်ကိုဖိတ်ကြားတာကိုလည်း ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကနေဒါသမ္မတ ဂျပ်စတင် ထရူးဒေါ နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ဟာ ရုရှားသမ္မတ တက်ရောက်မှာကို ဆန့်ကျင်သူတွေအထဲမှာ ပါဝင်နေပါတယ်။
ဘယ်လိုဖြစ်ဖြစ် တက်မယ်လို့ ဩစတြေလျဝန်ကြီးချုပ် အန်သိုနီအယ်ဘန်နီဆီက ဒီလအတွင်း ဂျာကာတာရောက်စဉ် အတည်ပြုခဲ့ပါတယ်။
Source: Reuters
#DailyNews
Published - 21 June 2022
၁။ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုတွင် လက်ဗွေရာတွေ့သည်ဆိုသော မြန်မာနိုင်ငံသားတစ်ဦးအတွက် အာမခံရရှိရေးလုပ်ဆောင်မည်
၂။ ဆရာတော်၊ သံဃာတော်များ၏ ပုံတူများကို ဆီလီကွန်ပုံတူတော်ပြုလုပ်ပြီး ပူဇော်သူများနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် လူအများဆုံးပါဝင်သည့် လက်ဝှေ့သင်တန်းကျင်းပပြီး ကမ္ဘာ့စံချိန်အသစ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldBusiness
Published 21 June 2022
ရုရှားနိုင်ငံမှ ဓာတ်ငွေ့ထောက်ပံ့မှုများလျှော့ချလာတဲ့အပြင် လောင်စာမဖြည့်ထားနိုင်ရင် ဥရောပနိုင်ငံတွေအနေနဲ့ ဆောင်းရာသီရောက်တဲ့အခါ လောင်စာအခက်အခဲဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ရုရှားဓာတ်ငွေ့ဝယ်ယူသုံးစွဲနေရတဲ့ နိုင်ငံတွေက အခြားနည်းလမ်းဖြင့်လောင်စာရရှိဖို့ကြိုးပမ်းနေကြပြီး ကျောက်မီးသွေးဖြင့် လောင်စာထုတ်လုပ်လာဖွယ်ရှိနေပါတယ်။
ဓာတ်ငွေ့ဈေးနှုန်းများ တဟုန်ထိုးတက်နေတဲ့ အခက်အခဲအပြင် ငွေကြေးဖောင်းပွခြင်းကို တိုက်ဖျက်နေရတဲ့ မူဝါဒချမှတ်ရေးသမားတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကိုလည်း အကူအညီဖြစ်စေရန် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ အသုံးပြုဖို့ ဂျာမနီ၊ အီတလီ၊ ဩစတြီးယား၊ နယ်သာလန်နိုင်ငံတို့က အသိပေးလိုက်ပါတယ်။
နယ်သာလန်အစိုးရက ကျောက်မီးသွေးသုံးစွမ်းအင်စက်ရုံများကို စတင်အသက်သွင်းပြီး စွမ်းအင်ကျပ်တည်းမှုကို ဖြေရှင်းမယ့်အစီအစဉ် ပထမအဆင့်ကို စတင်တော့မယ်လို့ တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။
ရုရှားဓာတ်ငွေ့ပေးပိုမှု မသေချာတာကြောင့် ဒိန်းမတ်နိုင်ငံကလည်း အရေးပေါ်ဓာတ်ငွေ့အစီအစဉ်ပထမအဆင့်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom က ဓာတ်ငွေ့ထောက်ပံ့မှုအချို့တဝက်သာပေးပို့တော့မှာဖြစ်ကြောင်း အီတလီလောင်စာကုမ္ပဏီ Eni ကို တနင်္လာနေ့က အသိပေးခဲ့တာကြောင့် အီတလီနိုင်ငံကလည်း စွမ်းအင်အခြေအနေနဲ့ပတ်သက်ပြီး အရေးပေါ်ထုတ်ပြန်ရမယ့်အနေအထားနဲ့နီးကပ်လာနေပါပြီ။
ရုရှားဓာတ်ငွေ့ထောက်ပံ့မှု လျော့ကျသွားတဲ့ ဂျာမနီနိုင်ငံကလည်း ဓာတ်ငွေ့သိုလှောင်မှုပမာဏကို တိုးမြှင့်ဖို့ အစီအစဉ်ကိုကြေညာလိုက်ကာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများပြန်လည်စတင်ဖို့ ကြေညာလိုက်ပါတယ်။
"ဒါခက်ခဲပေမယ့် ဓာတ်ငွေ့သုံးစွဲမှုလျှော့ချဖို့ မဖြစ်မနေ လိုအပ်လာပါတယ်၊ ဒီလိုမလုပ်ဘူးဆိုရင် ဒီနှစ်ကုန်ဆောင်းရာသီကျရင် လောင်စာမလုံလောက်တဲ့ ပြဿနာကြုံတွေ့လာရနိုင်ပါတယ်" လို့ စီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘက်ခ်'က ဆိုလိုက်ပါတယ်။
ဂျုံအဓိက တင်ပိုတဲ့နိုင်ငံဖြစ်သလို ဥရောပကိုဓာတ်ငွေ့ပေးပိုရာလမ်းကြောင်းဖြစ်တဲ့ ယူကရိန်းကို ရုရှားတို့ကျူးကျော်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ဥရောပအနေနဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမယ်လို့ ရုရှားတို့က အစောပိုင်းက ဝေဖန်ခဲ့ပါတယ်။
မြင့်တက်လာတဲ့ လောင်စာဆီဈေးနှုန်းတွေ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ၃ နှစ်ကနေ ၅ နှစ်လောက်အထိကြာနိုင်တယ်လို့ ဂျာမနီနိုင်ငံမှ အကြီးဆုံးစွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီ RWE ရဲ့အမှုဆောင်အရာရှိချုပ်'မားကပ်စ်ခရက်ဘာ'က ဆိုပါတယ်။
ဥရောပရဲ့ အကြီးမားဆုံးစီးပွားရေးကို အဓိကထောက်ပံ့ပေးပြီး ဂျာမနီကနေ ရုရှားဓာတ်ငွေ့များဖြတ်သန်းလာတဲ့ Nord Stream 1 ပိုက်လိုင်းကနေ တနင်္လာနေ့အထိ ၄၀ ရာခိုင်နှုန်းလောက် ဓာတ်ငွေ့လွှတ်နေဆဲဖြစ်ပါတယ်။
ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများ ပြန်လည်ပတ်ပါက ဓာတ်အားသိုလှောင်မှု ၁၀ ဂစ်ဂါဝက်လောက်ထားရှိနိုင်မှာဖြစ်ကြောင်း ဂျာမနီစီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကျောက်မီးသွေးသုံးစွဲရေးအပြင် ဂျာမနီရဲ့နောက်ဆုံးဆောင်ရွက်ချက်တွေထဲမှာ ဓာတ်ငွေ့သုံးစွဲမှုလျှော့ချရေးအား ပေးဖိုနဲ့ ဓာတ်ငွေ့သိုလှောင်ရေး အလျင်အမြန်လုပ်ဆောင်နိုင်ဖို့ ငွေကြေးအကူညီများရယူဖို့ တိုင်ပင်လာကြပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1041 of 1180